အဝေးသင် ဒုတိယအသုတ်စာမေးပွဲ ပထမဆုံးဖြေမည့်ဘာသာမှအပ မူလသတ်မှတ်ရက်အတိုင်း ကျင်းပမည်

0
817

အဝေးသင်တက္ကသိုလ် ဒုတိယအသုတ်စာမေးပွဲကို ပထမဆုံးဖြေဆိုမည့် ရက်မှအပ မူလသတ်မှတ်ထားသည့်ရက် များအတိုင်း ကျင်းပမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ်အဝေးသင်ဌာနထံမှ သိရသည်။

ယင်းဒုတိယအသုတ်တွင်ပါဝင် သည့် သင်တန်းများမှ ကျောင်းသား၊ ကျောင်းသူများ ပထမဆုံးဖြေဆိုမည့် ဘာသာရပ်ကို ယခင် အောက်တိုဘာလ ၂၈ ရက်တွင် ဖြေဆိုရမည့်အစား နိုဝင်ဘာလ ၅ ရက်ကို ပြောင်းလဲသတ် မှတ်လိုက်ခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စာမေးပွဲစတင်ဖြေဆိုရမည့် အောက်တို ဘာလ ၂၈ ရက်ကို အများပြည်သူ ရုံးပိတ်ရက်အဖြစ် အစိုးရမှသတ်မှတ် လိုက်သောကြောင့် ယင်းနေ့တွင် ဖြေဆို ရမည့် ဘာသာကို နိုဝင်ဘာလ ၅ ရက်ကို ပြောင်းရွှေ့လိုက်ခြင်းဖြစ်သည်။

ကျန်ဘာသာများကိုမူ ယခင်သတ် မှတ်ထားသည့်နေ့များအတိုင်း အပြောင်း အလဲမရှိဘဲ စာမေးပွဲ ဆက်လက်ကျင်းပ သွားမည် ဖြစ်ကြောင်း ၎င်းတာဝန်ရှိသူက ပြောသည်။

“နိုဝင်ဘာလ ငါးရက်နေ့ကို ပြောင်း လိုက်တယ်ဆိုတာက အစအဆုံး အကုန် လုံးကို ပြောင်းလိုက်တာမဟုတ်ဘူး။ အောက်တိုဘာ ၂၈ ရက်မှာဖြေမယ့် ဘာသာ ကိုပဲ နိုဝင်ဘာလ ၅ ရက်ကိုရွှေ့လိုက်တာ။ ကျန်တာနဂိုအတိုင်းပဲ” ဟု ၎င်းတာဝန်ရှိသူ က ဆိုသည်။

ထားဝယ်တက္ကသိုလ်တွင် ဒုတိယ အသုတ်ဖြေဆိုမည့် ကျောင်းသူ၊ ကျောင်း သားအချို့ကမူ စာမေးပွဲစတင်ဖြေဆိုမည့် ကာလကို နိုဝင်ဘာလ ၅ ရက်ကို ပြောင်းလဲဖြေဆိုရမည်ဟု နားလည်မှုလွဲ မှားနေကြကြောင်း ကျောင်းသားအချို့ ထံမှ သိရသည်။

“(ညွှန်ကြား)စာထဲမှာက တိတိကျကျ ရေးမထားတော့ (နိုဝင်ဘာလ) ၅ ရက်မှ စဖြေမယ်လို့ပဲထင်နေတာ။ ကျောင်းသားတွေ တိတိကျကျသိအောင် လုပ်ပေးသင့် တယ်”ဟု ထားဝယ်တက္ကသိုလ် ပထမနှစ် ပထဝီဝင်ကျောင်းသား တစ်ဦးက ဆိုသည်။

ယင်းကဲ့သို့စာမေးပွဲဖြေဆိုမည့်နေ့ အပြောင်းအလဲဖြစ်သွားသည်ကို ဒုတိယ အသုတ် အနီးကပ်သင်တန်းများ စတင်ပို့ ချချိန်တွင် ရှင်းပြသွားမည်ဖြစ်ကြောင်း ထားဝယ်တက္ကသိုလ် အဝေးသင်ဌာနမှ တာဝန်ရှိသူက ပြောသည်။

အဝေးသင် ဒုတိယအသုတ်တွင် အင်္ဂလိပ်စာ၊ ဥပဒေ၊ ပထဝီဝင်၊ စိတ်ပညာ၊ အရှေ့တိုင်းပညာ၊ ဒဿနိကဗေဒ အထူးပြု ဘာသာရပ်များပါဝင်သည်။

ကျော်သူစိုး