ထီလက်မှတ်ကို ပြင်ပတွင်ဝယ်ပြီး ဈေးတင်ရောင်းသူများကို အရေးယူရန် အခက်အခဲရှိဟုဆို

0
734

ကျပ်တစ်ထောင်တန် အောင်ဘာ လေထီကို တနင်္သာရီတိုင်း ပြည်တွင်း အခွန်များ ဦးစီးဌာနတွင် ၀ယ်ယူခြင်း မရှိဘဲ ပြင်ပမှ ၀ယ်ယူကာ ဈေးတင် ရောင်းနေသည့် ထီအရောင်းဆိုင်များကို အရေးယူရန် အခက်အခဲရှိကြောင်း ယင်းဌာနထံမှ သိရသည်။

ဧပြီလမှ စတင်ရောင်းချနေသည့် ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ် ရောင်းချသူများသည် တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနတွင် ၀ယ်ယူရောင်းချနေသူများ ရှိသကဲ့သို့ မိုးယံ၊ ရွှေမြန်မာ စသည့် ထီဆိုင်များတွင် တစ်ဆင့်ခံ ယူရောင်း နေသူများလည်း ရှိသည်။

၎င်းအနက် တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနနှင့် စာချုပ်ချုပ်ကာ ရောင်းချနေသူများကိုသာ ဈေးတင် ရောင်းချပါက စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်မှုဖြင့် အရေးယူ နိုင်ကြောင်း အထက်ပါဌာနမှ အရာရှိ တစ်ဦးက ပြောသည်။

မိုးယံ၊ ရွှေမြန်မာ ပင်ရင်းဆိုင်များ တွင် ၀ယ်ယူကာ ဈေးတင်ရောင်းချ နေသူများကိုမူ ယင်းဌာနနှင့် စာချုပ်ချုပ်ဆိုထားခြင်းမရှိသဖြင့် အရေးယူရန် အခက်အခဲရှိကြောင်း အထက်ပါ အရာရှိက ပြောသည်။

“ဒီဌာနက ရဲမဟုတ်တော့ ဖမ်းလို့ မရဘူး။ စာချုပ်စည်းကမ်းအတိုင်း အရေးယူလို့ပဲ ရတယ်။ ပြင်ပမှာ ၀ယ်ထား တာတဲ့ ကုန်သည်ဆိုရင်တော့ အရေးယူ ဖို့ အခက်အခဲ ရှိတယ်” ဟု ၎င်းအရာရှိက ဆိုသည်။

ထားဝယ်တွင် တစ်ထောင်တန် ထီလက်မှတ်များကို စတင်ရောင်းချခဲ့ စဉ်က ထီတစ်စောင်လျှင် ကျပ်တစ် ထောင်သာရှိပြီး နောက်ပိုင်းတွင် တစ်စောင် ကျပ် ၁၁၀၀ သို့ ဈေးတက် သွားခဲ့သည်။

သြဂုတ်လတွင် နောက်ထပ် ငါးဆယ်ကျပ်နှင့် တစ်ရာကျပ်အကြား ဈေးထပ်တက်သွားပြီး တစ်စောင်လျှင် ကျပ် ၁၂၀၀၊ ကျပ် ၁၁၅၀ တို့ဖြင့် ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ရှိ ထီဆိုင်အချို့ထံမှ သိရသည်။

“ဘာလို့ဈေးတက်သွားတာလဲ ဆိုတော့ ပင်ရင်းမှာ ၀ယ်တာကိုက တစ်စောင်ကို ကိုးရာကျော်၊ တစ်ထောင် နားနီးနေပြီးလေ”ဟု ထားဝယ်မြို့ရှိ ထီအရောင်းဆိုင်ပိုင်ရှင် တစ်ဦးက ဆို သည်။

ထီဆိုင်များအနေဖြင့် ပြည်တွင်း အခွန်များဦးစီးဌာနတွင် ၀ယ်ယူပါက ထီလက်မှတ် ၁၁ စောင်ပါ တစ်အုပ်လျှင် ကျပ်တစ်သောင်းနှုန်းဖြင့် ရောင်းချလျက် ရှိသည်။

ထားဝယ်မြို့ရှိ အောင်ဘာလေ ထီထိုးသူများကမူ ထီလက်မှတ်ဈေး နှုန်းမြင့်တက်နေခြင်းကို အစိုးရက မထိန်းချုပ်နိုင်ခြင်းအပေါ် ဝေဖန်ပြောဆို နေကြသည်။

“ဒါကိုအစိုးရက မသိဘူးလား မေးချင်တယ်။ သိရင်တော့ ပြည်သူတွေ အတွက် ကြည့်သင့်တယ်။ အရေးယူသင့် တယ်” ဟု ထားဝယ်မြို့ ကရပ်ပြင် ရပ်ကွက်မှ ဒေါ်သီးလှက ပြောသည်။

တနင်္သာရီတိုင်း ပြည်တွင်းအခွန် များဦးစီးဌာနတွင် ၀ယ်ယူထားသည့် ထီလုပ်ငန်းရှင်များကိုမူ ထီလက်မှတ် ဈေးတင်ရောင်းချခြင်းမပြုရန် အသိပေး ညွှန်ကြားထားကြောင်း ယင်းဌာနမှ အရာရှိတစ်ဦးကပြောသည်။

ထီလက်မှတ်များကို ဈေးတင် ရောင်းချပါက စာချုပ်ပါ စည်းကမ်း ဖောက်ဖျက်မှုဖြင့် ထီရောင်းချခွင့် ပိတ်သိမ်းခြင်း၊ စရန်ငွေကိုနိုင်ငံတော် ပိုင်အဖြစ်သိမ်းဆည်းခြင်း၊ အမည်ပျက် စာရင်းသွင်းခြင်း စသည်ဖြင့် အရေးယူ နိုင်ကြောင်း တနင်္သာရီတိုင်း ပြည်တွင်း အခွန်များဦးစီးဌာနထံမှ သိရသည်။

Dawei Watch