မြိတ်တွင် စည်းကမ်းမဲ့ယာဉ်မှ ဒဏ်ငွေ လစဉ် ကျပ်သိန်းခြောက် ဆယ်ဝန်းကျင် ရရှိ

0
1784

မြိတ်မြို့တွင် စည်းကမ်းမဲ့ယာဉ်များမှ ရရှိသည့် ဒဏ်ငွေမှာ လစဉ်ကျပ်သိန်း ခြောက်ဆယ်ဝန်းကျင် ရှိနေကြောင်း အမှတ် ၇၆ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုက ပြောကြားသည်။

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်၊ မြိတ်နှင့် ကော့သောင်းမြို့များအပါအဝင် တစ်တိုင်းလုံးတွင် အောက်တိုဘာလ ၂၅ ရက်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း ပညာပေးလုပ်ငန်းများ ပြုလုပ်ခဲ့သည်။

မြိတ်မြို့တွင် ယာဉ်စည်းကမ်းလမ်း စည်းကမ်း ပညာပေးလုပ်ငန်းများပြုလုပ်နေသော ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး (မြိတ်) မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုက မြိတ်မြို့တွင် လစဉ်အရေးယမှုူနှင့် ပတ်သက်၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ပျမ်းမျှအားဖြင့် သိန်းငါးဆယ်နှင့် ခြောက်ဆယ်အကြားဖြစ်ပါတယ်”ဟု ဒုရဲမှူးကိုကိုက ပြောသည်။

စည်းကမ်းမဲ့မောင်းနှင်သည့် မော်တော်ယာဉ်အားဖမ်းဆီးကာ တရားရုံးသို့တင်ပို့ခဲ့ပြီး တရားရုံးမှ ဒဏ်ငွေချမှတ်ခြင်းဖြစ်ကြောင်း တပ်ဖွဲ့စုမှူး ဒုရဲမှူးကိုကိုက ဆိုသည်။

မော်တော်ယာဉ်များတွင် နံပါတ်ပြား မတပ်ခြင်း၊ နံပါတ်ပြားမထင်ရှားခြင်း၊ အခြားနံပါတ်များအား တပ်ဆင်အသုံးပြုခြင်း စသည်တို့ကို လုပ်ဆောင်ပါက ပုဒ်မ-၆၀ အရ သုံးလထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံး ဖြစ်စေချမှတ်ခြင်းခံရမည်ဖြစ်ကြောင်း ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေး လက်ကမ်းစာစောင်ပါ ပြစ်မှု/ ပြစ်ဒဏ်များတွင် ဖော်ပြထားသည်။

ထို့ပြင် ယာဉ်မောင်းလိုင်စင် လက်ဝယ် မထားခြင်း၊ ဦးထုပ်မဆောင်းခြင်း၊ နောက် ကြည့်မှန်ကိုင်းမတပ်ဆင်ခြင်း၊ အသက်ကယ်ထိုင်ခုံခါးပတ်မတပ်ဆင်ခြင်း၊ အိတ်ဇောရှိ အသံထိန်းကိရိယာမပါဘဲ မောင်းနှင်ခြင်းတို့ကို ပုဒ်မ-၆၂ အရ ကျပ်သုံးသောင်းထက် မပိုသောငွေဒဏ် ချမှတ်ကြောင်း ပြစ်မှု/ပြစ်ဒဏ်များတွင် ရေးသားထားသည်။

မြိတ်မြို့တွင် ယာဉ်အန္တရာယ်များ လျော့နည်းစေရေးအတွက် အသိပညာပေးဟောပြောပွဲများကို တစ်လလျှင် ၁၅ ကြိမ် ခန့်ပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။

ကျောင်းသား/သူများနှင့် ဌာနဆိုင်ရာ အချို့၏ ပါဝင်ပူးပေါင်းမှုဖြင့် ယာဉ်စည်း ကမ်း/လမ်းစည်းကမ်း အသိပညာပေးပွဲ တစ်ရပ်ကို မြိတ်မြို့တွင် အောက်တိုဘာ လ ၂၅ ရက်က လေယာဉ်ကွင်းလမ်းမကြီး၊ မြို့မအားကစားကွင်းအရှေ့နှင့် ပုလဲရတနာခန်းမ အရှေ့တို့တွင် ပြုလုပ်ခဲ့သည်။

ထားဝယ်မြို့တွင်လည်း အာဇာနည်လမ်းနှင့် ကမြောကင်းလမ်းတို့တွင် ပညာပေးမှုများ ပြုလုပ်ခဲ့သည်။

မြင့်မိုရ်(မြိတ်)