မြိတ်ရေနံမြေ နံနက်ငါးဈေး နေရာထပ်ပြောင်း

0
537

ရေနံမြေရပ်ကွက်တွင် ရောင်းချနေသည့် နံနက်ခင်းငါးဈေးကို အင်းလေးမြိုင် ရပ်ကွက်ရှိ အပြည်ပြည်ဆိုင်ရာ ငါးလေလံ ဈေးသို့ အောက်တိုဘာလ ၂၆ ရက် ညက ပြောင်းရွှေ့ခဲ့သည်။

အဆိုပါငါးဈေးသည် လွန်ခဲ့သည့် ၁၇ နှစ်မှစ၍ ရပ်ကွက်သားများ ကန့်ကွက်မှုကြောင့် အနည်းဆုံး နေရာ ၁၀ နေရာခန့်တွင် ပြောင်းရွှေ့ခဲ့ပြီး ယခု နောက်ဆုံး ယင်းနေရာသို့ရောက်လာခဲ့ခြင်း ဖြစ်ကြောင်း ဈေးတာဝန်ခံ ဦးတင်အောင် ကပြောသည်။

ငါးဈေးမကြာခဏ ပြောင်းရွှေ့နေရသည့်အပေါ် လွှတ်တော်ကိုယ်စားလှယ်များ အရပ်ဘက်အဖွဲ့အစည်းများနှင့် ဈေးရောင်းသူများက ကမ်းလှမ်း အကူညီ တောင်းလာသည့်အပေါ် အပြည်ပြည် ဆိုင်ရာ ငါးလေလံဈေးတွင် လာရောက် ရောင်းချရန် လက်ခံခဲ့ကြောင်း အပြည် ပြည်ဆိုင်ရာငါးလေလံဈေး၏ ဒါရိုက်တာ ဒေါ်ဌေးဌေးဝင်း ကပြောသည်။

ပထမနေ့ လက်ရှိအချိန်တွင် ဆိုင်ခန်း ၅၀ နီးပါးခန့် လာရောက်ရောင်းချနေပြီး ယခုနှစ်ကုန်သည်အထိ မည်သည့် အခကြေးငွေမျှ ပေးဆောင်စရာမလိုဘဲ နောက်လာမည့်နှစ်များတွင်လည်း လုပ်ငန်း အပေါ်မူတည်ကာ ဈေးသည်များနှင့် ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ဒေါ်ဌေးဌေးဝင်းက ဆိုသည်။

“ဒီမှာကသပ်သပ်ရပ်ရပ်နဲ့ မိုးလည်း လုံ၊ လေလည်းလုံ ဆိုတော့ အရင်ဈေး နေရာတွေထက် ပိုပြီးကျွန်မတို့အတွက် အဆင်ပြေသွားတာပေါ့”ဟု ဈေးရောင်းသူ ဒေါ်နီလာသန်းက ပြောသည်။

ယခင်ငါးဈေးများသည် ရပ်ကွက် အတွင်း ဖြစ်နေပြီး နေရာကျဉ်းသည့် အတွက် ဈေးသည် အရေအတွက်များစွာ ရောင်းချနိုင်မှုမရှိခြင်း၊ မကြာခဏပြောင်း ရွှေ့နေရခြင်း၊ ညနက် ၁၂ နာရီကျော်မှ ရောင်းချခွင့်ပြုခြင်းတို့ကြောင့် အဆင်မပြေဟု ဆိုသည်။

ယခုငါးဈေးသည် ည ၇ နာရီမှ ည ၁၂ နာရီအထိ ရောင်းချနိုင်သည့် အတွက် သွားလာရောင်းချရန် ပိုပြီးအဆင် ပြေသည်ဟု ဈေးရောင်းသူချသူများက ပြောပြသည်။  

ထိုသို့ပြောင်းရွှေ့မှုကြောင့် ယခင်က နံနက်ခင်းငါးဈေးအဖြစ်မှ ညငါးဈေးအဖြစ် အသွင်ပြောင်းသွားပြီ ဖြစ်သည်။

Dawei Watch