ပါချန်မြစ်ကမ်းရွာ လှေလှော် အသင်းများအတွက် ပြိုင်လှေများ လိုအပ်နေ

0
876

ကော့သောင်းမြို့နယ် ထိုင်း-မြန်မာနယ်ခြားပါချန်မြစ်၏  မြန်မာဘက်ကမ်း ကျေးရွာများရှိ လှေလှော်အသင်းများအတွက် ပြိုင်ပွဲဝင်ရန်နှင့် လေ့ကျင့်ရန် လှေများ လိုအပ်နေကြောင်း ယင်းရွာများရှိ လှေလှော်အသင်းများထံမှ သိရသည်။

ပါချန်မြစ်အတွင်း ထိုင်းဘက်မှ ကမကထပြုကျင်းပသည့် သီတင်းကျွတ်လပြည့် မမုလှေလှော်ပြိုင်ပွဲနှင့် တန်ဆောင်မုန်းလ ကရပူရိနမ္မကျော့ လှေလှော်ပြိုင်ပွဲများတွင် ၀င်ရောက်ယှဉ်ပြိုင်နိုင်ရန်နှင့် ပြိုင်ပွဲများအတွက် ကြိုတင်ပြင်ဆင် လေ့ကျင့်နိုင်ရန် ကိုယ်ပိုင်ပြိုင်လှေများ လိုအပ်နေကြောင်း လှေလှော်အသင်းဝင်များက ပြောကြသည်။

ကိုယ်ပိုင်လှေ မရှိသဖြင့် လေ့ကျင့်ရန်နှင့် ယှဉ်ပြိုင်ရန်အတွက် ထိုင်းဘက်ရွာများမှ လှေအသင်းများတွင် ငှားရမ်းနေရကြောင်း လှေလှော်အသင်းဝင်များက ပြောကြသည်။

“ကိုယ်ပိုင်လှေ မရှိတော့ လှေငှားရတာ စိတ်ကြိုက်လှေ မရပါဘူး။ သူတို့ (ထိုင်းဘက်က)ငှားပေးတဲ့ အရည်အသွေးညံ့တဲ့ လှေမျိုးလောက်ပဲ ရတာပါ”ဟု မာရမ်းရွာလှေလှော်အသင်းဝင်တစ်ဦးဖြစ်သည့် ဒေါက်တာဘိုဘိုမင်းက ပြောသည်။

မာရမ်းရွာလှော်လှော်အသင်းသည် ၂၀၁၈ ခုနှစ်က အငှားလှေဖြင့် ၀င်ရောက် ယှဉ်ပြိုင်ခဲ့ရာ နမ္မကျော့ လှေလှော်ပြိုင်ပွဲ များဖြစ်သည့် ၈ ယောက်လှော်နှင့် ၁၆ ယောက်လှော်တွင် ဒုတိယဆုများ ရရှိခဲ့ပြီး ရနောင်းခရိုင်ကီလို ၃၀ တွင်ကျင်းပသည့် ပြိုင်ပွဲမှ ၁၆ ယောက်လှော်တွင် ချန်ပီယံဖြစ်ခဲ့ကြောင်း သိရသည်။

ပြိုင်လှေတစ်စီး ပြုလုပ်ခမှာ သစ်ဖိုး မပါသေးဘဲ လက်ခသက်သက်ဆိုက ၈ ယောက်ေ လှာ်တစ်စီး ထိုင်းငွေ ဘတ် ၆ သောင်းကျော်(မြန်မာငွေ သိန်း ၃၀ ၀န်း ကျင်)၊ ၁၆ ယောက်လှော်တစ်စီး ထိုင်းငွေ ဘတ်တစ်သိန်းကျော် (မြန်မာငွေ သိန်း ၅၀ ၀န်းကျင်) ကုန်ကျမည် ဖြစ်သောကြောင့် လှေလှော်အသင်းများ ငွေကြေး မတတ်နိုင်ကြဟု ဆိုကြသည်။

ပါချန်မြစ်ကမ်းရှိ မာရမ်း၊ ဆိပ်ဖူး၊ ဖော့သုတ်၊ အေားချမ်းသာ၊ အောင်ချမ်းသာ၊ လုံးဖော ရွာတို့တွင် လှေလှော်အသင်း များရှိပြီးယင်းရွာများအတွက် ပြိုင်လှေ ၁ စီး သို့မဟုတ် အစိုးရအနေဖြင့်စီစဉ် ပေးပါက ပါချန်လှေပြိုင်ပွဲများတွင် သေချာလေ့ကျင့်ပြင်ဆင်ဝင်ရောက် ယှဉ်ပြိုင် နိုင်ကြမည်ဖြစ်ကြောင်း ဒေါက်တာဘိုဘိုမင်းက ပြောသည်။

“ဒီနှစ်အတွင်းမှာတော့ ပြိုင်ပွဲ ၃ ခုလောက် ၀င်ပြိုင်ဖို့ခန့်မှန်းထားပါတယ်။ အခက်အခဲကတော့ ကိုယ်ပိုင် ပြိုင်လှေ မရှိတာပါပဲ”ဟု ဒေါက်တာ ဘိုဘိုမင်းက ပြောသည်။

ပါချန်မြစ်အတွင်း ထိုင်းဘက်မှ လှေလှော်ပြိုင်ပွဲများ ကျင်းပနေသကဲ့သို့ မြန်မာတာဝန်ရှိသူများအနေဖြင့်လည်း မြန်မာ့ရိုးရာလှေလှော်ပြိုင်ပွဲများကိုကျင်း ပပေးစေလိုကြောင်း ၎င်းက ပြောသည်။

Dawei Watch