လူထုအတွက် ဖွံ့ဖြိုးရေး

0
122

ဖွံ့ဖြိုးရေးလို့ပြောရင် အခြေခံအားဖြင့် အပိုင်းနှစ်ပိုင်းရှိတယ်ဆိုတာ သိကြပြီးသား ဖြစ်ပါမယ်။ လမ်းပန်းဆက် သွယ်ရေး၊ လျှပ်စစ်မီး အစရှိတဲ့ ရုပ်ပိုင်းဖွံ့ဖြိုးမှုတွေနဲ့ ကိုယ်ချင်းစာနာမှု၊ မေတ္တာ တရားရှေ့ထားမှုနဲ့ ရေရှည်တည်တံ့တဲ့ လူမှုဝန်းကျင် အသိုက်အဝန်း ဖြစ်ထွန်း ပေါ်ပေါက်ဖို့ တစ်သီးပုဂ္ဂလမှသည် ကွဲပြားတဲ့ လူမှုအသိုက်အဝန်း တစ်ခုလုံး ကိုယ်တိုင်ကိုယ်ကျ ပါဝင်စေ့ဆော်မှုတွေအထိ ကျယ်ပြန့်တဲ့ စိတ်ပိုင်းဖွံ့ဖြိုးမှုနှစ်ပိုင်းပါ။

ဒီစာစုဟာ အထက်ပါ လူထုဖွံ့ဖြိုးမှု နှစ်မျိုးကို အကောင်အထည်ဖော်တဲ့ နေရာမှာ နိုင်ငံရေးအရ ဆုံးဖြတ်ရမယ့် အခြေခံအကျဆုံး အချက်တချို့ကို ဆွေးနွေးလိုရင်း ဖြစ်ပါတယ်။

အုပ်ချုပ်သူ အစိုးရမင်းများအနေနဲ့ လူထုဖွံ့ဖြိုးရေးကို ဘာမှမလုပ်ခင် အဦးဆုံး သိရမှာက လူထုလိုအပ်ချက် ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို ဆင်းရဲတဲ့ ဖွံ့ဖြိုးဆဲလို့ခေါ်လေ့ ရှိတဲ့ နေရာအတော်များများမှာက ဖွံ့ဖြိုးမှု လို့ ပြောလိုက်တာနဲ့ မိုးမျှော်တိုက်တွေ၊ မိုးပျံလမ်းတွေနဲ့ လျှပ်စစ်တာဝါတိုင်ကြီး တွေကိုလောက်သာ ပြေးပြေး မြင်မိလေ့ရှိ ကြပါတယ်။ ဒါက မှားသလားဆိုတော့ မမှားပါဘူး။ တစ်ဖက်က မှန်သလားလို့ ပြန်စေ့ငုမိရင်လည်း မမှန်ပါဘူး။

ဆိုလိုရင်းက ဖွံ့ဖြိုးရေးနဲ့ဆက်စပ်တဲ့ နိုင်ငံရေးဆန်တဲ့ ဆုံးဖြတ်ချက်တွေကို ချမှတ်ရာမှာ မှားခြင်း မှန်ခြင်းထက် လူထုလိုအပ်ချက်ကို ဘယ်ပုံဘယ်နည်းချဉ်း ကပ်ကြသလဲ ဆိုတာပါပဲ။

လူထုက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရမို့လို့ လူထုလိုအပ်ချက်ကို သိပြီးသားဖြစ်ပါတယ်လို့ ငြင်းချက်ထုတ် လိုက ထုတ်နိုင် ပါတယ်။ သို့သော်လည်း အဲဒီ ဝိဝါဒ ကွဲစရာ အဆိုက ရာနှုန်းပြည့် မမှန်ဘူးဆိုတာ သက်သေတွေရှိပြီးသား ဖြစ်ပါတယ်။

ပြန်ကောက်ရရင် ရုပ်ပိုင်းနဲ့စိတ်ပိုင်း ဖွံ့ဖြိုးရေးနှစ်ခုစလုံးဟာ လူ့အဖွဲ့အစည်းရဲ့ စား၊ ဝတ်၊ နေရေး အစရှိတဲ့ အခြေခံလို အပ်ချက်ကို ဖြည့်ဆည်းပေးရေးက အက်္ခရာအကျဆုံး ဖြစ်ပါလိမ့်မယ်။ အဲသည် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ရေး အပေါ်မှာ ဆွေးနွေးခဲ့တဲ့ နိုင်ငံရေးအရ ဆုံးဖြတ်ချက်တွေ ချမှတ်ကြရခြင်း ဖြစ်ပါ တယ်။

ဆုံးဖြတ်ချက်တွေမချခင် အစအဦး ဆုံး လုပ်ရမှာက အပေါ်မှာ ဆွေးနွေးခဲ့သလို လူထုလိုအပ်ချက်ကို သိဖို့ဖြစ်ပါတယ်။ လူထုဟာ ပင်လယ်စာ၊ အုန်း၊ ရော်ဘာ၊ ကွမ်းသီး၊ သီဟို၊ ဝဥ၊ ဖာလာ အစရှိတဲ့ ဒေသထွက်ကုန်ကြမ်းတွေကို မှီခိုပြီး စားဝတ်နေမှုကို ဖြေရှင်း နေရချိန်၊ အဲသည် ထွက်ကုန်တွေဟာ ဒေသအတွက် အဓိက ဝင်ငွေဖြစ်နေချိန်မှာ လူထုအတွက် ဖွံ့ဖြိုးရေး ဆိုတာကို ဆုံးဖြတ်ရင် အဲသည် အရင်းအမြစ် တွေအကြောင်းကို ထဲထဲဝင်ဝင်လေ့လာပြီး ရေရှည်အတွက် ဈေးကွက်မှာ ဘယ်လို နေရာ ရအောင်လုပ်မလဲ ဆိုတာကို မဖြစ်မနေထည့်သွင်းစဉ်းစားရဖို့  ဖြစ်ပါတယ်။

အဲဒီလိုပြောလို့ ကိုယ့်ဒေသမှာရှိတဲ့ ကုန်ကြမ်းတွေကို ဈေးကောင်းရ အောင် ထုတ်ရောင်းတာမျိုးလောက်ကိုပဲဆိုလိုတာမဟုတ်ဘဲ တစ်ဆင့်တက်ပြုပြင်မှုတွေ လုပ်ဆောင်နိုင်အောင်အထိပါ အစိုးရက ဦးဆောင်မှုပေးဖို့ ဖြစ်ပါတယ်။

နောက်တစ်ခု အရေးအကြီးဆုံးနဲ့ လူပြောအများဆုံးက အလုပ်အကိုင်အခွင့် အလမ်းပါ။ လူတွေကို အလုပ်အကိုင် နေရာများများ ဖန်တီးပေးနိုင်အောင်ဆုံး ဖြတ်ဆောင်ရွက် ရတာဟာ အစိုးရရဲ့ အရေး ကြီးလှတဲ့ တာဝန်တစ်ရပ်လည်း ဖြစ်နေပါ သေးတယ်။ ဒီမှာ ဆောင်ရွက်ဖွယ်ကိစ္စ နှစ်မျိုးရှိမယ်လို့ ယူဆပါတယ်။ လတ်တ လော အလုပ်ရရှိရေးကို ဖြေရှင်းနိုင်ရေးနဲ့ ရေရှည်မှာ လူ့စွမ်းအား အရင်းအမြစ် အစဉ်အဆက် ဖွံ့ဖြိုးရေးပါ။

များသောအားဖြင့် အခြေခံအဆောက်အဦ တည်ဆောက်ရေးလုပ်ငန်းတွေ၊ ကုန် ထုတ်လုပ်ရေးလုပ်ငန်းတစ်ချို့နဲ့ စားသောက် ဆိုင်နဲ့ ခရီးသွားလုပ်ငန်းအစရှိတဲ့ ဝန်ဆောင် မှုလုပ်ငန်းတွေဟာ ပထမတစ်မျိုးကို ဖြေရှင်းနေတယ်လို့ မြင်ပါတယ်။ ဒုတိယ တစ်မျိုး အတွက်ကတော့ အချိန်ကာလ ရှည်ကြာစွာ ရင်းနှီးမြှုပ်နှံရဖို့ ရှိနေပါတယ်။

အခြေခံအဆောက်အဦ တည်ဆောက် ရေးလုပ်ငန်းတွေအကြောင်းကို အားလုံး သိပြီးဖြစ်တာကြောင့် အထွေအထူး မဆွေး နွေး လိုတော့ပါ။ များသောအားဖြင့် လမ်း၊ တံတား၊ လျှပ်စစ်မီးရရှိရေး၊ သတ်္တုတူး ဖော်ခြင်း၊ ဓာတ်ငွေ့ပိုက်လိုင်း တည်ဆောက် ရေး အစရှိတဲ့ အခြေခံလုပ်သားတွေကို အချိန်ကာလတို တစ်ခုအထိ အလုပ်ပေး ထားနိုင်တာမျိုးတွေ ဖြစ်ပါမယ်။ ခရီးသွား လုပ်ငန်းနဲ့အချို့ဝန်ဆောင်မှုလုပ်ငန်းမျိုး တွေကတော့ ဒုတိယတစ်မျိုးဖြစ်တဲ့ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးနဲ့လည်း တစ်နည်းတစ်ဖုံဆက် စပ်နေပြန်ပါတယ်။

အခြေခံအကျဆုံး ဥပမာကို ပြရရင် တနင်္သာရီတိုင်းကနေ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံကို ရွှေ့ပြောင်းပြီး အလုပ် လုပ်ကိုင်နေကြသူ အများစုဟာ ဆောက် လုပ်ရေး၊ ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေး နဲ့ရေလုပ်ငန်းကို အခြေခံတဲ့ ကုန်ထုတ် လုပ်မှုလုပ်ငန်းတွေနဲ့ ဟိုတယ်၊ စားသောက် ဆိုင် အစရှိတဲ့ ခရီးသွားလုပ်ငန်းနဲ့ဆက်စပ် နေတဲ့ ဝန်ဆောင်မှုလုပ်ငန်းတွေမှာ အများ ဆုံး အလုပ်လုပ်ကိုင် နေကြတယ်။ အဲဒီ ကျွန်တော်တို့မိသားစုတွေ ပြည်တော် ပြန်လာနိုင်ဖို့ဆိုရင် အလားတူလုပ်ငန်း မျိုးတွေကို ဒီဘက်မှာ ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။ အဲဒါက သူတို့ နှစ်ပေါင်း များစွာကျွမ်းကျင်ပြီးသားဖြစ်တဲ့အလုပ်အကိုင်တွေလည်း ဖြစ်ပါတယ်။ ဒါပေမယ့် လည်း အထက်က အလုပ်အကိုင်တွေနဲ့ ပုံစံတူအလုပ်တွေကိုပြည်တွင်းမှာ ပြန်လုပ်နိုင်မယ်ဆိုရင်တောင် ထိုင်းနဲ့မလေးရှားက မိသားစုဝင်တွေ ပြည်တော်ပြန်လာကြပါ့ မလားဆိုတာကလည်း နောက်ထပ်မေးရ မယ့် မေးခွန်းတစ်ခုဖြစ်ပါတယ်။

အကြောင်းက ပြည်တွင်းက လူနေမှု ဘဝပုံစံ၊ အလုပ်အာမခံချက်၊ လုပ်ပျော်တဲ့ လုပ်ခလစာ ရ၊ မရဆိုတာတွေကို အာမခံချက် ဘာမှမပေးနိုင် ဖြစ်နေသေး လို့ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

ဒါတွေက အစိုးရအနေနဲ့ အိမ်သား တွေကို နေရပ်ပြန်လာဖို့ ခေါ်နိုင်ရေး စိန်ခေါ်ချက်တွေထဲက တစ်ခုလည်း ဖြစ်နေမှာပါ။

လူ့စွမ်းအားအရင်းအမြစ်အစဉ် အဆက်ဖွံ့ဖြိုးရေးမှာတော့ လုပ်စရာတွေ အပြည့်ပါ။

ကျောင်းပြင်ပ ပညာရေး၊ ဘဝရပ် တည်မှု လမ်းကြောင်း ရွေးချယ်ရှာဖွေရေးနဲ့ အဲဒီလမ်းကြောင်းတွေအတွက် လိုအပ်တဲ့ သွင်းအားစုတွေကို ဖြည့်ဆည်းနိုင်ရေးတွေ ပါဝင်ပါမယ်။ မြန်မာနိုင်ငံလိုဗဟိုချုပ်ကိုင်မှုများလွန်းတဲ့ တိုင်းပြည်မျိုးမှာ ခက်ခဲလွန်းတဲ့ အလုပ်တစ်ခုလည်း ဖြစ်နေပါတယ်။ ငွေကြေးပြည့်စုံတဲ့ သို့တည်းမဟုတ် ပထဝီအနေအထားအရ လွယ်လင့်တကူ လက်လှမ်းမီနိုင်သူ တွေသာ စွမ်းအားဖြည့်ဆည်းဖို့ အခွင့်အရေး ပိုရနေပါတယ်။

ဒီဘက်ခေတ်လူငယ်တွေအတွက် အခြေခံအကျဆုံးဖြစ်တဲ့ အင်္ဂလိပ်စာနဲ့ တခြားအရေးကြီးတဲ့ လူမှုစီမံခန့်ခွဲမှု ပညာရပ်တွေကို တနင်္သာရီတိုင်းလိုနေရာက လူငယ်တွေ ကောင်းကောင်းကန်းကန်း သင်ယူဖို့ အခွင့်အရေး သိပ်မရနေသေးပါဘူး။ ပုဂ္ဂလိက သင်တန်းကျောင်းတချို့ ရှိပေမယ့် ငွေကြေးတတ်နိုင်မှုကို ထည့်သွင်း စဉ်းစားရန်ရှိသလို တစ်ဖက် မှာလည်း အရည်အသွေးပိုင်းဆိုင်ရာအရ စိန်ခေါ်မှုတွေ ရှိနေပြန်တယ်။

လူထုဖွံ့ဖြိုးရေးလို့ပြောရင် နောက် တစ်ခု အရေးကြီးတာက လူထုရဲ့ငွေကြေးကို စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံလို သယံဇာတ ထုတ်ယူမှုလုပ်ငန်းတွေက ငွေကြေးအမြောက်အမြားရရှိတဲ့ တိုင်း ပြည်မျိုးမှာ အရင်းအမြစ်တွေထုတ်ရောင်းလို့ ရတဲ့ ပိုက်ဆံတွေ ဆုံးရှုံးမသွားရေးနဲ့ ရေရှည်ဖွံ့ဖြိုးရေးကို အထောက်အကူပြု ရေးကို ပြည်ထောင်စု အစိုးရအဖွဲ့က ဦးဆောင်လုပ်ကိုင်နေတဲ့ လုပ်ငန်းစဉ်တွေ ရှိပါတယ်။ အရေးကြီးတာက သယံဇာတ ဝင်ငွေအများဆုံး ရှာပေးနေတဲ့ တိုင်းတစ် တိုင်းဖြစ်တဲ့ တနင်္သာရီတိုင်းဟာ ဒီလို အရေးကိစ်္စတွေမှာ ရှေ့ဆောင်ရှေ့ရွက် ပါဝင်ရဖို့ ရှိပါမယ်။

အရင်းအမြစ်လို့ ပြောရင် မြေယာ၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင် စီမံခန့်ခွဲမှုတွေမှာ ဒေသနေပြည်သူလူထု တွေရဲ့ သဘောထားနဲ့ ဓလေ့ထုံးတမ်းတွေကို အစိုးရအနေနဲ့ ထည့်သွင်းစဉ်း စားဖို့ လိုလာပြန်ပါတယ်။

ဥပမာတစ်ခုအနေနဲ့ ပြောရရင် ထိုင်းနိုင်ငံက ကျေးလက်တွေမှာ သစ်တော နဲ့ရေအရင်းအမြစ်ထိန်းသိမ်းရေးလုပ်ငန်း တွေကို အစိုးရက ရွာသူရွာသားတွေကို အတိုင်းအတာတစ်ခုအထိ စီမံခန့်ခွဲခွင့် ပေးထားတာကို တွေ့ရတယ်။ ပြီးတော့ လူထုအခြေပြု ခရီးသွားလုပ်ငန်းလိုမျိုးကို ရွာသူ ရွာသားတွေ လုပ်နိုင်လာအောင် အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်း ပေးလိုက်တယ်။ ကိုယ့်ဘာသာ ကိုယ့်အိမ်၊ ကိုယ့်ခြံ ကလေးထဲမှာနေရင်း စားလို့ သောက်လို့လောက်တဲ့ ပမာဏထက် အဆများစွာပိုတဲ့ ဝင်ငွေတွေကို စီးဝင်လာ စေတယ်။ ဒါဟာ ရေရှည်တည်တံ့တဲ့ဖွံ့ ဖြိုးရေးကို အားပေးအားမြှောက်ပြုရာလည်း ရောက်ပါတယ်။

ကျွန်တော်တို့ဟာ အကြောင်းကိစ္စ အတော်များများမှာ သူများတွေဘယ်လို လုပ်သလဲ ဆိုတာကို လိုက်ကြည့်ပြီး သူများ လုပ်သလို လိုက်လုပ်လေ့ ရှိတတ်ကြတယ်။

အမှန်တကယ်တော့ ဒါဟာ အန္တရာယ် ရှိပါတယ်။ အရေးကြီးတာက ကိုယ့်မှာ ဘာရှိသလဲဆိုတာကို အသေးစိတ်လေ့လာ ပြီး အဲသည်ရှိပြီးသား အရင်းအမြစ်တွေကို ဒေသအတွက် လူ့အဖွ့ဲအစည်းအတွက် အကျိုးရှိလာမယ့် နည်းလည်းတွေကို အတူတကွ ဖန်တီးယူကြဖို့ဖြစ်ပါတယ်။ လူထုတတ်တာ၊ ကျွမ်းကျင်တာတွေ၊ ဒေသတွင်း ထွက်ကုန်တွေ၊ အရင်းအမြစ်စီမံ ခန့်ခွဲမှု၊ ကုန်ထုတ်လုပ်မှုနဲ့ ကုန်သွယ်စီး ပွားလုပ်ငန်းဖြစ်ထွန်းမှုတွေ အကြောင်းကို ဒေသအမြင်၊ ပညာရပ်အမြင်၊ သဘာ၀၀န်းကျင်အမြင်၊ ရေရှည်အမြင်နဲ့ သုတေသန ပြုသုံးသပ်ပြီး လူထုကို အမှန်တကယ်ဖွံ့ဖြိုးအောင် စွမ်းဆောင်နိုင်တဲ့ ဒေသန္တရ အစိုးရတစ်ရပ် ဖြစ်လာပါစေကြောင်း  ဆန္ဒပြုလျက်။

အောင်လွင် (ကံပေါက်သား)