ပညာရေးဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ယူ

0
1154

အခြေခံပညာ ဦးစီးဌာနရှိ ပညာရေး ဝန်ထမ်းများ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူနေကြောင်း တနင်္သာရီ တိုင်းပညာရေးမှူးထံမှ သိရသည်။

ယင်းကိုယ်ရေးအချက်အလက်များတွင် ဝန်ထမ်းများ၏ ကိုယ်ရေးအကျဉ်း၊ တက်ရောက်ခဲ့ဖူးသည့်ကျောင်းများ၊ သွေးအုပ်စု၊ ဝန်ထမ်းအဖြစ် စတင်တာ ဝန်ထမ်းဆောင်သည့်နေ့၊ လက်ရှိ ရာထူး နှင့် လစာ စသည်ဖြင့် အချက်အလက် အမြောက်အများ ပါဝင်သည်။

ယင်းအချက်အလက်များကို ကွန်ပျူတာသုံး မြန်မာစာစနစ်တစ်ခု ဖြစ်သည့် ယူနီကုဒ်ဖြင့် ပညာရေးဝန်ကြီး ဌာန ဝက်ဆိုက်တွင် ထည့်သွင်းဖော်ပြနိုင် ရန်အတွက် ကောက်ယူခြင်းဖြစ်ကြောင်း အထက်ပါဌာန ဒုတိယ ညွှန်ကြားရေးမှူး (စီမံ) ဒေါ်မိုးမိုးအေးက ပြောသည်။

“ဒီအချက်အလက်တွေက နှစ်စဉ် ကောက်နေတာ။ အခုက ယူနီကုဒ်ကို ပြောင်းလဲလိုက်တာတို့၊ ဘာတို့ရှိတယ် မလား။ အရင်ရှိပြီးသား အချက်အလက်ကိုUp Date (ခေတ်နှင့်လျော်ညီမှုရှိရန်) ထပ်လုပ်တာပါ။ ပြီးရင် ဝန်ကြီးဌာန ဝက်ဆိုက်မှာ သူတို့တင်မှာ”ဟု ဒေါ်မိုးမိုးအေး က ဆိုသည်။

လက်ရှိကောက်ယူနေသည့် ကိုယ်ရေးအချက်အလက်များသည် ယခင် ကောက်ယူနေကျ ကိုယ်ရေးအချက် အလက်ထက်များပြီး ပိုမိုပြည့်စုံမှုရှိကြောင်း ပညာရေးဝန်ထမ်းအချို့ထံမှ သိရသည်။

ယင်းကဲ့သို့ ကိုယ်ရေးအချက် အလက်အပြည့်အစုံကို လွန်ခဲ့သည့် ၂၀၁၃ ခုနှစ်ခန့်က တစ်ကြိမ်ကောက်ယူ ခဲ့ဖူးပြီး နောက်ပိုင်းတွင် ဆက်လက်ကောက်ယူခြင်းမရှိတော့ကြောင်း ပညာရေးဝန်ထမ်းအချို့၏ ပြောပြချက် အရ သိရသည်။

တိုင်းအတွင်း ယင်းကိုယ်ရေး အချက်အလက်များကို စက်တင်ဘာလ နောက်ဆုံးအပတ်က စတင်ကောက်ခံ နေပြီး မည့်သည့်အချိန် ပညာရေးဝန်ကြီး ဌာနထံ ပို့ပေးရမည်ကိုမူ သီးခြားညွှန်ကြား ချက်မရှိသေးကြောင်း တိုင်းပညာရေးမှူး ရုံးထံမှ သိရသည်။                

ကျော်သူစိုး