မြန်မာတာဆာကီကုမ္ပဏီ ဧရိယာတိုးချဲ့မှု ဒေသခံများ သဘောမတူ

0
775

ပုလဲမွေးမြူရေး ကုမ္ပဏီတစ်ခု ဖြစ်သော မြန်မာတာဆာကီကုမ္ပဏီ၏ ဧရိယာတိုးချဲ့လာခြင်းအပေါ် ကျွန်းစု မြို့နယ် ရေကန်တောင်ကျေးရွာအုပ်စု ဒေသခံများမှ သဘောမတူကြောင်း ယင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မြန်မာတာဆာကီကုမ္ပဏီမှ တိုးချဲ့လာသည့် လငန်းကျွန်းဧရိယာသည် ဘုတ်ပြင်းမြို့နယ်နှင့် ကျွန်းစုမြို့နယ် ပိုင်နက်အတွင်း တည်ရှိနေသည်။

“အခုကကျွန်းတိုင်းမှာ ကုမ္ပဏီတွေ ပုလဲမွေးစခန်းတွေ များလာပြီဆိုတော့ ကျွန်တော်တို့ တံငါလှေတွေအနေနဲ့ သွားလာ ရှာဖွေစားသောက်မှု အခက်အခဲ ကြုံနေရသလို ခိုနားဖို့၊ ရေချိုခပ်ဖို့လည်း အခက်အခဲအများကြီး ကြုံနေရတယ်။ ဒါကိုဒေသခံအများစုက သဘောမတူကြ ဘူး”ဟု ရေကန်တောင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးမြင့်အေးက ပြောကြားသည်။

ရေကန်တောင်ကျေးရွာအုပ်စုတွင် ကျေးရွာပေါင်း ၁၆ ရွာရှိပြီး ကျေးရွာအများစုရှိ ဒေသခံများမှာ ရေလုပ်ငန်းလုပ်ကိုင်ကြ သည်။ ထိုကြောင့် ဒေသခံရေလုပ်သား များနှင့် တာဆာကီကုမ်္ပဏီနှင့် ပွတ်တိုက်မှုများ မကြာခဏကြုံနေရကြောင်း ဦးမြင့်အေးက ပြောသည်။

“နိုင်ငံတော်အခွန်ရပေမဲ့လည်း တစ်ဖက်ကဒေသခံတွေ ဆလုံတိုင်းရင်းသား တွေ ဒုက္ခဖြစ်မဲ့အနေအထားဖြစ်နေမယ်ဆို ရင် ကျွန်တော်တို့ဒေသခံတွေအနေနဲ့ လုံးဝမတိုးချဲ့စေချင်ဘူး”ဟု ၎င်းက ပြောသည်။

မြန်မာတာဆာကီပုလဲမွေးမြူရေး ကုမ္ပဏီသည် ယခင်က ကျွန်းစုမြို့နယ်၊ ဒိုမယ်ကျွန်းတွင် ပုလဲမွေးမြူရေး လုပ်ကိုင်နေရာမှ ယခုအခါ ဘုတ်ပြင်းမြို့နယ်ရှိ Sister Island Groupကျွန်းပေါ်တွင် ဧရိယာထပ်မံတိုးချဲ့လျက်ရှိသည်။

ထိုသို့ တိုးချဲ့မှုအပေါ်  ဒေသခံဆလုံ လူမျိုးများက ကန့်ကွက်လျက်ရှိသည်။

Dawei Watch