ကျွန်းစုတွင် စီးပွားရေးလုပ်ငန်းရှင် အချို့၏ နောက်ကွယ်ထောက်ပံ့ မှုကြောင့် တရားမ၀င်မီးသွေးဖိုများ ပိုများလာဟုဆို

0
455

ကျွန်းစုမြို့နယ်တွင် စီးပွားရေးလုပ်ငန်းရှင်အချို့၏ နောက်ကွယ်မှ ထောက်ပံ့ပေးမှုများကြောင့် တရားမ၀င် မီးသွေးဖိုများ ပိုများလာကြောင်း တနင်္သာရီတိုင်းဒေသကြီးလွှတ် တော်ကိုယ်စား လှယ် ဒေါက်တာထူးနေအောင်က ပြောသည်။

စက်တင်ဘာလ ၂၅ ရက်က ကျင်းပသည့် တနင်္သာရီတိုင်းဒေသကြီးလွှတ်တော် ပုံမှန်အစည်းဝေးတွင် ဒေါက်တာ ထူးနေအောင်က ကျွန်းစုမြို့နယ်အတွင်း မီးသွေးလုပ်ငန်းဖြင့် အသက်မွေးနေသူများကို ဒီရေတောထိန်းသိမ်းခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် မီးသွေးအစား အခြားလုပ်ကိုင်ခွင့်လမ်းများ ဖန်တီးပေးရန် ရှိ/မရှိ မေးခွန်းမေးမြန်းခဲ့ပြီး ယင်း မေးခွန်းနှင့် ဆက်စပ်၍ အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်း ဖြစ်သည်။

ကျွန်းစုမြို့နယ်ရှိ မီးသွေးဖုတ်ကာ အသက်မွေးနေရသည့် ပြည်သူများကို စီးပွားရေးလုပ်ငန်းရှင်အချို့က ငွေထုတ် ပေးပြီး မီးသွေးဖုတ်ခိုင်းကာ ရရှိလာသည့် မီးသွေးများကို လုပ်ငန်းရှင်များက ထိုင်းနိုင်ငံနှင့် အခြားတိုင်းနှင့်ပြည်နယ်များတွင် သွားရောက်ရောင်းချလေ့ရှိကြောင်း ဒေါက်တာထူးနေအောင်က ပြောသည်။

အစိုးရဌာနဆိုင်ရာတာဝန်ရှိသူများသည် မီးသွေးများကို ယင်းကဲ့သို့ တရားမ၀င် ပို့ဆောင်နေသည်ကို သိရှိပြီးဖြစ် သော်လည်း ယင်းလုပ်ငန်းရှင်များကိုမူ မည်သည့်အရေးယူ မှုမျှမလုပ်ဘဲ ဒေသခံများ လုပ်ကိုင်စားသောက်နေသည့် တရားမ၀င် မီးသွေးဖိုများကိုသာ လိုက်လံဖျက်ဆီးနေသည်ကို တွေ့ရကြောင်း ဒေါက်တာ ထူးနေအောင်က ပြောသည်။

“အဓိကနဲ့သာမညကို ခွဲခြားပြီးတော့ ဆောင်ရွက်စေချင်တယ်။ မီးသွေးဖောင်းတွေကို လိုက်ရိုက်ဖျက်နေမယ့်အစား ဒီမီးသွေးဖောင်းတွေဖြစ်လာအောင် ဘယ်သူက လုပ်နေတာလဲ။ မီးသွေးတွေ လှေပေါ်တင်ပြီးပို့နေတာ သက်ဆိုင်ရာဌာန မသိဘူးဆိုပြီးပြောရင်တော့ ယုံစရာ မရှိဘူး”ဟု ၎င်းက ဆိုသည်။

မြေပြင်တွင် မီးသွေးဖုတ်ပြီး အသက်မွေးနေသူများမှာ စားဝတ်နေရေး အနိုင်နိုင်ဖြေရှင်းနေရပြီး အကျိုးအမြတ် များစွာရနေသူများမှာ လုပ်ငန်းရှင်ကြီးအချို့သာဖြစ်နေကြောင်း ဒေါက်တာ ထူးနေအောင်က ဆွေးနွေးခဲ့သည်။

ယင်းကြောင့် ဒေသခံများကို မီးသွေးဖုတ်ခြင်းနှင့်သက်ဆိုင်သည့် ပညာပေးများ၊ မီးသွေးအစား အခြား စီးပွားရေး လုပ်ငန်းများကို အစားထိုးနိုင်ရန် စီမံပြီးမှသာ မီးသွေးဖိုများကို ဖျက်ဆီးသည့် လုပ်ငန်းများ လုပ်ဆောင်သင့်ကြောင်းကိုလည်း ၎င်းက ထပ်မံအကြံပြုခဲ့သည်။

တနင်္သာရီတိုင်း သယံဇာတနှင့် ပတ်ဝန်းကျင်ထိမ်းသိမ်းရေး ၀န်ကြီးဦးလှထွေးကမူ မီးသွေးလုပ်ငန်းနှင့် ပတ်သက်ပြီး အသိပညာပေးနေမှုများ၊ ဒီရေတောများ တိုးချဲ့လုပ်ဆောင်နေမှုများ စသဖြင့် စီမံချက်များအကြောင်းကို အကျယ်တ၀င့် ပြန်လည်ဖြေကြားခဲ့သည်။

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွင်း ကျွန်းစုမြို့နယ်ရှိ ကျေးရွာအချို့တွင် တရားမ၀င်မီးသွေးဖို ၁၃၀ ဖိုကို သစ်တောဦးစီးဌာနက ဖျက်ဆီးခဲ့ကြောင်း ဦးလှထွေးက ပြောသည်။

ယခုဘဏ္ဍာနှစ်တွင်း တနင်္သာရီတိုင်းတွင် တရားဝင်မီးသွေးထုတ်လုပ်ခွင့် ကုဗတန်တစ်သောင်းခွင့်ပြုပေးထားပြီး ကျွန်းစုမြို့နယ်တွင် မီးသွေးကုဗပေ ၁၄၀၀ သာ ခွင့်ပြုထားကြောင်း ဦးလှထွေးက ဆိုသည်။

Dawei Watch