လူငယ်များအတွက် အနာဂတ်ပေးပါ

0
43

တလောက ညနက်လာရင် ထားဝယ် မြို့မှာ ပေါက်ကွဲသံတွေ ကြားရလို့ဆိုပြီး ၀ိုင်းပြီး စူးစမ်းကြတယ်။ အဲဒီအချိန်က ရှမ်းမြောက်မှာလည်း စစ်တွေ စဖြစ်နေတဲ့ အချိန်ဆိုတော့ နည်းနည်းလန့်ပါတယ်။ ညစဉ်ရက်ဆက် ဖြစ်လာတော့ အစိုးရကို လည်း ၀ိုင်းပြောကြ၊ ရဲကိုလည်း ၀ိုင်းအော် ကြနဲ့ အဲဒီကိစ္စစစ်ဆေးဖို့ ၀န်ကြီးချုပ် ကိုယ်တိုင် ထုတ်ပြောရတဲ့ အထိ ဖြစ်လာ တယ်။

မကြာသေးမီက တရားခံ မိပြီဆိုပြီး သတင်းတွေမှာ တွေ့လိုက်တယ်။

ပေါက်ကွဲသံတွေ ကြားရအောင် လုပ်သူတွေဟာ အသက် ၁၉ နှစ်အရွယ် လူငယ်နှစ်ဦးနဲ့ အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးတို့ ဖြစ်တယ်ဆိုပြီး ပုံတွေနဲ့ တကွ သတင်းတွေမှာ ဖော်ပြလာကြတယ်။

ခေါင်းထဲမှာ ခေါင်းလောင်းသံတွေ မြည်သွားတယ်။

အချို့ကတော့ Facebook ပေါ်မှာ ၀ိုင်းဆဲကြတယ်။ ဒီကောင်တွေ ဘာလဲ ညာလဲပေါ့။ ဖင်ယားတယ်ပေါ့။ အဲဒီမှာ ခေါင်းထဲက ခေါင်းလောင်းသံက ပိုကြမ်း လာတယ်။

အမှုကျူးလွန်စေနိုင်တဲ့ အကြောင်း ရင်း အမျိုးမျိုးရှိနိုင်ပေမဲ့ ရှုထောင့်တစ်ခုက နေ တွေးကြည့်မိတယ်။ သူတို့ကို ဒီလိုဖြစ် လာစေတဲ့ လူ့အသိုင်းအ၀ိုင်းက ဘယ်လို တွန်းပို့စေလိုက်လဲ။

တက်လာတဲ့ သတင်းတွေကို လိုက် ဖတ်ကြည့်တော့ သူတို့ ဘာကြောင့် ဒီလို လုပ်ရတယ်ဆိုတာကို ရဲက ဖြေထားတာ မတွေ့ဘူး။ စစ်နေတုန်းပဲလို့ ရေးထားတယ်။

တအားကို သိချင်နေကြတာက လည်း အဲဒါပဲ။ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ အမျိုးမျိုးရှိတယ်။ အဓိကက ဖမ်းမိတယ်ဆိုတဲ့ ဗျောက်အိုးက အဲလောက် အသံကျယ်ကျယ်ထွက်လား။ ဒီလူငယ် တွေကော တကယ်လုပ်ခဲ့ရဲ့လား ဆိုတာ မျိုးတွေလည်း မေးခွန်းထုတ်ကြတယ်။

ဒီဆောင်းပါးမှာ အဓိက ဆွေးနွေး လိုတာကတော့ အဲဒီ ကိစ်္စ မဟုတ်ပါဘူး။ လူငယ်နဲ့ မှုခင်းဆိုင်ရာ ရှုထောင့်ကနေ ဆွေးနွေးလိုပါတယ်။

သူတို့ ဒီအမှုကို ကျူးလွန်ခဲ့တာ မှန်ရင် သူတို့ ဘာကြောင့် ဒီလိုလုပ်ရတာလဲ။ ဒီလိုမြို့ထဲမှာ အသံကျယ်ကျယ်နဲ့ ဖောက်ခွဲ မှုဖြစ်အောင် ကျူးလွန်စေချင်လာအောင် စေ့ဆော်ပေးတဲ့ အရာတွေက ဘာတွေဖြစ် မလဲ။

အခုနောက်ပိုင်းမှာ မှုခင်းနဲ့ လူငယ် ဘာသာရပ်ကို ပြောကြ ဆွေးနွေးကြတဲ့ နေရာမှာ လူငယ်တွေ အမှုအခင်းတွေ ကျူးလွန်တယ်ဆိုတာ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ ပြဿနာအဖြစ် ရှုမြင်နေကြ ပြီဖြစ်ပါတယ်။

စားဝတ်နေရေးကြောင့် မဟုတ်ဘဲ လုပ်ချင်လို့ကို လုပ်တယ်ဆိုတဲ့ လူငယ်တွေ ရဲ့အမှုအခင်းတွေက ပိုပြီး စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ဥပမာ ထားဝယ်မှာ ဒီလို ဗျောက်အိုးခွဲတဲ့ ကိစ်္စမျိုးပေါ့။ ဒါမျိုး တွေ မြိတ်မှာလည်း ဖြစ်ဖူးပါတယ်။ အများ ပိုင်ပစ်္စည်းတွေကို အကြောင်းမဲ့ ဖျက်ဆီး တာမျိုးပေါ့။

လူ့အသိုင်းအ၀ိုင်းကို အရွဲ့တိုက် ချင်တာလား။ ဒါမှမဟုတ် လူ့အသိုင်း အ၀ိုင်းရဲ့ Attention (အလေးပေးစိတ် ၀င်စားမှု)ကို လိုချင်လို့ လုပ်တာလား။ သူ့တို့မှာ ပါဝါတစ်မျိုးမျိုး ရှိကြောင်း ပြချင်တာလား။

လူငယ်တွေမှာ ဒီလိုမျိုးတွေ ဖြစ်လေ့ ဖြစ်ထ ရှိပါတယ်။

အထူးသဖြင့် လူ့အသိုင်းအ၀ိုင်းထဲ စ၀င်လာတဲ့ အချိန်မှာ သူ့အရွယ်ရောက် ပြီဖြစ်ကြောင်း ပါဝါထုတ်ပြချင်တာမျိုး၊ သူ့တို့မှာ လုပ်နိုင်ကိုင်နိုင်ရှိကြောင်း၊ လူ့ အသိုင်းအ၀ိုင်းထဲမှာ ထိုက်တန်တဲ့ နေရာ တစ်ခုခု ရသင့်တယ်ဆိုတာမျိုး ထုတ်ပြ ချင်လေ့ရှိပါတယ်။ Social Status တစ်ခု လိုချင်တာပေါ့။

ဒါပေမဲ့ လူ့အသိုင်းအ၀ိုင်းက ဖယ်ကြဉ် ခံရထားရတဲ့လူငယ်တွေ၊ စောစောစီးစီး ပညာရေးခရီး ရပ်ဆိုင်းလိုက်ရပြီး အလုပ် လက်မဲ့ ဖြစ်နေသူတွေ၊ အနာဂတ်ပျောက် နေပြီလို့ ခံစားနေရသူတွေ၊ ကိုယ်ဟာ လောကအတွက် အသုံးမ၀င်သူ၊ မိဘဆွေ မျိုးတွေအတွက် အသုံးမကျသူ၊ Powerless  တွေအဖြစ် ခံစားနေရသူတွေ၊ အဲဒီ လူငယ် တွေဟာ သူတို့ရဲ့ ပါဝါကို တစ်နည်းနည်း နဲ့ ထုတ်ပြဖို့ ကြိုးစားရင်း အဆိုးဘက် ကိုရောက်သွားစေတတ်၊ အမှုအခင်း ကျူး လွန်စေတတ်၊ ဥပဒေပ လုပ်ရပ်တွေ ကျူး လွန်သွားစေ တတ်ပါတယ်။

နောက်ပြီး မူးယစ်ဆေးသုံးပြီး ထွက် ပေါက်ရှာတာမျိုးလည်း ဖြစ်လာနိုင်ပါ တယ်။

အဲဒါကြောင့် သူတို့ကို အရွယ်ရောက် လာရင် လူ့အသိုင်းအ၀ိုင်းထဲ နေရာတကျ ၀င်ဆံ့အောင် ဘယ်လို ကျွန်တော်တို့ ကူညီနိုင်မလဲ။ သူတို့က ဆင်းရဲသည် ဖြစ်စေ၊ ကျောင်းပညာတစ်ပိုင်းတစ်စပဲရှိသည်ဖြစ်စေ လောကကြီးအတွက် အသုံးမကျသူတွေလို့ သူတို့ကိုယ် သူတို့ အထင်မရောက်သွားအောင် ဘယ်လို ကူညီနိုင်မလဲ။

ဒါပေမဲ့ ကျွန်တော်တို့မှာ အခုဖြစ်နေ တာက သူတို့ကို ကူညီမယ့်အစား ဥပဒေ ဆိုတာကြီးနဲ့ ကိုင်ပေါက်ပြီး အပြစ်ပေးဖို့ လုပ်တော့တာပဲ။

အဲဒီမှာ အခြေအနေကို ပိုဆိုးသွားပါ စေတော့တယ်။

သူတို့ကို အပြစ်ပေးလိုက်တော့ ထောင်ထဲရောက်သွားရော။ ထောင်ထဲမှာ လူဆိုးအကြီးစားတွေ၊ ဂိုဏ်းချုပ်တွေနဲ့ အပေါင်းအသင်းဖြစ်သွားရော။ မူလက လူငယ်စိတ်အရ ဆိုးမိုက်ရုံ သက်သက် ဖြစ်ပေမဲ့ ထောင်ထဲမှာ လူဆိုးအကြီးစား တွေဆီမှာ တပည့်ခံမိသွားပြီး လူဆိုးအဖြစ် ခံယူလိုက်ကော။ လူဆိုးကွန်ရက်ကြီးထဲ ၀င်မိရက်သား ဖြစ်သွားကော။ ထောင်ဟာ သူတို့ အတွက် ဆိုးမိုက်ပညာသင်ယူရာ တက္ကသိုလ်ဖြစ်သွားရော။ ကြာလာတော့ လူဆိုးခေါင်းဆောင်တွေ ဖြစ်လာရော။

ဒါကြောင့် လူငယ်တွေ လူ့အသိုင်း အ၀ိုင်းအတွင်း ၀င်ဆံ့အောင် ဘယ်လို ကူညီမလဲဆိုတာ ကနဦးကတည်းက ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။

မြန်မာနိုင်ငံမှာတော့ အသက် ၁၆ နှစ်အောက်ကို ကလေးကို သတ်မှတ်ပြီး အပြစ်ကျူးလွန်ရင် ပြန်လည်ထူထောင် ရေး စခန်းတွေကို ပို့ပါတယ်။ ဒါပေမဲ့ အသက် ၁၈၊ ၁၉ ၀န်းကျင်တွေဆို ဘယ်လို စီမံလဲ သိချင်မိတယ်။

သေချာတာတစ်ခုကတော့ လူငယ်တွေ ကို ထောင်ထဲထည့်လိုက်တာဟာ ပိုဆိုးတဲ့ အခြေအနေတွေကို ဖန်တီးပေးတယ်ဆိုတာ သဘောပေါက်လာကြပါပြီ။

ဗြိတိန်မှာ လူငယ်တွေကို ထောင်ချနှုန်း များလာလို့ဆိုပြီး မူဝါဒရေးရာ ကျွမ်းကျင် သူတွေက ဝေဖန်နေကြပါတယ်။ လူငယ် တွေ အမှုအခင်းကျူးလွန်တိုင်း ထောင်ချ တာ၊ အကျဉ်းချထားတာမျိုးတွေဟာ ရေရှည်အတွက် ဘယ်လိုမှ မကောင်းနိုင် ဘူးဆိုပြီး ဝေဖန်နေကြပါပြီ။

ဗြိတိန်က ပညာရှင် အချို့ကတော့ ရေတိုမှာ ရဲတပ်ဖွဲ့ရဲ့ လုပ်ပိုင်ခွင့်ဘောင်ထဲ က ဆင်ခြင်ဥာဏ်ရှိရှိနဲ့ လုပ်တာမျိုးကို အားပေးပါတယ်။ ရေရှည်မှာတော့ မိဘ၊ စာသင်ကျောင်းနဲ့ ရဲတပ်ဖွဲ့ဝင်တွေ ပူးပေါင်း ပြီး ပညာပေးတာ၊ ကောင်းတာတွေ လုပ် နိုင်လာအောင် လမ်းကြောင်းဖွင့်ပေးတာ မျိုးလုပ်ကြဖို့ အားပေးပါတယ်။ တရားရုံး တွေဟာ အဖြေမဟုတ်တော့ဘူးလို့ ဆိုပါ တယ်။

ရဲတပ်ဖွဲ့ဝင်တွေ အနေနဲ့ လူငယ်တွေ အမှုအခင်း ကျူးလွန်မိတိုင်း ထစ်ခနဲရှိ အပြစ်ပေးဖို့၊ ရုံးတင်တရားစွဲ ဖို့ မလုပ်ဘဲ ဘယ်လို လိမ်္မာပါးနပ်စွာ ကိုင်တွယ်နိုင် မလဲဆိုတာကြည့်ပြီး လုပ်ခွင့်ဘောင် (Discretionary Power) ထဲ ကိုင်တွယ် ဖို့ တိုက်တွန်းကြပါတယ်။ တရားရုံး မတင်ဘဲ ဆိုးသွမ်းလူငယ်တွေကို ကိုင် တွယ်ပုံနည်းအဆင့်ဆင့်တွေ ရှိသင့်တယ် လို့ အကြံပြု ကြပါတယ်။

အမှုအခင်းအသေးတွေ ကျူးလွန်မိ ရင် မိဘတွေက တစ်ဆင့် အလွတ်သဘော အသိပေးတာလုပ်ဖို့၊ ကောင်းတာတွေ လုပ်နိုင်အောင် လမ်းဖွင့်ကူညီပေးဖို့၊ ရပ် ကွက်ထဲမှာ နည်းနည်းထူးခြားတဲ့ လူငယ် တွေကို သတိထားမိကြရင် သူတို့ အမှုအခင်း တွေ ကျူးလွန်မှ အပြစ်ပေးတာမျိုးထက် မကျူးလွန်မိအောင် ဘယ်လို လမ်းကြောင်း ပေးမလဲဆိုတာကို ရပ်ရွာ၊ ရဲတပ်ဖွဲ့တို့ ပေါင်းလုပ်ကြဖို့ စသည်ဖြင့် တိုက်တွန်း ကြတာ ရှိပါတယ်။

လူငယ်တွေက ဆိုးချင်လို့ ဆိုးတာ မဟုတ်ဘူးလို့ ပညာရှင်တွေက ဆိုပါ တယ်။ သူတို့ဟာ အကူအညီလိုနေသူ ဖြစ်တယ်။ လူ့အသိုင်းအ၀ိုင်းရဲ့ ဖေးမမှုကို လိုနေသူတွေ ဖြစ်တယ်။

အခန့်မသင့်လို့ အမှုအခင်းတွေ ကျူး လွန်မိရင်တောင်မှပဲ ဥပဒေ စာအုပ်ကြီး ကိုင်ပြီး အပြစ်ပေးဖို့ သက်သက်မဟုတ်ဘဲ အခြားသော လူမှုရေးရှုထောင့်အထွေထွေ ကနေ စဉ်းစားဖို့ လိုပါတယ်။ လူငယ် အမှုအခင်းဟာ ကျွန်တော်တို့ လူ့အ၀ိုင်း အ၀န်းတစ်ခုလုံးမှာ တာဝန်ရှိတယ်ဆိုတာ စဉ်းစားဖို့ လိုပါတယ်။

ဘယ်လိုသော လူငယ်ဖြစ်စေ ကျွန် တော်တို့ လူ့အ၀ိုင်းအ၀န်းက ပေါက်ဖွား လာသူတွေ ဖြစ်တယ်ဆိုတာ ကျွန်တော်တို့ သတိချပ်ဖို့လိုပါမယ်။ Product of our Society  ဖြစ်တယ်။ သူတို့ ဆိုးတာဖြစ် ဖြစ်၊ ကောင်းတာဖြစ်ဖြစ် ကျွန်တော်တို့ လူ့အ၀ိုင်းအ၀န်းတစ်ခုလုံးမှာ တာဝန်ရှိ တယ်ဆိုတာ နားလည်ဖို့ လိုပါတယ်။

တနင်္သာရီတိုင်းမှာ လူငယ်တွေ စုစုရုံးရုံးနဲ့  Youth Policy တွေ ဘာတွေ တက်တက်ကြွကြွလုပ်နေကြတော့ အားတက် မိတယ်။ ဒါကြောင့် ဒီလို လူငယ်ခေါင်း ဆောင်တွေ အနေနဲ့လည်း လူငယ်ဆိုး လေးတွေကို အပြစ်တင်တဲ့ ရှုထောင့်တစ်ခု တည်းကမကြည့်ဘဲ ဖေးဖေးမမနဲ့ လက်တွဲ ခေါ်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဘာလို့လဲဆိုတော့ သူတို့ဟာ ကျွန်တော် တို့ လူ့အဖွဲ့အစည်းက ပေါက်ဖွားလာသူ တွေ၊ ကျွန်တော်တို့ လူ့အဖွဲ့အစည်းက မွေးဖွားပေးလိုက်သူတွေ ဖြစ်နေလို့ပါပဲ။ သူတို့ ကောင်းခြင်း ဆိုးခြင်းဟာ ကျွန် တော်တို့မှာ တာဝန်ရှိလို့ပါပဲ။

လူငယ်ပြဿနာ၊ လူငယ့်မှုခင်းဟာ လူ့အသိုင်းအ၀ိုင်း တစ်ခုလုံးရဲ့ ပြဿနာ လည်း ဖြစ်ပါတယ်။ သူတို့ဟာ ကျွန်တော် တို့ အနာဂတ်လည်း ဖြစ်တယ်။ သူတို့ အတွက် အနာဂတ်ရှိဖို့လိုတယ်။ သူတို့ အိပ်မက်တွေ ရှိဖို့လိုတယ်။ သူတို့ လမ်း မပျောက်သွားဖို့ လိုပါတယ်။

ခွန်းသု