ဒုတိယဗိုလ်မှူးကြီး အယောင်ဆောင်ကာ ကျပ်သိန်း ရှစ်ဆယ်နီးပါး လိမ်ညာယူခဲ့သူကို ဖမ်းမိ

0
1079

မြိတ်မြို့တွင် တပ်မတော် ဒုဗိုလ်မှူးကြီး အယောင်ဆောင်ကာ ကျပ်သိန်း ရှစ်ဆယ်နီးပါးကို နည်းအမျိုးမျိုးဖြင့် လိမ်ညာယူ ခဲ့သူတစ်ဦးကို စက်တင်ဘာ လ ၈ ရက်က ဖမ်းမိခဲ့ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ထံမှ သိရသည်။

အောင်မင်္ဂလာရပ်ကွက်တွင် နေ ထိုင်သည့် အသက် ၃၉ နှစ်အရွယ်ရှိ အမျိုးသားက တပ်မတော်၏ဒုဗိုလ်မှူး ကြီး  အယောင်ဆောင်ကာ နည်းအမျိုး မျိုးဖြင့် ငွေကြေးလိမ်လည်ယူနေကြောင်း သတင်းအရ နေအိမ်တွင် သွားရောက် ဖမ်းဆီးခဲ့ကြောင်း ရဲမှတ်တမ်းအရ သိရ သည်။

ဒုဗိုလ်မှူးကြီး အယောင်ဆောင် သည့်အမျိုးသားကို စစ်ဆေးရာ မူးယစ် တိုက်ဖျက်ရေးအဖွဲ့ဝင် ကတ်ပြားနှင့် ပြောက်ကျား ယူနီဖောင်းထုတ်ပေးမည်၊ ထောင်ကျနေသူကို လွတ်မြောက်အောင် ကူညီပေးမည်၊ မြေယာပြန်ရအောင်လုပ် ပေးမည်၊ ကားလိုင်စင်လုပ်ပေးမည်၊   အုပ်ချုပ်ရေးမှူးရာထူး ရအောင်လုပ်ပေး မည်၊ သစ်ရောင်းချခွင့်ပါမစ်ရအောင်လုပ် ပေးမည် အစသဖြင့် အမျိုးမျိုး လိမ်ညာ ပြောဆိုကာ ငွေကြေးများ လိမ်လည်ရ ယူခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

မြိတ်မြို့နေ အမျိုးသား ၉ ဦးကို အထက်ပါအတိုင်း လိမ်ညာပြီး ငွေကျပ် ၇၉ သိန်းကျော် လိမ်ညာရယူခဲ့ပြီးဖြစ် ကြောင်း ရဲမှတ်တမ်းအရ သိရသည်။

အထက်ပါ အမျိုးသားမှာ ပြီးခဲ့ သည့် ၇ လခန့်က ရန်ကုန်မြို့မှ မြိတ်မြို့သို့ ပြောင်းရွှေ့နေထိုင်ခဲ့ခြင်း ဖြစ်ပြီး ၎င်းင်းနေအိမ်တွင် ဒုဗိုလ်မှူးကြီး အသွင်ရိုက်ကူးထားသည့် ဓာတ်ပုံချိတ် ဆွဲထားကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြ သည်။

ဒုဗိုလ်မှူးကြီး အယောင်ဆောင်ပြီး ငွေကြေးလိမ်လည်နေသည့် အမျိုးသား ကို ရာဇသတ်ကြီးပုဒ်မ- ၁၇၀/၄၂၀ ဖြင့် မြိတ်မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း တိုင်းရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ရာဇသတ်ကြီးပုဒ်မ- ၁၇၀ (ပြည် သူ့ဝန်ထမ်းအယောင်ဆောင်ခြင်း) ကို ဖောက်ဖျက်ပါက ၂ နှစ်အထိ ထောင်ဒဏ် တစ်မျိုးမျိုး ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ခံရမည် ဖြစ်သည်။

ရာဇသတ်ကြီးပုဒ်မ-၄၂၀ (ပစ္စည်း ကို ပေးအပ်စေရန် လိမ်လည်၍ မရိုး မဖြောင့် သောသဘောနှင့် သွေး ဆောင် ခြင်း) ကို ဖောက်ဖျက်ပါက ၇ နှစ်အထိ ထောင်ဒဏ်တစ်မျိုးမျိုး ချမှတ်ရမည့် အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။

Dawei Watch