ထားဝယ်မြို့သစ်တွင် စာသင်ကျောင်း၊ ဈေးနေရာများ ဖော်ဆောင်ရန် မြေနေရာ မရှိတော့

0
1022

ထားဝယ်မြို့သစ်ဧရိယာအတွင်း စာသင်ကျောင်း၊ ဈေး၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးရုံးများ ပြန်လည် တည်ဆောက်ရန် မြေနေရာ မရှိတော့ကြောင်း တနင်္သာရီ တိုင်းဒေသကြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း ဖြေကြားချက်အရ သိရသည်။

ပြီးခဲ့သည့်ဇွန်လက မဲဆန္ဒနယ် အမှတ် ၁  အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်း၏ ကြယ်ပွင့်မပြ (စာဖြင့်) မေးမြန်းချက်အပေါ် ၀န်ကြီး ဦးမြင့်စန်းက စာဖြင့်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ဦးအောင်ဝင်း၏ ကြယ်ပွင့်မပြမေး ခွန်းမေးမြန်းမှုအပေါ် တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဖြေကြားမှုအား ဇူလိုင်လ အစောပိုင်းက ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးမှတစ်ဆင့် ပေးပို့ခဲ့ခြင်း ဖြစ်သည်။

၁၉၉၀ ခုနှစ်တွင် ဖော်ဆောင်ခဲ့သည့် ထားဝယ်မြို့သစ်တိုးချဲ့စီမံကိန်းတွင် ပါဝင်သည့် ဏ့ျေန ၁  အပိုင်းကို ပြန် လည် ဖော်ဆောင်ပေးရန် အစီအစဉ်ရှိ/ မရှိ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ဝင်းက ကြယ်ပွင့်မပြမေးခွန်း မေးမြန်းခဲ့သည်။

ထားဝယ်မြို့သစ်ဧရိယာအတွင်း စာသင်ကျောင်း၊ ပန်းခြံ၊ ဈေး၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၊ ရေပေးဝေရေးအတွက် ထပ်ဆင့် ရေလွှတ်ပေးမည့် မြေနေရာ များမှာ ထားဝယ်မြို့သစ်တိုးချဲ့စီမံကိန်း စတင်မြေကွက်ရိုက်စဉ်က သတ်မှတ် လျာထားခဲ့ကြောင်း ၀န်ကြီးဦးမြင့်စန်းက ဖြေဆိုထားသည်။

အထက်ပါမြေနေရာများမှာ မြို့ ကွက်သစ် “ဆ”အပိုင်းတွင်ရှိပြီး ၂၀၀၆- ၂၀၀၇ ခုနှစ်ခန့်က လေယာဉ်ကွင်းတိုးချဲ့ရာတွင် သိမ်းဆည်းခံရသူများနှင့် ဌာန ဆိုင်ရာ ၀န်ထမ်းများကို ၄၀ ပေ၊ ၈၀ ပေ အကျယ်ရှိ မြေကွက်ပေါင်း ၃၀ ကွက် ရိုက်ကာ ချထားပေးခဲ့ကြောင်း ၀န်ကြီး၏ ဖြေဆိုချက်တွင် ပါဝင်သည်။

အဆိုပါမြေကွက်များပေါ်တွင် နေအိမ်များ ဆောက်လုပ်နေထိုင်လျက် ရှိပြီး အစားထိုးပြန်လည်ဖော်ဆောင်ပေး ရန် မြို့သစ်အတွင်း မြေနေရာ မရှိ တော့ကြောင်း ၀န်ကြီးဦးမြင့်စန်းက ဖြေဆို ထားသည်။

ဦးအောင်ဝင်းက မြို့သစ်ဧရိယာကို ရပ်ကွက်အသစ်တစ်ခု သတ်မှတ်နိုင်ရန် လာမည့်ဇူလိုင်လတွင် ကျင်းပမည့် အမျိုးသား လွှတ်တော် အစည်းအဝေးတွင် မေးခွန်းမေးရန် ကြိုးပမ်းနေသည်။

လက်ရှိ ထားဝယ်မြို့သစ်မှာ ဆန်းချီ၊ ဆင်ဆိပ်နှင့် ၀ဲကျွန်းရပ်ကွက်အုပ်စုများ တွင်  တစ်စိတ်တစ်ပိုင်းစီ ပါဝင်နေသည်။

ထားဝယ်မြို့သစ်ရှိ စာသင်ကျောင်း၊ ပန်းခြံ၊ ဈေး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး အတွက် သတ်မှတ်လျာထားခဲ့သည့်နေရာများတွင် မြေကွက်ချထားပေးမှုအပေါ် တိုင်းအစိုးရနှင့် ညှိနှိုင်းကာစာရင်း ကောက်ယူပြီး ပြန်လည်စိစစ်ရန်ရှိကြောင်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဝင်းက ဆိုသည်။

“ထားဝယ်မြို့သစ်ကို ရပ်ကွက်တစ် ခုဖြစ်ဖို့ဆိုတာ ကျောင်းရှိဖို့ လိုတယ်၊ ရပ်ကွက်ရုံးရှိဖို့ လိုတယ်၊ ဒီအတွက် အဓိကထားပြီး မေးလိုက်တာပဲ”ဟု ဦးအောင်ဝင်းက ပြောသည်။

လက်ရှိတွင် ထားဝယ်မြို့သစ် အတွင်း ဈေး၊ ကျောင်း အစရှိသည့် အများပြည်သူနှင့် သက်ဆိုင်သည့် နေရာများ မရှိသည့်အတွက် အခက်အခဲများစွာ ကြုံတွေ့နေရကြောင်း ထားဝယ်မြို့သစ် ၆ လမ်းနေ အသက် ၄၀ နှစ်အရွယ် အမျိုးသားတစ်ဦးက ဆိုသည်။

“ဖြစ်နိုင်မယ်ဆိုရင် ဈေးနဲ့ စာသင် ကျောင်း ရှိစေချင်တယ်”ဟု အထက်ပါ အမျိုးသားက ပြောသည်။

၎င်းအပြင် ထားဝယ်မြို့သစ် တစ်ခု၏ အဓိကလမ်းမတစ်ခုဖြစ်သည့်  ၅ လမ်း မှာ တစ်ဆက်တည်း ဖြစ်ရမည့်အစား အိမ်ခြံမြေကွက်များကြားခံနေပြီး ပြတ်တောက်လျက်ရှိသည်။

Dawei Watch