မောင်းမကန်ကမ်းခြေအတွက် အမှိုက်ပုံးများ မကြာမီ လာမည်

0
470

လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့က ဝယ်ယူမည့် အမှိုက်ပုံးများကို ခွဲတမ်းချပေးမည်ဖြစ်ရာ မောင်းမ ကန်ကမ်းခြေကို ဦးစားပေးမည်ဖြစ်ကြောင်း လောင်းလုံးမြို့နယ် စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ပြော သည်။

အမှိုက်ပုံးများကို ယခုအောက်တိုဘာ လတွင် စတင်သည့် ၂၀၁၉ – ၂၀၂၀ ဘဏ္ဍာရေးနှစ်၏ ပထမ ၃ လ(အောက်တို ဘာလမှ ဒီဇင်ဘာလ)အတွင်း ဝယ်ယူကာခွဲ ဝေသွားမည်ဟု အမှုဆောင်အရာရှိ  ဦးကျော်ဌေးက ပြောသည်။

ဆွဲဘီးပါ အမှိုက်ပုံးကြီး အလုံး ၅၀ အား မြို့နယ်အတွင်း မြို့၊ ဈေး၊ ကမ်းခြေများကို ချထားပေးမည်ဖြစ်ပြီး မောင်းမကန် ကမ်းခြေတွင် အဓိကထား ချထားပေးမည်ဟု ဦးကျော်ဌေးက ပြောသည်။

“အမှိုက်ပုံးက မောင်းမကန် အဓိက ဦးစားပေးပဲ။ မောင်းမကန်ကမ်းခြေမှာ ချထားပေးမယ်။ ပိုဦးမယ်။ ပိုတဲ့ဟာ ဈေးတွေမှာ ချထားပေးမယ်။ မြို့ထဲမှာ လည်း ချထားပေးမယ်”ဟု ၎င်းက ဆိုသည်။

ယခုချထားပေးမည့် ဆွဲဘီးပါသည့် အမှိုက်ပုံးမှာ အမှိုက်ကားဆီသို့ ဆွဲသွားနိုင်ခြင်း၊ နေပူဒဏ် ခံနိုင်ခြင်း၊ အမှိုက်ပုံးထဲမှ စွန့်ပစ်အစားအစာများ ခွေးဆွဲခြင်းမှ ကင်းလွတ်နိုင်ခြင်းတို့ကြောင့် ယခုကဲ့သို့ ခွဲဝေပေးမှုကို ကြိုဆိုကြောင်း မောင်းမကန် ကမ်းခြေ သန့်ရှင်းသာယာလှပရေးကော်မတီ ဥက္ကဋ္ဌ ဦးလေးဝင်းက ပြောသည်။

ယခင်က ကော်မတီအစီအစဉ်ဖြင့် ဝယ်ယူထားသည့်အမှိုက်ပုံးများမှာ နေပူဒဏ်၊ ခွေးဆွဲသည့်ဒဏ်ကြောင့် ပျက်စီးကုန်ပြီဖြစ်ပြီး ခွဲတမ်းချပေးမည်ဆိုက ယခုပွင့်လင်းရာသီ ဧည့်သည်အလာများ ချိန်အမီ ချထားပေးစေလိုကြောင်း  ဦးလေးဝင်းက ပြောသည်။

မောင်းမကန်ကမ်းခြေအတွက် အနည်းဆုံး အမှိုက်ပုံး အလုံး ၅၀ ချထားပေးရန် ကော်မတီမှ တောင်းဆိုထားပြီး အလုံး ၃၀ ကျော် ချထားပေးမည်ဆိုကလည်း အတော်အတန် အဆင်ပြေမည် ဖြစ်ကြောင်း ဦးလေးဝင်းက ပြောသည်။

“မျှပေးတယ်ဆိုရင်လည်း လုံးဝမရှိ တာနဲ့စာရင် ခံသာတာပေါ့ဗျာ” ဟု ၎င်းက ပြောသည်။ 

Dawei Watch