အခြေခံ ကျောင်းသား တစ်ထောင် နီးပါးကို ခရစ်ကက် ကစားနည်း သင်တန်းပေးမည်

0
651

ထားဝယ်နှင့် လောင်းလုံးမြို့ရှိ အခြေခံပညာ အဋ္ဌမတန်းနှင့် န၀မတန်း ကျောင်းသား တစ်ထောင်နီးပါးကို ခရစ်ကက် အားကစားနည်း သင်တန်း ပေးမည်ဖြစ်ကြောင်း တနင်္သာရီတိုင်း အားကစားနှင့် ကာယပညာ ဦးစီးဌာန ထံမှ သိရသည်။

ထားဝယ်မြို့ပေါ်ရှိ အလယ်တန်း၊ အထက်တန်းကျောင်းများနှင့် လောင်းလုံး မြို့ရှိ အထက်တန်းကျောင်းတို့မှ ကျောင်းသူ၊ ကျောင်းသား ၈၈၀ ဦးကို မြန်မာနိုင်ငံ ခရစ်ကက်အားကစား အဖွဲ့ချုပ်မှ နည်းပြဆရာ ၁၀ ဦးက စက်တင်ဘာလ ၁၆ ရက်မှ ၂၁ ရက် အထိ လာရောက်သင်ကြားပေးမည်ဖြစ် ကြောင်း အထက်ပါဌာန ညွှန်ကြားရေး မှူး ဦးစိုးမိုးနိုင်က ပြောသည်။

မြန်မာနိုင်ငံ ခရစ်ကက် အားကစား အဖွဲ့ချုပ်မှ နည်းပြဆရာများက ထားဝယ် ခရိုင်ရှိ အခြေခံကျောင်းများမှ ကာယ နည်းပြဆရာများကို ခရစ်ကက် ကစား နည်းသင်တန်း အရင်သင်ကြားပေးမည် ဖြစ်ကြောင်း ဦးစိုးမိုးနိုင်ကပြောသည်။

ယင်းနောက် မြန်မာနိုင်ငံ ခရစ်ကက် အားကစားအဖွဲ့ချုပ်မှ နည်းပြများနှင့် သင်တန်းတက်ထားသည့် ကာယဆရာ များ ပူးပေါင်းပြီး သက်ဆိုင်ရာကျောင်း များသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများအား ခရစ်ကက် အားကစား နည်း သင်ကြားပေးမည် ဖြစ်သည်။

“ကျောင်းက ဆယ့်တစ်ကျောင်းရွေး ထားတယ်။ ထားဝယ်မြို့ပေါ်က အလယ် တန်း၊ အထက်တန်းကျောင်း အကုန် ပါမယ်။ လောင်းလုံး အထက်တန်း ကျောင်း တစ်ကျောင်းပါမယ်။ သင်တန်း တက်ဖို့ တစ်ကျောင်းမှာ ကျောင်းသား ၄၀၊ ကျောင်းသူ ၄၀ ကို ကျောင်းတွေက ရွေးပေးရမယ်”ဟု ၎င်းကရှင်းပြသည်။

ယင်းကဲ့သို့ ကျောင်းသား၊ ကျောင်းသူများကို ခရစ်ကက် အားကစား နည်း သင်ကြားပေးသည့် အစီအစဉ် သည် မြန်မာနိုင်ငံတွင် ခရစ်ကတ် အားကစားနည်း ဖွံ့ဖြိုးတိုးတက်လာစေ ရန်အတွက် ခရစ်ကက် အားကစား အဖွဲ့ချုပ်က ဆောင်ရွက်နေသည့် အစီ အစဉ်တစ်ခုဖြစ်ကြောင်း တိုင်းအားကစား နှင့် ကာယပညာ ဦးစီးဌာနထံမှ သိရ သည်။

ကျော်သူစိုး