ထားဝယ်-ထီးခီးလမ်း ပျက်စီးမှုများနေ၍ ပုံမှန်ထက် လေးနာရီကြာ ပိုမောင်းနေရဟုဆို

0
1167

ထားဝယ်- ထီးခီးလမ်းပိုင်း နေရာ အချို့တွင် ဆိုးရွားစွာ ပျက်စီးနေသည့် အတွက် ပုံမှန်ထက် အချိန်လေးနာရီခန့် ကြာ ပိုမောင်းနေရကြောင်း ထားဝယ်-ထီးခီးပြေးဆွဲနေသည့် ယာဉ်မောင်းအချို့ က ပြောသည်။

ထားဝယ်-ထီးခီးခရီးစဉ်ကို ယခင်က လေးနာရီခန့်သာ ကြာမြင့်သော်လည်း လက်ရှိတွင် လမ်းပျက်စီးနေသည့်အတွက် ရှစ်နာရီခန့် ကြာမြင့်နေကြောင်း ယာဉ်မောင်းအချို့က ဆိုသည်။

အဆိုပါလမ်းပိုင်းရှိ မေတ္တာမြို့မှ ငါးရံ့နီချောင်းအထိ လမ်းပိုင်းတွင် ပျက်စီးမှု များနေကြောင်း ၎င်းတို့က ဆိုသည်။

လက်ရှိတွင် အန်စာတုံးနှင့် ပရိုဘောက် ကဲ့သို့သော ကားငယ်များ သွားလာ၍ မရတော့ဘဲ ဠငါသ ကားများသာ သွား လာနိုင်တော့ကြောင်း ထားဝယ်- ထီးခီး မော်တော်ယာဉ်အသင်း ကော်မတီဝင်နှင့် နဂါးနီကားဂိတ်တာဝန်ခံဖြစ်သူ ဒေါ်သက်သက် ဆွေက ဆိုသည်။

“သွားမယ်ဆိုရင် ကားမှာ ပေါက်တူး ယူသွားရတယ်။ ကုန်ကားကြီးတွေ သွားလာပြီးရင် လမ်းမှာက မြောင်းဖြစ် သွားလို့ ကားတွေသွားလို့ရအောင် မြေတွေကို ပြန်ဖြည့်ရတယ်”ဟု ဒေါ်သက် သက်ဆွေက ပြောသည်။

လမ်းပျက်စီးနေသည့်အခြေအနေတွင် လမ်းပြုပြင်သူများက အနီးအနားရှိ မြေကိုယူပြီး ပြုပြင်နေသည့်အတွက် အချိန်အနည်းငယ်အကြာတွင် ပျက်စီး သွားလေ့ရှိကြောင်း ထားဝယ်-ထီးခီး ယာဉ်မောင်းတစ်ဦးဖြစ်သူ ဦးမိုးလှိုင်က ဆိုသည်။

မေတ္တာမြို့နှင့် ဗိုလ်လားထော်ဂိတ် ကြားတွင် ပျက်စီးနေသည့် နေရာနှစ်ခု ရှိပြီး ဗိုလ်လားထော်ဂိတ်နှင့် ငါးရံ့နီ အထိ နေရာအများစုတွင် ပျက်စီးမှုများ ကြောင်း ယာဉ်မောင်းအချို့က ဆိုသည်။

“ငါးရံ့နီကနေ လားထော်ဂိတ်ကြား အထိဆိုရင် လယ်ထဲမှာ နောက်ဆုံးစပါး စိုက်ခါနီး ထွန်ယက်ထားသလိုဖြစ်နေတယ်” ဟု ယာဉ်မောင်းဦးမိုးလှိုင်က ဆိုသည်။

အဆိုပါလမ်းပိုင်းပျက်စီးနေသည့် နေရာများတွင် ဗွက်များကိုရှင်းလင်းကာ ကျောက်ရောမြေခင်းနိုင်ရန် လုပ်ဆောင် နေကြောင်း လမ်းဦးစီးဌာန ထားဝယ်ခရိုင် ဦးစီးမှူး ဦးနေအောင်ထူးက စက်တင် ဘာလ ၁၃ ရက်တွင် ပြောသည်။

လက်ရှိတွင် စက်ယန္တရား ၇ စီး နှင့် လမ်းအလုပ်သမားအဖွဲ့ ၂ ဖွဲ့ဖြင့် ပြုပြင်နေပြီး ဗွက်ရှင်းလင်းပြီးပါက ချိုင့်ခွက်ဖြစ်နေသည့် နေရာများတွင် ညီညာသွားစေရန် ကျောက်ရောမြေ ခင်းမည်ဖြစ်ကြောင်း ဦးနေအောင်ထူးက ဆိုသည်။

သို့ရာတွင် မိုးရွာသွန်းနေချိန်တွင် ကျောက်ရောမြေခင်း၍မရဘဲ အနည်းငယ် ခြောက်သွေ့ချိန်မှသာ လုပ်ဆောင်ရ ကြောင်း ၎င်းက ရှင်းပြသည်။

“(ဗွက်)အနည်အနှစ်တွေကို အရင် ဖယ်ထုတ်မယ်။ ပြီးမှကျောက်ရောမြေတွေပြန်ဖြည့်ပြီးတော့ လမ်းညီအောင် ပြန်လုပ်သွားမယ်” ဟု ဦးနေအောင်ထူး က ပြောသည်။

အဆိုပါလမ်းပိုင်းတွင် တောင်ပြို သည့် နေရာလေးခုခန့်ရှိပြီး ပြိုကျလာ သည့် မြေစာအားလုံးကို ရှင်းလင်းလိုက် ပါက ထပ်မံပြိုကျ လာနိုင်သည့်အတွက် ကားများဖြတ်သန်းသွားနိုင်မည့် အကျယ် အ၀န်းကိုသာ ရှင်းလင်းပြီး မြေစာပုံကို ချန်ထားရခြင်းဖြစ်ကြောင်း ၎င်းက ရှင်း ပြသည်။

လမ်းပျက်စီးနေသည့်အတွက် ပရိုဘောက်နှင့် အန်စာတုံးကားများ သွား၍မရဟု ယာဉ်မောင်းအချို့က ဆိုသော် လည်း ဦးနေအောင်ထူးကမူ ယင်းကားများ သွားလာနေကြသည်ကို စက်တင်ဘာလ ၁၃ ရက်က တွေ့ခဲ့သည်ဟု ဆိုသည်။

ထားဝယ်အထူးစီးပွားရေးဇုန်မှ ထီးခီးနယ်စပ်အထိ ၁၅၆ ကီလိုမီတာ အရှည် ရှိသည်။

အဆိုပါလမ်းကို ယခုနှစ်မိုးရာသီ တွင် လွယ်ကူချောမွေ့စွာသွားလာနိုင်ရန် ပျက်စီးနေသည့်နေရာများကို ၂၀၁၈-၁၉ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု အထူးပြင် ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေ ကျပ်သိန်း ၂၁၀၀ နှင့် တိုင်းဒေသကြီးပြင်ဆင် ထိန်း သိမ်းခြင်း ရန်ပုံငွေ ကျပ် ၁၀၈၇ သိန်း စုစုပေါင်းရန်ပုံငွေ ကျပ် ၃၁၈၇ သိန်း သုံးစွဲကာ ပြုပြင်ထိန်းသိမ်းနေကြောင်း ပြည်ထောင်စုဆောက်လုပ်ရေး ၀န်ကြီး က ပြောဆိုထားသည်။

အဆိုပါရန်ပုံငွေဖြင့် ယခုနှစ်ဆန်း တွင် ကျောက်ရောမြေခင်းထားခဲ့ပြီးနောက် မိုးရွာသွန်းမှုများချိန်တွင် ပြန်လည် ပျက်စီးသွားခဲ့ခြင်း ဖြစ်သည်။

ကိုဇော်