ကော့သောင်းမြို့တစ်ဖက်ကမ်း ထိုင်းရေပိုင်နက်တွင် စပိဘုတ်နှင့် ကုန်တင်လှေတိုက်မိ

0
543

ကော့သောင်းမြို့တစ်ဖက်ကမ်းရှိ ထိုင်းရေပိုင်နက်အတွင်း စပိဘုတ်တစ်စီးနှင့် ကုန်တင်စက်လှေတစ်စီး တိုက်မိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့ မှူးရုံးထံမှ သိရသည်။

ကော့သောင်းမြို့အနီးရှိ သူဋ္ဌေးကျွန်း ဟိုတယ်ပိုင် စပိဘုတ်နှင့် ဘိလပ်မြေတင် လာသည့် ကုန်တင်လှေတို့ တိုက်မိခြင်း ဖြစ်ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

စပိဘုတ်ပေါ်တွင် သူဋ္ဌေးကျွန်း ဟိုတယ် ဝန်ထမ်းများဖြစ်သည့် ထိုင်းနိုင်ငံသား ၃၆ ဦးကို တင်ဆောင်ကာ စက်တင်ဘာ လ ၂၅ ရက် ညနေခြောက်နာရီခွဲခန့်က သူဋ္ဌေးကျွန်းမှ ထိုင်းနိုင်ငံ ရနောင်းဆိပ်ကမ်းသို့ ထိုင်းနိုင်ငံသားက မောင်းနှင်လာကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ရနောင်းဆိပ်ကမ်းနှင့် ပေနှစ်ရာခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် မြန်မာနိုင်ငံသားမောင်းနှင်လာပြီး ဘိလပ်မြေအိတ်များ တင်ဆောင်လာသည့် ကုန်တင်လှေနှင့် တိုက်မိခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

ကုန်တင်လှေနှင့် တိုက်မိခြင်း ကြောင်း စပိဘုတ်ပေါ်လိုက်ပါလာသည့် ထိုင်းနိုင်ငံသားများအနက် ၁၄ ဦး မစိုးရိမ်ရသည့် ဒဏ်ရာရရှိခဲ့ပြီး ရနောင်း ဆေးရုံသို့ တင်ပို့ကုသခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြသည်။

ကုန်တင်လှေကလည်း ကော့သောင်းမြို့သို့ ဆက်လက်ထွက်ခွာသွားပြီး ရေယာဉ်ချင်းတိုက်မိမှုနှင့် ပတ်သက်၍ ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် အမှုဖွင့်အရေးယူထားခြင်း မရှိကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

Dawei Watch