ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်း အမြန်ပြုပြင်ပေးရန် ခရီးသွားအသင်း နှင့် ဒေသခံများလိုလား

0
446

လောင်းလုံးမြို့နယ်အတွင်းရှိ နာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေအဝင်လမ်းဆိုးရွားစွာ ပျက်စီးနေမှုကို အမြန်ဆုံး ပြုပြင်ပေးရန် ထားဝယ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းနှင့် ဒေသခံများက လိုလားနေကြသည်။

ယခုနှစ်မိုးရာသီအတွင်း မိုးသည်းထန်စွာရွာသွန်းခဲ့ခြင်းကြောင့် ညောပြင်ရွာ အစပ်မှ ဖိုးဖိုးကျောက်ကမ်းခြေသို့ သွားသည့်မြေသားလမ်းမှာ ကားမသွား နိုင်တော့သည့်အခြေအနေ အထိ ဆိုးရွား စွာပျက်စီးနေသည်။

ကမ်းခြေသို့သွားရာ မြေသားလမ်းတွင် အနက် ခြောက်ပေခန့်အထိရှိသည့် မြောင်းကြီးများ ဖြစ်ပေါ်နေခြင်း၊ လမ်းပေါ် တွင် ကျောက်လုံးများပျံ့ကြဲနေခြင်းတို့ကြောင့် ဆိုင်ကယ်ကို ကျွမ်းကျင်စွာ စီးတတ် သူများသာ သွားလာနိုင်သည့် အခြေအနေ ဖြစ်နေသည်။

အဆိုပါလမ်းမှာ ယခင်နှစ်များက လက်ရှိအခြေအနေကဲ့သို့ ပျက်စီးမှုမများ သည့်အတွက် ဒေသခံများစုပေါင်းပြီး ပြုပြင်ကြသော်လည်း ယခုအခါတွင် ပျက်စီးမှုများလွန်းသည့်အတွက် အစိုးရဘက်မှ တာဝန်ယူပြုပြင်ပေးစေလိုကြောင်း အထက်ပါ ကမ်းခြေတွင် စားသောက်ဆိုင် ရောင်းချနေသည့် ဒေါ်သက်သက်လွမ်းက ဆိုသည်။

လမ်းပျက်စီးနေချိန်တွင် ကမ်းခြေသို့ လာရောက်လည်ပတ်သည့် ခရီးသွား ဧည့်သည်များ အချင်းချင်းသတင်းစကား မျှဝေရာမှ ဧည့်သည်ဝင်ရောက်မှုနည်းလာနိုင်သကဲ့သို့ ဒေသပုံရိပ်လည်း ထိခိုက်နိုင်ကြောင်း ထားဝယ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဒေါ်မိုးမိုးသူက ပြောသည်။

ယင်းအတွက်ကြောင့် လမ်းပြုပြင် ပေးရန် တိုင်းအစိုးရကို တိုက်တွန်း တောင်းဆိုမှုများ လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။

“လမ်းအချောကြီးဖြစ်အောင် မလုပ်ပေးနိုင်ရင်တောင်မှ ဘက်ဟိုးနဲ့ လမ်းညှိပေးပြီးလုပ်ပေးမယ်ဆိုရင် ဒေသ ပုံရိပ်လည်း မထိခိုက်ဘူး။ ခရီးသွားတွေ အတွက်လည်း အားလုံးအဆင်ပြေမယ်”ဟု ဒေါ်မိုးမိုးသူက ပြောသည်။

လက်ရှိ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အတွက် ဘတ်ဂျက်ငွေလျာထား၍ မရနိုင် တော့သည့်အတွက် သက်ဆိုင်ရာ ခရီးသွား လုပ်ငန်းရှင်များအသင်း သို့မဟုတ် အုပ်ချုပ်ရေးအပိုင်းက လမ်းပြုပြင်ပေးရန် စာဖြင့်တင်ပြတောင်းဆိုလာပါက ပြန်လည် စဉ်းစားရမည် ဖြစ်ကြောင်း တိုင်းဒေသကြီး လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ဆိုသည်။

“ရပ်ကျေးအုပ်ချုပ်ရေးမှူးက အစိုးရ အဖွဲ့ကို တင်ပြလာရင် လျာထားလို့ရ တယ်”ဟု ဝန်ကြီးဦးအောင်သူရက ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေသို့သွားရာ ညောပြင်ရွာအထိ လမ်းဦးစီးဌာနက ကွန်ကရစ် လမ်းခင်းထားပြီး ကမ်းခြေ အထိ ဆက်ခင်းမည် ဆိုပါက အထက်ပါ ဌာနကသတ်မှတ် ထားသည့် လမ်းအကျယ် ရရှိရန် ခြံပိုင်ရှင်များက သဘောတူရန်လို အပ်ကြောင်း ၎င်းက ဆိုသည်။

လက်ရှိပျက်စီးနေသည့် အနေအထားမှာ စက်ယန္တရားဖြင့် လုပ်ဆောင်မှသာ အဆင်ပြေနိုင်မည်ဖြစ်သည့်အတွက် တိုင်းအစိုးရထံ တင်ပြမည်ဖြစ်ကြောင်း အောက်ကျောက်ဝပ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းမင်းက ပြောသည်။

ဖိုးဖိုးကျောက်ကမ်းခြေမှာ သဲဖြူဖွေးပြီး ရေသန့်ရှင်းကြည်လင်သည့်အတွက် နာမည်ကြီးလာသည့် ကမ်းခြေတစ်ခု ဖြစ်ပြီး နိုင်ငံအနှံ့မှ ခရီးသွားအများအပြား လာရောက်လည်ပတ်လေ့ရှိသည်။

ကိုဇော်