ဘိလပ်မဟာတန်း ကျောင်းသား – ၁၇

0
1116

ကျမ်းပြုချိန်

မေလဆန်း စာတမ်းများတင်ပြီးချိန်နှင့် မရှေးမနှောင်းမှာပင် ကျမ်းပြုရေး လမ်းညွှန်အတွက် အတန်းက ခေါ်ပြီဖြစ်သည်။ အချို့ကျောင်းသားများက စာတမ်း တင်ရန် ရက်ချိန်းကို နောက်ဆုတ်ခွင့် တောင်းကြရာကျမ်းပြုရေး လမ်းညွှန် အတန်းခေါ်ချိန်တွင် အချို့သူတို့က စာတမ်းရေးတုန်း တန်းလန်း ဖြစ်သည်။

ကိုယ်တွေကတော့ စာတမ်းတင်ရမည့် နောက်ဆုံးရက်ကို ထပ်မရွှေ့တော့။ ထိုကြောင့် ကျမ်းပြုရေးလမ်းညွှန်အတန်း ခေါ်ချိန်တွင် လွတ်လွတ်ကျွတ်ကျွတ် ဖြစ်နေ ပြီဖြစ်သည်။

ကျမ်းပြုခြင်းကိုအမျိုးအမျိုးခေါ်ကြပြီး အင်္ဂလန်တွင်မူ Dissertation ဟု ခေါ် ကြသည်။

ကျမ်း၏ အရှည်ကလည်းတက္ကသိုလ် အပေါ် မူတည်၍ အမျိုးမျိုး ရှိသည်။ မိတ်ဆွေအချို့ကို မေးကြည့်ရသလောက် ကျမ်း၏အရှည်မှာ စာမေးပွဲ ရှိ၊ မရှိအပေါ် မူတည်သည်။ မဟာဘွဲ့တန်းတွင် အင်္ဂလန် ရှိ အချို့တက္ကသိုလ်များမှာ
စာမေးပွဲလည်း ရှိသည်။ စာတမ်းလည်း တင်ရသည်။ အချို့ တက္ကသိုလ်များမှာ စာမေးပွဲမရှိ။ စာတမ်း
သာ တင်ရသည်။ စာမေးပွဲရှိသည့် တက္ကသိုလ်များရှိ ကျောင်းသားများ တင်ရသော စာတမ်း (ပညာရပ်ဆိုင်ရာ
အက်ဆေး) မှာ တိုသည်။ စာမေးပွဲ မရှိသည့် တက္ကသိုလ် များတွင်မူ စာတမ်းက ရှည်သည်။

ဥပမာ ဘရစ္စတိုရှိမူဝါဒရေးရာ မဟာဘွဲ့အတန်းတွင် စာမေးပွဲ မရှိ။ စာတမ်းသာ တင်ရသည်။ စာတမ်းအရှည်မှာ စာလုံး
ရေ လေးထောင်ဖြစ်သည်။ အချို့သော စာမေးပွဲရှိသည့် တက္ကသိုလ်များမှာ စာတမ်းကို အလုံးရေနှစ်ထောင်ခန့်သာ တင်ရသော တက္ကသိုလ်များလည်း ရှိသည်။

ထိုကြောင့်စာတမ်းနည်းတူပင် ကျမ်းအရှည်မှာလည်း စာမေးပွဲ ရှိခဲ့သည့် အခြေအနေ အပေါ် မူတည်၍ အတို အရှည်ကွာသွားသည်။

ဥပမာ ဘရစ္စတိုတွင် ကျမ်းအရှည်မှာ စာလုံးရေ ၁၂၀၀၀ မှ ၁၅၀၀၀ အထိ ရှိသည်။ အချို့သော စာမေးပွဲရှိခဲ့သည့် တက္ကသိုလ်များတွင်မူ ကျမ်းအရှည်မှာ စာလုံးရေ ၈၀၀၀ သာ တင်ရ သည်။ အားလုံးတော့အတိအကျ မတူလှ။ သူ့တက္ကသိုလ် သူ့မူအရ အမျိုးမျိုးကွဲသွား သည်။

မေလဆန်းတွင်ခေါ်ယူသော ကျမ်းပြု နည်း လမ်းညွှန် အချိန်မှာ တကယ်တော့ ကျမ်းပြုနည်း လမ်းညွှန်အချိန်များတွင်
နောက်ဆုံးအချိန် ဖြစ်သည်။ အစုံဆုံး အချိန်လည်း ဖြစ်သည်။ ဒုတိယ လပတ် အတန်းများ စကတည်းကပင်ကျမ်းပြုနည်း အတွက် တစ်ပတ်ကို တစ်ချိန် စာသင်ခန်းတွင် ပို့ချသည်။

ယခင် ရေးသားချက်များကိုပြန်လည် ဖတ်ရှုသုံးသပ်ရေးသားခြင်း၊ အချက်အလက် ကောက်ယူခြင်း၊ သုံးသပ်ခြင်း၊ တွေ့ဆုံ မေးမြန်းခြင်းစသည့် အမျိုးမျိုးသော အချိန်ဇယားအလိုက် တစ်ပတ်လျှင် တစ်ချိန် ရှိသည်။ အချိန်တိုင်းတက်စရာမလို။ ကိုယ်နှင့်ဆိုင်သော အချိန်သွားတက်ရုံသာ ဖြစ်သည်။

ဥပမာ ကိုယ်ပြုစုမည့်ကျမ်းတွင် အင်တာဗျူး မလုပ်ဆိုပါက အင်တာဗျူး နည်းအချိန်ကို မတက်လည်း ရသည်။

နောက်ဆုံးအချိန်လည်း ဖြစ်၊ ကျမ်း ပြုနည်း အားလုံးကို ခြုံငုံပြောပြသော အချိန်လည်းဖြစ်သည့် မေလဆန်း
အတန်းမှာ ကျောင်းသားတိုင်း မဖြစ်မနေ တက်ရမည့် အချိန်လည်း ဖြစ်သည်။

ယင်းအချိန်တွင်ကျမ်းပြုသူ ကျောင်းသားနှင့် ကြီးကြပ်သူ ဆရာတို့အကြား ရှိရမည့် ဆက်ဆံရေးပုံစံ၊ အချိန်ကို
မည်သို့ စီမံခန့်ခွဲသင့်ကြောင်း၊ ကျမ်းတွင် ပါဝင်သော သက်ဆိုင်ရာ အပိုင်းအလိုက်မည်သို့စီမံသင့်ကြောင်း စသည်ဖြင့် ပါဝင်သည်။ အချုပ်အားဖြင့်ဆိုရသော် ကျမ်းပြုရန် အချိန်ရသည့်သုံးလတာ ကာလအတွင်း မည်သို့ စီမံသင့်ကြောင်း ယေဘုယျအကြံပေးချက် ဖြစ်သည်။

ကျမ်းပြုချိန်တွင်စာသင်ချိန် လုံးလုံး မရှိတော့။ သုံးလတာလုံးလုံး စာဖတ်၊ အချက်အလက်စု၊ စာရေးဖြင့် အချိန်ကုန်
သွားရမည့်သဘော ဖြစ်သည်။ တစ်ပတ် သုံးရက်မျှ စာသင်ချိန် ရှိတုန်းက သူငယ်ချင်း တွေနဲ့ငြင်းလိုက်၊ ဆွေးနွေးလိုက်၊ တစ်ခါ တစ်ခါ ဘားသွားလိုက်ဖြင့် ဖြတ်သန်းခဲ့ သော်လည်း ကျမ်းပြုချိန်တွင်မူထိုသို့ တွေ့ဖို့ မလွယ်တော့။ သီးသန့် ချိန်းတော့မှ ဖြစ်မည့် အနေအထားပင် ဖြစ်သည်။

ထိုကြောင့်ပင်ကျမ်းပြုရေး လမ်းညွှန် အချိန်ပို့ချသော ဆရာက ပြောသည်။

“ကျမ်းပြုနေတုန်း ကိုယ့်အခန်း ထဲမှာပဲ ကုပ်ကုပ်နဲ့ လုပ်မနေကြပါနဲ့။စာကြည့်တိုက်မှာ စာလာလုပ်ကြပါ။ အချင်းချင်း ကျမ်းဝေဒနာတွေ မျှဝေကြပါ”ဟုပြောရှာသည်။

မှန်သည်။

ပထမ သုံးလပတ်နှင့် ဒုတိယ သုံးလပတ်အတွင်း တွေ့ကြုံရခဲ့ရ သမျှတွေအရ စာကြည့်တိုက်တွင်စာ ပိုလုပ်ဖြစ်သည်။

စာကြည့်တိုက်လာသော သူငယ်ချင်းများနှင့် စာအကြောင်း ပေအကြောင်း ဆွေးနွေးနိုင်သည်။
ပိုပြီး အလုပ်ပိုတွင်သည်။

အိမ်တွင်တော့တစ်ယောက်တည်း စာဖတ်ပါက နာရီဝက်ခန့်ကြာပါလျှင် လူက မငြိမ်ချင်တော့။ ဗိုက်ဆာသလိုလို၊
အိပ်ငိုက်လာသလိုလို၊ တစ်ခုခု လိုလာ သလိုလိုနှင့် ဂနာမငြိမ်ဖြစ်လာတော့သည်။ တစ်ခါတစ်ခါတစ်ရေးတမောပင် အိပ်လိုက် သေးတော့သည်။

ထိုကြောင့်စာကြည့်တိုက်တွင်တော့ အလုပ်ပိုတွင်သည်က မှန်သည်။ ကိုယ့် ဘေးမှာလည်း စာလုပ်သူတွေနှင့်ဆိုတော့ သိပ်အပျင်းမကြီးရဲ။ ထိုကြောင့်ပင် စာကြည့်တိုက်သွား စာလုပ်ခြင်းက ပိုအဆင် ပြေခြင်းဖြစ်သည်။

ကျမ်းပြုရတော့မည်ဆိုတော့ပထမဆုံး အလုပ်က ခေါင်းစဉ်ရွေးရခြင်း ဖြစ်သည်။

တကယ်တော့ကိုယ်ရေးလို၊ သုတေသနပြုလိုသော ကျမ်းခေါင်းစဉ် များကို ဒုတိယလေးလပတ် အတန်းချိန် များကတည်းက
တင်ထားရသည်။ ခေါင်းစဉ်အလိုက် သက်ဆိုင်သည့် ကျမ်းကြီးကြပ် ဆရာ၊ ဆရာမများနှင့် တွဲဖက်ချထားပေးသည်။

မူလက ကျမ်းခေါင်းစဉ်မှာယနေ့ ခေတ်စားလာသော ဉာဏ်ရည်တု နည်းပညာကြောင့် အထူးစီးပွားရေးဇုန်များရှိ အလုပ် အကိုင်အခွင့်အလမ်းများ၏အနာဂတ် ဖြစ်နိုင်ချေအကြောင်း စဉ်းစားထားသည်။ မြန်မာနိုင်ငံမှ အထူးစီးပွားရေးဇုန်ဆိုင်ရာ
လေ့လာသူ မိတ်ဆွေတစ်ဦး၏ ဆွေးနွေး အကြံပြုချက်အရ ထိုခေါင်းစဉ် ရွေးထား ခြင်း ဖြစ်သည်။

သို့သော်ကျမ်းကြီးကြပ်သူ ဆရာမ နှင့် ပထမဆုံး တွေ့ဆုံမှုတွင်ပင် ကျမ်း ခေါင်းစဉ်က ပြောင်းသွားသည်။
သူက ရသမျှ အချိန်အတွင်း လက်နိုင်ခြေနိုင် ခေါင်းစဉ်ကိုသာ ရွေးရန် အကြံပြုသည်။

မှန်ပါသည်။

အချိန်က ရသည်က သုံးလပင် မပြည့်တတ်။ ထိုအတော အတွင်း ဖတ်ရသည့် စာ၊ အကယ်၍ လိုအပ်ပါက မေးမြန်း
အင်တာဗျူးရမည့် အချိန်နှင့် လူများ စသည်တို့ကို ချိန်လိုက် ပါက သူ့အကြံပြုချက်က သဘာဝကျပါ သည်။ ယင်းအပြင် AI ကြောင့် အလုပ် အကိုင်ဈေးကွက်ကို ထိခိုက်နိုင်ခြေ အကြောင်းစာပေရေးသား သုတေသန ပြုချက်များ ရှိသော်လည်း AI နှင့် အထူး စီးပွားရေးဇုန်ကို တိုက်ရိုက်ချိတ်ဆက်ထားသည့် စာပေသုတေသနက သိပ်မတွေ့လှ။ မဟာဘွဲ့ သုတေသန ကျမ်းအတွက်ဆိုပါက ရသမျှ အချိန်အတွင်းအတော်လက် ဝင်မည့် အလုပ်ဖြစ်သည်။

“သိပ်ပြီး ရှုပ်ထွေးတဲ့ အကြောင်း အရာကို မလုပ်ပါနဲ့”ဟုကျမ်းကြီးကြပ်ရေး ဆရာမက အကြံပေးသည်။

ရိုးရိုးရှင်းရှင်းဖြင့်ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်သည့် အကြောင်းအရာ စဉ်းစားရန် အကြံပေးသည်။ ထိုမှသာ ပုံစံချရန်
လွယ်မည်။ ဦးတည်ချက် ပြတ်သားမည်ဖြစ်သည်။

ထိုသို့ဖြင့်အထပ်ထပ်ဆွေးနွေး ပြီးနောက် တိုင်းပြည်များ (အထူးသဖြင့် တရုတ်နိုင်ငံ) စီးပွားရေး တိုးတက်ရန်အသုံးပြုခဲ့သော အထူးစီးပွားရေးဇုန် မော်ဒယ်၏ အနာဂတ်အကြောင်း ရေးရန် ဖြစ်သွားသည်။ ယင်းတွင်ထားဝယ်အထူး စီးပွားရေးဇုန်ကို နမူနာဖြစ်ရပ် တစ်ခုအဖြစ် ယူရန် ဖြစ်သည်။

အထူးစီးပွားရေးဇုန်များသည်တိုင်း ပြည် စီးပွားရေး ကိန်းဂဏန်းများတိုး တက်ရန် အထောက်အကူ ပြုရာတွင် အရေးပါခဲ့သည်။

လူအများအပြားကို အလုပ်အကိုင်ပေးနိုင်သည်။ ယင်းအပြင် တံခါးဖွင့်စနိုင်ငံများတွင် စီးပွားရေးမူဝါဒ၊ ကုန်သွယ်ရေး မူဝါဒများကို စမ်းသပ် သုံးစွဲရာ နယ်မြေလည်း ဖြစ်ခဲ့သည်။ သို့သော်နောက်ပိုင်းတွင် သဘာဝပတ်ဝန်းကျင်ပြဿနာများ၊ အလုပ်သမားရေးရာ ပြဿနာများစွာ ဖြစ်လာသည်။

ထိုသို့ဖြင့်အထူးစီးပွားရေးဇုန် မော်ဒယ်ပုံစံ အပြောင်းကို စဉ်းစားလာကြ သည်။

ယင်းကြောင့်လွန်ခဲ့သော နှစ်ပေါင်း ၃၀-၄၀ ခန့်မှ စတင်ကျင့်သုံးပြီး အစိုးရတို့ အကြိုက်ပုံစံ ဖြစ်လာသောအထူး စီးပွားရေးဇုန် မော်ဒယ်၏ အနာဂတ်နှင့် ထားဝယ် အထူးစီးပွားရေး ဇုန်အကြောင်း ရေးရန်အကြမ်းဖျင်း သဘောတူသွားသည်။

အကြမ်းဖျင်းသဘောတူသည်ဟုဆိုရသည်မှာ ကျမ်းပြုရန် ဖတ်ရှုရသော စာပေသုတေသနများ၏ အနေအထား အလိုက် ကျမ်းခေါင်းစဉ်ပြောင်းနိုင်သောကြောင့်ဖြစ်သည်။ အကြောင်းအရာက မပြောင်းနိုင်သော်လည်း ခေါင်းစဉ်က ပြောင်းနိုင်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြင့်စာများ စဖတ်သည်။ အတန်းများ မရှိတော့ရာ ခရီးသွားချိန်နှင့် စာဖတ်၊ စာရေးချိန်ကို ကိုယ့်ဘာသာကိုယ် စီမံရန်သာလိုတော့သည်။ ခေါင်းစဉ် အကြမ်းဖျင်းရသွားသဖြင့် ပထမဆုံး အလုပ် မှာ ကျင့်ဝတ်ဖောင်ပုံစံဖြည့်ရန်နှင့် ဖောင်အတွက် ပြင်ဆင်ရန် ဖြစ်သည်။

ကျင့်ဝတ်ဖောင်အတည်ဖြစ်မှသာသုတေသနဆက်လုပ် ရန် တရားဝင် အတည်ဖြစ်မည်။ တွေ့ဆုံ မေးမြန်းရန် သူများစာရင်း၊ မေးခွန်းများ၊သုတေသနပြုမည့် နည်းနာပုံစံများ၊ လိုက်နာရန် စည်းကမ်းများကို တစ်ခုချင်း ဖတ်ရှုပြင်ဆင်ပြီးနောက်၊ကျမ်း ကြီးကြပ်သူနှင့် အီးမေးလ် အပြန်အလှန် သုံးလေး ကြိမ်ခန့် ပို့ပြီးနောက် ကျင့်ဝတ်ဖောင်အတည်ဖြစ်သွားသည်။

လမ်းသလားမည့် ခရီးများ၊ စာဖတ် ချိန်များကို စီမံရင်း တက္ကသိုလ်နောက်ဆုံး လများကို ဖြတ်သန်းရန်သာ ကျန်တော့ သည်။

ဖစု

စာရေးသူမှာ အင်္ဂလန်နိုင်ငံ ဘရစ္စတိုမြို့ရှိ ဘရစ္စတိုတက္ကသိုလ်တွင် ပြည်သူ့ရေးရာ မူဝါဒမဟာဘွဲ့  (MSc Public Policy) အတန်း တက်ရောက် သင်ယူနေသော ထားဝယ်ဒေသခံ တစ်ဦး ဖြစ်သည်။ နိုင်ငံတကာတွင် ကျင့်သုံး နေသော တက္ကသိုလ်ပညာရေးပုံစံကို တို့ထိ မြည်းစမ်းနိုင်ရန်လည်းကောင်း၊ သက်ဆိုင်ရာ နိုင်ငံ၏နိုင်ငံရေး၊ ယဉ်ကျေး မှု ထုံးထမ်းဓလေ့များကို တစ်စိတ်တစ်ပိုင်း နားလည် သင်ခန်းစာယူနိုင်ရန် ယခု အခန်းဆက် ဒိုင်ယာရီကို (တစ်လ နှစ်ကြိမ် သို့မဟုတ် နှစ်ပတ်တစ်ကြိမ် ကဲ့သို့) အလျဉ်းသင့်သလို ဖော်ပြလျက်ရှိသည်။

အယ်ဒီတာ