ဖုန်းဆိုင်ဖောက်ထွင်းပြီး ဓာတ်ဆီလောင်းမီးရှို့သူ ဖမ်းမိ၊ ထောင်ဒဏ်တစ်သက်တစ်ကျွန်းကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်

0
4271
ဓာတ်ပုံ - ဖြိုးကိုကို

ထားဝယ်၊ စက်တင်ဘာ ၂၆

ထားဝယ်မြို့လယ်ရှိ ဖုန်းဆိုင်ကို ဖောက်ထွင်းပြီး ဓာတ်ဆီလောင်းမီးရှို့သူကို ကျူးလွန်ပြီး သုံးရက်အကြာတွင် ဖမ်းမိခဲ့ပြီး ၎င်းအား ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရနိုင်သည့် ပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

စက်တင်ဘာလ ၂၂ ရက် နံနက် စောစောက ထားဝယ်မြို့၊ အနောက်/မြို့တွင်းရပ်ကွက်ရှိ BSM ဖုန်းဆိုင် ဖောက်ထွင်းခံခဲ့ရပြီး ဖုန်းဟန်းဆက်များ ပျောက်ဆုံးကာ ဆိုင်ကိုဓာတ်ဆီလောင်းမီးရှို့ခဲ့ကြောင်း အထက်ပါရဲစခန်းထံမှ သိရသည်။

ယင်းကဲ့သို့ ဖောက်ထွင်းပြီးမီးရှို့သည်ဟု ယူဆရသည့် ထားဝယ်မြို့ ကညုံရပ်ကွက်၊ ကရပ်ပြင်တောင်ရပ်နေ အသက် ၁၉ နှစ်ခန့်ရှိ အမျိုးသားကို စက်တင်ဘာလ ၂၅ ရက်နေ့တွင် ဖမ်းဆီးနိုင်ခဲ့ပြီး CCTV မှတ်တမ်းအရ ယင်းသို့ ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း ထားဝယ် ရဲစခန်းမှူး ဒုရဲမှူးအောင်နိုင်မိုးက ဆိုသည်။

ဖုန်းဆိုင်အား ဖောက်ထွင်းပြီး မီးရှို့ခဲ့သည်ဆိုသည့် အမျိုးသားကို ထားဝယ်ရဲစခန်းတွင် ချုပ်နှောင်ထားပြီး ရာဇသတ်ကြီးပုဒ်မ- ၃၈၀/ ၄၃၆ ဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့မရဲစခန်းထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ- ၃၈၀ (နေအိမ်အတွင်း ခိုးမှု)ကို ဖောက်ဖျက်ပါက ၇ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

ရာဇသတ်ကြီးပုဒ်မ- ၄၃၆ (အိမ် အစရှိသည်တို့ကို ဖျက်ဆီးရန်ကြံရွယ်၍ မီး သို့မဟုတ် ပေါက်ကွဲစေတတ်သောအရာဖြင့် အကျိုးဖျက်ဆီးမှု)ကို ဖောက်ဖျက်ပါက တစ်သက်တစ်ကျွန်းဒဏ်ဖြစ်စေ၊ ၁၀ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုးဖြစ်စေ ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Dawei Watch