တရုတ်ဝယ်လက်မရှိသဖြင့် ထားဝယ်ဖာလာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျောက်နေ

0
1132

တရုတ်ဝယ်လက်မရှိသဖြင့် ထားဝယ် ဒေသထွက်ဖာလာ နှစ်နှစ်ဆက်တိုက် ဈေးကွက်ပျက်(ပျောက်)နေသည်ဟု ထားဝယ်မြို့မှ ဖာလာဝယ်ယူရောင်းချသည့် ပွဲရုံလုပ်ငန်းရှင်အချို့က ဆိုသည်။

ထားဝယ်ဒေသထွက် ချဉ်ပေါင် ဖာလာကို သီးသန့်စိုက်ပျိုးသူနည်းပါးပြီး ဥယျာဉ်ခြံမြေများတွင် အလေ့ကျပေါက် ရောက်လေ့ရှိသည့် ဖာလာများကို တောင်သူများက ခူးရောင်းကြသည်ဟု ဖာလာရောင်းဝယ်သည့် ပွဲရုံလုပ်ငန်းရှင် များအချို့က ပြောသည်။

ဒေသထွက်ဖာလာမှာ အရည်အသွေး မမီသဖြင့် တောင်ငူဖာလာများဖြင့်ရောနှောရောင်းချရပြီး တောင်ငူဖာလာဈေး ကွက်ကို မှီခိုရောင်းချနေရသည်ဟု ထားဝယ်မြို့ တောင်ပို့ကျေးရွာမှ ဖာလာ ဝယ်ယူရောင်းချနေသည့် ပွဲရုံပိုင်ရှင် ကိုသန့်ဇင်ဌေးက ဆိုသည်။

“လက်ထဲပိုက်မိနေတဲ့ ဖာလာတွေ လည်း ရှိနေသေးတယ်။ တရုတ်တွေ ကလည်း သူတို့သတ်မှတ်ထားတဲ့ တန် ၅၀၊ ၆၀ ပြည့်ရင် နားလိုက်တာဆိုတော့ ဈေးကွက်ပျက်သွားတာ”ဟု ကိုသန့်ဇင်ဌေးက ဆိုသည်။

၂၀၁၈ ခုနှစ်ကတည်းက တရုတ် ဝယ်လက်များ မဆင်းသဖြင့် ပွဲရုံများတွင် လက်ကျန်ဖာလာများကို သိုလှောင်ထားရ သည်များရှိနေသည်ဟု ၎င်းက ပြောသည်။

ဖာလာခူးရန်အတွက် နေ့စားခ တစ်ရက် ကျပ် ၈၀၀၀ ခန့်ဖြင့်ငှားရပြီး တစ်ရက်ခူးရသည့် ဖာလာမှာ ကျပ် ၂၀၀၀၀ ဖိုးခန့်သာပြန်ရသဖြင့် တောင်သူအချို့မှာ တွက်ခြေမကိုက်သဖြင့် ခူးမရောင်းကြဘဲ အချို့မှာ ဖာလာအခြောက်လုပ်ကာ သိုလှောင်ထားကြကြောင်း ကိုသန့်ဇင်ဌေးက ဆိုသည်။

၂၀၁၉ ခုနှစ် အောက်တိုဘာလ ၁၆ ရက်အထိ အခွံဖာလာခြောက်တစ်ပိဿာလျှင် ကျပ် ၈၀၀၀ ၊ အစေ့ဖာလာအခြောက် တစ်ပိဿာလျှင် ကျပ် ၁၂၀၀၀ ၊ ဖာလာ အစိမ်းတစ်ပိဿာလျှင် ကျပ် ၅၅၀ မှ ကျပ် ၈၀၀ ပေါက်ဈေးရှိသည်ဟု ကိုသန့်ဇင်ဌေး က ပြောသည်။

ပွဲရုံတစ်ခုနှင့် တစ်ခု ဝယ်ယူသည့် ဈေးနှုန်းများ မတူကြပါ။

တရုတ်ဝယ်လက်မရှိသဖြင့် ထားဝယ် ဈေးကွက်တွင် အရောင်းအဝယ်အေးနေ ပြီး ရောင်းသူအတွက်ရော ဝယ်သူအတွက် ပါ တွက်ခြေမကိုက်ဖြစ်နေသည်ဟု ထားဝယ် အခွန်လွတ်ဈေးရှိ APK ပွဲရုံပိုင်ရှင် ဦးလှထွန်းကပြောသည်။

ထားဝယ်ဖာလာကို စက်တင်ဘာလတွင် စတင်ရောင်းကြပြီး တောင်ငူဖာလာ ကို အောက်တိုဘာလတွင် စတင် ရောင်းချကြောင်း ဦးလှထွန်းက ပြောသည်။

တရုတ်ဝယ်လက်များသည် သတ်မှတ် တန်ချိန်ရရန်အတွက် ထားဝယ်ဒေသ တောနယ်များအထိဆင်းဝယ်တတ်ပြီး ၎င်းတို့ထံတွင် လက်ကျန်ဖာလာများနေ သဖြင့် ၂၀၁၈ ခုနှစ်မှစ၍ ယခုနှစ်ထိ ထားဝယ်ဒေသသို့ ဆင်းမလာကြသဖြင့် ဈေးကွက်ပျောက်နေသည်ဟု ပွဲရုံလုပ်ငန်း ရှင်အချို့က ဆိုသည်။

ယင်းသို့ ဈေးကွက်ပျောက်နေသဖြင့် အချို့ပွဲရုံများတွင် အောက်တိုဘာလ ၁၆ ရက်အထိ လာရောက်ရောင်းချသူများ မရှိသေးဟု စုံစမ်းသိရှိရသည်။

ဖာလာကို တရုတ်ကိုယ်စားလှယ် များမှ ဝယ်ယူ၍ တရုတ်ပြည်သို့ တင်ပို့ကာ ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးဝါး ဖော်စပ်ရာတွင် အသုံးပြုပြီး မြန်မာပြည် တွင်း၌လည်း အသုံးပြုကြသည်ဟု သိရ သည်။

၂၀၁၇ ခုနှစ်က တရုတ်ဝယ်လက်များ လုဝယ်သဖြင့် အခွံဖာလာအခြောက် ၁ပိဿာလျှင် ကျပ် ၁၃၅၀၀ ခန့်၊ အခွံ ဖာလာအစိမ်းမှာ ၁ပိဿာလျှင် ကျပ် ၈၅၀ ခန့်၊  အစေ့ဖာလာ ၁ ပိဿာလျှင် ကျပ် ၂၄၀၀၀ ခန့် အထိ ပေါက်ဈေးရှိခဲ့ ကြောင်း ဖာလာလုပ်ငန်း လုပ်ကိုင်သည့် ပွဲရုံအချို့ထံမှ သိရသည်။

၂၀၁၈ ခုနှစ်တွင် အခွံဖာလာ အခြောက် ၁ ပိဿာလျှင် ကျပ် ၈၀၀၀ ခန့်၊ အစေ့ဖာလာ တစ်ပိဿာလျှင် ကျပ် ၁၈၀၀၀၊ အခွံဖာလာအစိမ်းတစ်ပိဿာလျှင် ကျပ် ၈၀၀ ခန့်သာ ဈေးရှိကြောင်း အထက်ပါပွဲရုံများထံမှ သိရသည်။

မိုးမြင့်