ဒေသခံကမ်းဝေးငါးဖမ်းလှေများ VMSတပ်ဆင်ရန် အခက်အခဲရှိဟုဆို

0
907
ဓါတ်ပုံ - Thant Zin's FB

ဒေသလိုအပ်ချက်အရ ဒေသခံ ကမ်းဝေးလိုင်စင်ထုတ်ပေးထားသော ငါးဖမ်းလှေများသည် VMS စနစ်ကို တပ်ဆင်ရန် အခက်အခဲရှိနေကြောင်း ယင်းလှေပိုင်ရှင်များက ပြောသည်။

ဒေသခံကမ်းဝေး(တဝ) လှေများ အပါအဝင် ကမ်းဝေးငါးဖမ်းလှေများ အားလုံး VMS စနစ်တပ်ဆင်ရမည်ဟု ငါးလုပ်ငန်းဦးစီးဌာနက ထုတ်ပြန်ထားသည့်အပေါ် လှေပိုင်ရှင်များက ပြောဆိုခဲ့ ကြခြင်းဖြစ်သည်။

ဒေသခံကမ်းဝေး(တဝ)ငါးဖမ်းလှေများသည် ကမ်းဝေး၊ ကမ်းနီးနှစ်ခုစလုံး တွင် လုပ်ကိုင်ရသည့်အတွက် ရေယာဉ်စောင့်ကြည့်ထိန်းချုပ်ရေးကိရိယာ(VMS) တပ်ဆင်လိုက်ပါက ကမ်းနီးဝင်ရောက် ချိန်တွင် အရေးယူခံရနိုင်ကြောင်း ၎င်းတို့က ဆိုသည်။

“VMSတပ်ရမယ်လို့ ပြောလိုက် တာဟာ မင်းတို့လှေတွေ နားလိုက်ကြ တော့လို့ ပြောလိုက်တာနဲ့ အတူတူပါပဲ”ဟု မြိတ်ခရိုင်ကင်းမွန်(ငါး)ဖမ်းလှေရှင်များအသင်းမှ ဒုဥက္ကဋ္ဌ ဦးထွန်းဗိုလ်က ပြောသည်။

VMSစနစ်ကို ပထမသုတ်အနေ ဖြင့် ကမ်းဝေးလှေကြီးများတွင် တပ်ဆင် ပြီးမှသာ ဒေသခံကမ်းဝေး(တဝ)လှေ များ၏ သဘောသဘာဝကို ပညာရှင်များ လေ့လာဆန်းစစ်ပြီး ဒုတိယသုတ်အနေ ဖြင့် တပ်သင့်/မသင့် အစိုးရအနေဖြင့် ဆုံးဖြတ်စေချင်ကြောင်း ၎င်းတို့က ဆိုသည်။

“ဒေသခံကမ်းဝေးဆိုတဲ့ သူ့ရဲ့ရပိုင် ခွင့်နဲ့ သူ့ရဲ့အခက်အခဲ လုပ်ငန်းသဘော သဘာဝကို ဂဃနဏ လေ့လာပြီးမှ လုပ်စေချင်တယ်။ ဖုတ်ပူမီးတိုက်လုပ်ရင်တော့ နောက်ဆက်တွဲ ပြဩဿနာတွေ အများကြီး ရှိလာနိုင်တယ်”ဟု မြိတ် ခရိုင်ကင်းမွန်(ငါး)ဖမ်းလှေရှင်များအသင်း တွဲဖက်အတွင်းရေးမှူး ဦးဌေးလှိုင်က ပြောသည်။

တနင်္သာရီတိုင်းအတွင်း ဒေသခံကမ်းဝေး(တဝ)လိုင်စင်ရှိသည့် ငါးဖမ်းလှေ ၃၀၀ ကျော်ရှိကြောင်း သိရသည်။

ကိုဆန်း