ခြံရှင်ခွင့်ပြုပါက ဖိုးဖိုးကျောက် ကမ်းခြေအဝင်လမ်းပြင်မည်

0
959

ဆိုးရွားစွာပျက်စီးနေသည့် ထားဝယ်ဒေသ၏ နာမည်ကြီးဖိုးဖိုးကျောက်ကမ်းခြေ အဝင်လမ်းကိစ္စကို ပြုပြင်ချဲ့ထွင် ရန် မြေပိုင်ရှင်များက ခွင့်ပြုကြောင်း သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်မှ တင်ပြ တောင်းခံလာပါက ပြုပြင်ပေး နိုင်ကြောင်း တနင်္သာရီတိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရ က ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေသို့သွားသည့် လမ်းပိုင်းက ဌာနပိုင်လမ်းမဟုတ်သေး သည့်အတွက် ပြုပြင်ချဲ့ထွင်မည်ဆိုပါက ခြံပိုင်ရှင်များရှိနေသောကြောင့် မလိုလား အပ်သည့်ပြဿနာဖြစ်လာနိုင်ကြောင်း ၎င်းက ဆိုသည်။

ယခုနှစ်မိုးရာသီက မိုးသည်းထန် စွာရွာသွန်းခြင်းကြောင့် ညောပြင်ရွာအစပ်မှ ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားသည့် မြေသားလမ်းမှာ မော်တော်ယာဉ်မသွား နိုင်တော့သည့် အခြေအနေအထိ ဆိုးရွား စွာပျက်စီးနေသည်။

ကမ်းခြေသို့သွားရာ မြေသားလမ်း တွင် အနက်ခြောက်ပေခန့်အထိ ရှိသည့် မြောင်းကြီးများ ဖြစ်ပေါ်နေခြင်း၊ လမ်းပေါ်တွင် ကျောက်လုံးများပြန့်ကျဲနေခြင်းတို့ ကြောင့် ဆိုင်ကယ်ကို ကျွမ်းကျင်စွာ စီးတတ်သူများသာ သွားလာနိုင်သည့် အခြေအနေ ဖြစ်နေသည်။

ညောပြင်ရွာထိပ်မှ ဖိုးဖိုးကျောက် ကမ်းခြေအကြား ပျက်စီးနေသည့်လမ်း ပိုင်းမှာ ငါးဖာလုံခန့်ရှိသည်။

“သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေး မှူးတို့ လွှတ်တော်ကိုယ်စားလှယ်တို့ကနေပြီးတော့ တင်ပြတောင်းခံလာမယ်၊ အကုန်လုံး အောက်ခြေမှာClean ဖြစ် နေမယ်ဆို ကျွန်တော်တို့က လုပ်ပေးလို့ရတယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြော သည်။

သက်ဆိုင်ရာလွှတ်တော်ကိုယ်စားလှယ်များက အောက်တိုဘာလ ၂၄ ရက် အထိ  တင်ပြတောင်းခံလာခြင်းမရှိသေး ကြောင်း ၎င်းက ပြောသည်။

ဆိုးရွားစွာပျက်စီးနေသည့် အဆိုပါ လမ်းကို လက်ရှိအချိန်ထိ ပြုပြင်ပေးခြင်း မရှိသေးသည့်အတွက် ကမ်းခြေအထိ ငါးဖမ်းလှေများဖြင့် ပို့နေကြောင်း အောက် ကျောက်ဝပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမင်းက ပြောသည်။

ညောပြင်ကျေးရွာမှ ဖိုးဖိုးကျောက် ကမ်းခြေအထိ တစ်ဦးလျှင် အသွားအပြန် နှစ်ထောင်ကျပ်ဖြင့် ငါးဖမ်းလှေငယ်များ ဖြင့် ပို့ဆောင်နေသည်ဟု သိရကြောင်း ညောပြင်ကျေးရွာနေ ဦးသန်းလွင်က ဆိုသည်။

မကြာမီအချိန်တွင် အရှေ့လေတိုက် ခတ်တော့မည်ဖြစ်သဖြင့် လှိုင်းကြီးကာ အန္တရာယ်ရှိလာနိုင်ကြောင်း ၎င်းက ပြောသည်။

လက်ရှိတွင် အစိုးရတာဝန်ရှိသူများ က ပြုပြင်ပေးခြင်းမရှိသဖြင့် ဖိုးဖိုးကျောက် ကမ်းခြေရှိ စားသောက်ဆိုင်များနှင့် အလှူရှင်အချို့ ငွေကြေးထည့်ဝင်ကာ ကိုယ်ထူကိုယ်ထ ပြုပြင်ရန် စီစဉ်နေ ကြောင်း ဦးသန်းလွင်က ဆိုသည်။

“လုပ်နေတုန်းမှာ အလှူရှင်တွေ ပေါ်လာတာမျိုး၊ အစိုးရက ဘတ်ဂျက်တွေ ကျလာတာမျိုးဆိုရင် ကျွန်တော်တို့ အတွက် ဝမ်းသာစရာဖြစ်သွားမှာပေါ့”ဟု ၎င်းက ပြောသည်။

လက်ရှိပွင့်လင်းရာသီတွင် ခရီးသွား လာရောက်မှုနှုန်းမှာ ယခင်နှစ်ထက်ပိုများနေပြီး လမ်းမကောင်းသည့်အတွက် ကမ်းခြေသို့ ခြေလျင် သို့မဟုတ် ငါးဖမ်း လှေများဖြင့် သွားနေရကြောင်း အဆိုပါ ကျေးရွာမှ ဒေါ်နီနီချိုက ဆိုသည်။

“ခရီးသည်တွေလာရင် လမ်းလျှောက် သွားသူသွားပြီး လှေနဲ့ သွားတဲ့သူသွားနေ ကြတယ်”ဟု ဒေါ်နီနီချိုက ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေမှာ သဲဖြူ ဖွေးပြီး ရေသန့်ရှင်းကြည်လင်သည့်အတွက် နာမည်ကြီးလာသည့် ကမ်းခြေ တစ်ခုဖြစ်ပြီး နိုင်ငံအနှံ့မှ ခရီးသွားအများ အပြား လာရောက်လည်ပတ်လေ့ရှိသည်။

ကိုဇော်