အရန်ဆန် တနင်္သာရီတိုင်းသို့ သယ်မည်

0
643

တနင်္သာရီတိုင်း၏ သဘာဝဘေးအတွက်ရည်ရွယ်ကာ ပဲခူးတိုင်း တောင်ငူမြို့တွင် ၀ယ်ထားသည့် အရန်ဆန်များကို တနင်္သာရီတိုင်းသို့သယ်ယူမည်ဟု ၀န်ကြီးချုပ် ဦးမြင့်မောင်က ပြောသည်။

ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်က ၀န်ကြီးချုပဟောင်း ဒေါက်တာလဲ့လဲ့မော်လက်ထက်က ၀ယ်ယူထားခြင်းဖြစ်ပြီး ယင်းဆန်များ ကို ယခုချိန်အထိ တောင်ငူဆန်ပွဲရုံတွင် သိုလှောင်ထားခြင်းဖြစ်သည်။

မလွှဲတောင် ကားလမ်းမြေပြိုပြီးနောက် တောင်ငူတွင်ထားသည့် အရန် ဆန်ကိစ္စ လူထုကြား ဝေဖန်မှုများ ရှိခဲ့ သည်။

ယခုအချိန်တွင် အရန်ဆန်များကို ပြန်သယ်ရန် ဆုံးဖြတ်လိုက်ပြီး တနင်္သာရီတိုင်းအတွင်း ဆန်များ ထားသိုရန်နေရာ စီစဉ်နေသည်ဟု ၀န်ကြီးချုပ်က ပြောသည်။

“(ဆန်)ပြန်သယ်ပြီး ထားဖို့နေရာ အတွက် ဆွေးနွေးရမယ့်အပိုင်းတွေ ရှိသေးတယ်”ဟု ၀န်ကြီးချုပ်က ပြောသည်။

အရန်ဆန် ကျပ်သိန်း ၁ ထောင်ဖိုးကို ဧည့်မထဆန်အမျိုးအစား ၈ ပြည် အိတ် ၄၂၅၅ အိတ်ကို ၀ယ်ထားကာ ပို့ဆောင်ခကို ရောင်းသူဘက်မှ ပေးရမည် ဖြစ်ကြောင်း ၀န်ကြီးချုပ်က တနင်္သာရီ အပတ်စဉ်သို့ သြဂုတ်လ ၂၃ ရက်က ပြောဆိုခဲ့ဖူးသည်။

အမှန်မှာ ၈ ပြည်အိတ် မဟုတ်ဘဲ ၁၀၈ ပေါင်အိတ်သာလျှင် ဖြစ်ကြောင်း ၀န်ကြီးချုပ် ဦးမြင့်မောင်က သြဂုတ်လ ၂၇ ရက်တွင် ပြန်လည်ရှင်းလင်း ပြောဆိုသည်။

၁၀၈ ပေါင် ၁ အိတ်လျှင် ၂၃၅၀၀ ကျပ် နှုန်းဖြင့် ၄၂၅၅ အိတ်နှင့် ၈ ပြည်အား ထားဝယ်မြို့အရောက် ကျပ်သိန်း ၁ ထောင် ဖိုးဖြင့် ၀ယ်ယူထားခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြန်လည် ရှင်းလင်းထား သည်။

၄၂၅၅ အိတ်နှင့် ၈ ပြည် ဟု ဖော်ပြ သည်ကို ၈ ပြည်အိတ်ဟု ယူဆကာ ပြောဆိုမိခြင်းသာ ဖြစ်ကြောင်း ၀န်ကြီးချုပ်က ပြောသည်။

အထက်ပါအရန်ဆန်ကို ပဲခူးတိုင်း၊ တောင်ငူမြို့ “မိဘမေတ်္တာ”ဆန်ပွဲရုံပိုင်ရှင် ဦးယဉ်ထွေးထံတွင် ၀ယ်ယူထားခြင်း ဖြစ်သည်။

ဦးယဉ်ထွေးက ထိုဆန်များကို တိုင်းအစိုးရက သယ်ယူမည်ဆိုက တနင်္သာရီတိုင်းသို့ ပေးပို့ရန် အသင့်ရှိကြောင်း ပြောသည်။

Dawei Watch