တိုင်းအတွင်းရှိ မြို့နယ်ငါးခုတွင် မျိုးစပါး ဧကတစ်ရာကျော်စိုက်မည်

0
374

တိုင်းအတွင်းရှိ မြို့နယ်ငါးခုတွင် ရက် ၉၀ မျိုးစပါး ဧကတစ်ရာကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။

တနင်္သာရီတိုင်းတွင် ရေကြီးနစ်မြုပ် မှုကြောင့် ပျက်စီးခဲ့သည့်လယ်များ အတွက် အခြားတိုင်းနှင့်ပြည်နယ်များ တွင် မျိုးစပါး ဝယ်ယူနေရသဖြင့် လာမည့်နှစ်အတွက် ကြိုတင်ပြင်ဆင်သည့်  အနေဖြင့် နွေတွင် မျိုးစပါးစိုက်ပျိုးမည်ဖြစ်ကြောင်း အထက်ပါဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

နွေတွင်စိုက်မည့် ရက် ၉၀ မျိုးစပါး ကို တိုင်းစိုက်ပျိုးရေးဦးစီးဌာနမှ မြေနေရာ၊ နည်းပညာများ ပံ့ပိုးကူညီကာ မဟာထားဝယ် ကုမ္ပဏီက စိုက်ပျိုးမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“တခြားနေရာကနေ စပါးတွေ ဝယ်နေရာကနေ ကိုယ့်တိုင်းထဲမှာကို ထုတ်ပေးမယ်”ဟု တာဝန်ရှိသူက ဆိုသည်။

မျိုးစပါး ဧက ၁၂၀ စိုက်ပျိုးပါက လာမည့်နှစ်ရေကြီးနစ်မြုပ်သည့် လယ်များအတွက် မျိုးစပါးတင်း ၆၀၀၀ ခန့် ရရှိမည်ဖြစ်ပြီး မြိတ်မြို့နယ်တွင် လယ်ဧက ၅၀ ကို ထပ်မံစိုက်ပျိုးရန်လျာထား သေးသည်ဟု တာဝန်ရှိသူက ဆိုသည်။

ထားဝယ်မြို့နယ် ဇဟာကျေးရွာ တွင် ဧက ၃၀၊ ပုလောမြို့နယ်တွင် ဧက ၃၀၊ တနင်္သာရီမြို့နယ်တွင် ဧက ၆၀၊ လောင်းလုံးမြို့နယ် ဝေဒီကျေးရွာတွင် ၅ ဧက စုစုပေါင်း ၁၂၅ ဧက ကို နိုဝင်ဘာ ဒုတိယအပတ်ခန့်တွင် စတင် စိုက်ပျိုးမည်ဖြစ်ကြောင်း တာဝန်ရှိသူက ပြောသည်။

ပြီးခဲ့သည့်နှစ်က ရေကြီးနစ်မြုပ် မှုကြောင့် ပျက်စီးခဲ့သည့်လယ်  ၇၂၀၂ ဧကနစ်မြုပ်ခဲ့ပြီး ယခုနှစ်တွင် ၆၀၆၉ ဧကပျက်စီးဆုံးရှုံးခဲ့သည်ဟု အထက်ပါ ဌာနထံမှ သိရသည်။   

Dawei Watch