ဆောင်းဘောက်ဆူညံသံပြဿနာ ထိန်းချုပ်ရန် မွန်ပြည်နယ်အစိုးရ ညွှန်ကြား

0
748

မွန်ပြည်နယ်အတွင်း ဆူညံစွာဖွင့်နေသည့် ဆောင်းဘောက်ပြဿနာကို ထိန်းချုပ်ရန် သက်ဆိုင်ရာ အထွေထွေ အုပ်ချုပ်ရေးမှူးအဆင့်ဆင့်ကို ညွှန်ကြားထားကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးက ဗိုလ်မှူးကြီးနေထွဋ်ဦးက ပြောသည်။ 

ပွင့်လင်းရာသီကာလ အလှူပွဲများ၊ ဘုရားပွဲများတွင် ဆူညံစွာ ဖွင့်နေသည့် ဆောင်းဘောက်သံများ ထိန်းချုပ်ရေး သက်ဆိုင်ရာ ခရိုင်အုပ်ချုပ်ရေးမှူးမှ တစ်ဆင့် မြို့နယ်၊ ရပ်ကျေးအုပ်ချုပ်ရေးမှူး အဆင့်ထိ ချပြရန်နှင့် ဆောင်းဘောက် လုပ်ငန်းရှင်များကိုလည်း ပညာပေး ရှင်းပြထားရန် စက်တင်ဘာလ နောက်ဆုံး အပတ်က တရားဝင်စာထုတ် ညွှန်ကြား ထားသည်ဟု ဝန်ကြီးက ပြောသည်။ 

“ဆောင်းဘောက်ကိစ္စက သတ်မှတ် ဥပဒေထက် ကျော်လွန်ပြီးတော့မှ ဖွင့်နေတာကို ပထမအဆင့်အနေနဲ့ သက်ဆိုင်ရာ ခရိုင်အုပ် ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေး မှူးကနေပြီးတော့မှ ရပ်ကျေးအဆင့်ထိ ချပြမယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကို ခေါ်ယူ ပြီးတော့မှ ပညာပေး ရှင်းပြထားဖို့ ဒီလို အဆင့်တွေကို ညွှန်ကြားထားပြီး သား ဖြစ်ပါတယ်”ဟု ဗိုလ်မှူးကြီး နေထွဋ်ဦးက ပြောသည်။ 

ညွှန်ကြားချက်အတိုင်း မလိုက်နာဘဲ သတ်မှတ်ဥပဒေပါ စည်းမျဉ်းစည်း ကမ်းထက် ကျော်လွန်ပြီး ဆက်လက်လုပ် ဆောင်လာပါက ဥပဒေအရ အရေးယူ ဆောင်ရွက်သွားမည်ဟုလည်း ၎င်းက ဆိုသည်။

ရပ်ကျေးအုပ်ချုပ်ရေးမှူးများအနေဖြင့် မိမိနယ်မြေအတွင်း အဆိုပါကိစ္စ များဖြစ်ပေါ်လာပါက သက်ဆိုင်ရာသို့ ချက်ချင်းသတင်းပို့ရန်နှင့် တားဆီးရန်လည်း လိုအပ်ပြီး မိမိနယ်မြေအတွင်း ဆူညံနေသည့် ဆောင်းဘောက်ကိစ္စကို မထိန်းချုပ်နိုင်ပါက ရပ်ကျေးအုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးများကိုပါ အရေးယူမည်ဟု လုံ/နယ်ဝန်ကြီးက ပြောသည်။

“ရွာတွေမှာ ဆောင်းဘောက်အသံက ဘယ်လောက်ဆိုးလဲဆိုတော့ မခံနိုင်လို့ အိမ်ပြောင်းပြေး ရွာပြောင်းပြေးတဲ့အဆင့် ထိ ရှိတယ်”ဟု ပေါင်မြို့နယ် လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဇော်ထူးက ပြော သည်။

စည်းကမ်းချက် လိုက်နာဆောင် ရွက်မှု မရှိသူများကို အသံချဲ့စက် ဖွင့်ခွင့် ဥပဒေဖြင့်လည်းကောင်း၊ စည်းမျဉ်း စည်းကမ်းနှင့်အညီ တားဆီးထိန်းသိမ်း ကြပ်မတ်ဆောင်ရွက်ခြင်း မရှိသော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တို့အား ၂၀၁၂ ခုနှစ် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း ဗိုလ်မှူးကြီးနေထွဋ်ဦးက ဆိုသည်။

“ဆောင်းဘောက်ပြဿနာက အထူးသဖြင့် ရွာတွေမှာ ပိုဆိုးပါတယ်။ အတွဲလိုက်ကို ကားပေါ်တင်ပြီး ရွာလှည့် ပြီးဖွင့်တာ။ ကိုယ့်အိမ်ရှေ့ ဖြတ်သွားရင် အိမ်တွေပါ တုန်ခါသွားတဲ့အထိဖြစ်တယ်။ မခံနိုင်ဘူး အထူးသဖြင့် အသက်ကြီးတဲ့ လူတွေ ကျန်းမာရေးမကောင်းတဲ့လူတွေ အတွက်က အတော်ပြဿနာရှိတယ်။ ထိထိရောက်ရောက် ကိုင်တွယ်စေချင်ပါ တယ်”ဟု မုဒုံမြို့မှ ကိုအောင်စိုးက ပြောသည်။

မွန်ပြည်နယ်တွင် ၂၀၁၈ ခုနှစ် အတွင်း စည်းကမ်းမလိုက်နာသဖြင့် ရပ်ကျေးဥပဒေဖြင့် အရေးယူခံရသည့် ဆောင်းဘောက် ပိုင်ရှင် ၁၀ ဦးထက် မနည်းရှိသည်ဟု သိရသည်။

ယဉ်စနိုင်း