အမျိုးသားတစ်ဦးတွင် လက်သီးဆုပ်ထက်ကြီးသည့် ဆီးကျောက် ခွဲထုတ်

0
1125

ဆီးအိမ်အတွင်းတွင် လက်သီးဆုပ် အရွယ်ထက်ကြီးသည့် ဆီးကျောက်တည် နေသော အမျိုးသားတစ်ဦးကို အောက်တိုဘာလ ၂၂ ရက်က  ထားဝယ်ဆေးရုံကြီးတွင် ခွဲစိတ်ထုတ်ယူခဲ့သည်။

ဆီးကျောက်တည်နေသည့် လောင်းလုံး မြို့နယ်၊ ကျောက်နီမော်ကျေးရွာနေ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို အချိန် တစ်နာရီခန့်ယူကာ ခွဲစိတ်ကုသဆောင်တာဝန်ကျ ဆရာဝန်များက ခွဲစိတ်ခဲ့ကြောင်း ထားဝယ်ပြည်သူ့ဆေးရုံ ကြီးမှ ခွဲစိတ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဇော်မြင့်က ဆိုသည်။

အဆိုပါကျောက်အရွယ်အစားမှာ အလျား ငါးလက်မခွဲ၊ အနံ သုံးလက်မ ခွဲခန့်ရှိပြီး ၎င်း၏လုပ်သက်တစ်လျောက် ခွဲစိတ်ခဲ့သမျှတွင် အကြီးဆုံးအရွယ်အစားများတွင်ပါဝင်ကြောင်း ၎င်းက ပြောသည်။

ကျောက်အရွယ်အစားငယ်ပါက ချေဖျက်ပစ်၍ရသော်လည်း ယခုလူနာတွင် ကျောက်အရွယ်အစားကြီးသည့် အတွက် ခွဲစိတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေါက်တာဇော်မြင့်က ဆိုသည်။

“ကျောက်ရဲ့ အရွယ်အစားအရ နှစ်နဲ့ချီကြာပြီ၊ ဆယ်စုနှစ်လောက်လည်း ဖြစ်နိုင်တာပေါ့”ဟု ဒေါက်တာဇော်မြင့်က ပြောသည်။

ဆီးကျောက်မတည်စေရန် အရည် များများသောက်ရန်လိုအပ်ပြီး ကွမ်းယာ အပါအဝင် ထုံးဓာတ်များသည့် အစား အသောက်ကိုလည်း ရှောင်ရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

အောက်တိုဘာလ ၂၁ ရက်တွင် ထားဝယ်ဆေးရုံကြီးတွင် တက်ရောက် ကုသခဲ့ပြီး နောက်တစ်ရက်တွင် ခွဲစိတ်ခဲ့ ခြင်းဖြစ်သည်။

ပြီးခဲ့သည့်နှစ်လခန့်က အယ်ထရာ ဆောင်းရိုက်ပြီး စစ်ဆေးခဲ့ရာ ကျောက်တည် နေသည်ဟုသိရပြီး ယင်းကဲ့သို့ အရွယ် အစားကြီးလိမ့်မည်ဟု မထင်ကြောင်း ဆီးကျောက်တွေ့သည့် အသက် ၅၆ နှစ် အရွယ် အမျိုးသားက ဆိုသည်။

“ကျွန်တော်မထင်ဘူးလေ။ ဆရာဝန် တွေက ခွဲခန်းမှာပြတော့ အံ့သြသွားတယ်”ဟု ၎င်းက ပြောသည်။

အဆိုပါဆီးကျောက်အား မခွဲစိတ်မီက ဆီးသွားမကောင်းသည့်လက္ခဏာသာခံစားရပြီး နာကျင်ခံစားရခြင်းမရှိ ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။

တနင်္သာရီတိုင်းတွင် ကျောက်ကပ်အတွင်း ကျောက်တည်သည့်ရောဂါအဖြစ်များပြီး သောက်သုံးရေ၊ အစားအစာ (ပင်လယ်စာ စားသောက်ခြင်း) နှင့်လည်း သက်ဆိုင်ကြောင်း ခွဲစိတ်အထူးကု ဆရာဝန်ကြီးထံမှ သိရသည်။

Dawei Watch