စားသုံးရန်မသင့် ကြေညာရုံနဲ့ ပြီးတော့မလား

0
540

ပြည်သူတွေဘေးအန္တရာယ်ကင်း ရှင်းစေဖို့အတွက် အစားအသောက်တွေ၊ အလှကုန်တွေကို သက်ဆိုင်ရာဌာနတွေက စစ်ဆေးပြီး စားသုံးရန်မသင့်၊ သုံးစွဲရန် မသင့်တဲ့အကြောင်း မကြာခဏဆိုသလို ထုတ်ပြန်ပေးနေတာတွေကို အားရဖွယ်ရာ တွေ့မြင်နေရပါတယ်။

အစားအသောက်ဆိုတာကလည်း လူတွေ မဖြစ်မနေသုံးစွဲနေရတဲ့အတွက် ဘေးအန်္တရာယ်ကင်းရှင်းဖို့က အဓိက အရေး ကြီးလှပါတယ်။

အခုတလော သတင်းတွေမှာ ဖတ်ရ သလောက် လက်ရှိအချိန်ထိ စားသုံးရန် မသင့်တဲ့ အစားအသောက် အမျိုးအစား ပေါင်း ၁၀၈ မျိုးနဲ့ အလှကုန်အမျိုးအစား ၁၀၇ မျိုးကို ထုတ်ပြန်ထားတာကိုလည်း တွေ့ရပါတယ်။

သက်ဆိုင်ရာမြို့နယ်တွေမှာရှိတဲ့ ဈေးတွေ၊ ကုန်စုံဆိုင်တွေ၊ စာသင်ကျောင်း တွေက မုန့်ဆိုင်တန်းအချို့မှာ စစ်ဆေးပြီး ထုတ်ပြန်ပေးနေတာလို့ သိရပါတယ်။

တနင်္သာရီတိုင်းမှာလည်း ရံဖန်ရံခါ ဈေးကွက်ထဲဆင်းပြီး ဒီလိုစစ်ဆေးနေ တာကို တွေ့နေမြင်နေရပါတယ်။ အဲလို စစ်ဆေးပြီး သံသယရှိတဲ့ အစားအသောက် နဲ့ အလှကုန်တွေကို နမူနာယူပြီး ရန်ကုန် မြို့မှာရှိတဲ့ အမျိုးသားဓာတ်ခွဲခန်းကို ပေးပို့စစ်ဆေးစေပြီး ဓာတ်ခွဲခန်း အဖြေရ လာရင် စားသုံးဖို့ မသင့်၊ သုံးစွဲဖို့ မသင့်တဲ့ ပစ္စည်းအမည်တွေကို ထုတ်ပြန်ပေးနေ တာကိုလည်း တွေ့ရပါတယ်။

ခက်တာက စားသုံး/သုံးစွဲဖို့မသင့် ကြောင်း ကြေညာထားတဲ့ ပစ္စည်းအချို့က ဒေသတွင်းဈေးကွက်မှာ ရှိနေမြဲ၊ ရောင်းချ နေမြဲဖြစ် နေပါတယ်။

တလောက စားသုံးဖို့မသင့်လို့ထုတ် ပြန်ထားတဲ့ Peach အမှတ်တံဆိပ်ပါ မက်မွန်သီးဆိုရင် Sodium Benzoate လို့ခေါ်တဲ့ တားမြစ်ဓာတုပစ္စည်း ပါဝင်နေ တယ်လို့ ဆိုပါတယ်။

ဓာတုတာရှည်ခံဆေး(Sodium Benzoate) သတ်မှတ်ပမာဏထက် များပြားစွာ စားမိမယ်ဆိုရင် အသည်းနဲ့ ကျောက်ကပ်ကို ထိခိုက်စေပြီး သတ်မှတ် ပမာဏထက် အနည်းငယ်ပိုမို စားမိရင် မျက်လုံးနဲ့ အရေပြားယားယံတာ၊ အစာအိမ် နဲ့ အူလမ်းကြောင်း ရောင်ရမ်းပြီး ၀မ်းပျက် ၀မ်းလျှောဖြစ်နိုင်တယ်လို့ တိုင်းအစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲ ရေးကော်မတီမှ တာဝန်ရှိသူတစ်ယောက် ဖြေဆိုထားတာကို သတင်းထဲမှ ဖတ်ရပါ တယ်။

Peach အမှတ်တံဆိပ်ပါ မက်မွန် သီးကို ထားဝယ်ဒေသရှိ ဆိုင်တွေမှာ ရောင်းချနေဆဲဖြစ်ပြီး ကလေးတွေ မြိန်ရေယှက်ရေ စားသောက်နေဆဲပါ။ စားမိတဲ့ကလေးတွေက ဒီမက်မွန်သီးကို စားလို့ရလား/မရဘူးလားဆိုတာ သိနိုင် မှာ မဟုတ်ပါဘူး။ အစာကနေ အဆိပ်ဖြစ် သွားမှာကို စိုးရိမ်ရတဲ့ အခြေအနေပါ။

အစိုးရဌာနဆိုင်ရာတွေအနေနဲ့ အဲဒီစားသုံးဖို့မသင့်၊ သုံးစွဲဖို့မသင့်တဲ့ အစားအသောက်နဲ့ အလှကုန်အမည် တွေကို ထုတ်ပြန်ပေးနေရုံနဲ့ လုံလောက် ပြီလားလို့ မေးခွန်းထုတ်စရာရှိလာ ပါတယ်။

သုံးစွဲဖို့မသင့်ကြောင်း ကြေညာထားတဲ့ ခြင်ဆေးခွေတစ်မျိုးဆိုရင်လည်း ထားဝယ်မှာရှိတဲ့ နာမည်ကြီးဈေးဝယ် စင်တာကြီး တစ်ခုမှာ ရောင်းချနေဆဲပေါ့။

စားသုံး/သုံးစွဲဖို့ မသင့်တဲ့ ပစ္စည်းတွေ အနက် ဒေသတွင်းမှာ ရှိနေဆဲဖြစ်နေနိုင် တဲ့ ပစ္စည်းအမည်စာရင်းတွေကို အများ ပြည်သူ ပိုသိလာစေဖို့ ဈေးတွေ၊ ကျောင်း တွေ၊ လမ်းတွေမှာ ဓာတ်ပုံနဲ့တကွ ကြေညာပေးမယ်ဆိုရင် ပိုပြီးထိရောက် မလားပေါ့။

ဒါ့အပြင် တားမြစ်ထားတဲ့ ဒီလိုမျိုး အစားအသောက်တွေ၊ အလှကုန်တွေကို အများပြည်သူသိအောင် ထုတ်ပြန်ပေးတဲ့ လုပ်ငန်းအပြင်  ဈေးကွက်ထဲမရှိနေစေဖို့ သက်ဆိုင်ရာဌာနတွေ၊ တိုင်းအစိုးရကရော အားသွန်ခွန်စိုက် ပူးပေါင်း လုပ်ဆောင်နေ တာမျိုးလည်း မတွေ့ရသေးပါဘူး။

စားသုံးရန်မသင့်တဲ့ ပဲပြားတွေ၊ ငရုတ်ဆီတွေ၊ မုန့်တွေကို ရံဖန်ရံခါ စစ်ဆေးသိမ်းဆည်းနေပေမယ့် အားစိုက်ပြီး တစိုက်မတ်မတ် လုပ်ဆောင်တာမျိုး မတွေ့ရတာကို ဆိုလိုချင်တာပါ။

အခုတလောမှာလည်း နှလုံးသွေး ကြောကျဉ်းသူများ လက်တွေ့ပျောက်ကင်း သည့်ဆေးဖြစ်ကြောင်း ကြော်ငြာရောင်းချ နေတဲ့ သဘာဝဖျော်ရည်ဆိုတဲ့ ဖျော်ရည် တစ်မျိုး ထားဝယ်ဈေးကွက်အတွင်း ရောင်းချနေပါတယ်။

သဘာဝဖျော်ရည်ဘူးပေါ်မှာFDA က အသိအမှတ်ပြုထားတဲ့ အမှတ်တံဆိပ် တွေလည်း လုံးဝတွေ့ရတာမရှိတော့ သုံးစွဲ သူတွေ အန္တရာယ်ကင်းလား၊ သောက်သုံး ဖို့သင့်လားဆိုတာကို ဘယ်သူမှ ဂဃနဏ သိမှာ မဟုတ်ပါဘူး။

ပြည်သူတွေဘေးအန္တရာယ်ကင်း စွာနဲ့ ကုန်ပစ္စည်းတွေကို စိတ်ချလက်ချ စားသုံးနိုင်ဖို့ သက်ဆိုင်ရာ တာဝန်ရှိဌာန တွေအနေနဲ့ ဈေးကွက်ထောက်လှမ်းတာ တွေ၊ စစ်ဆေးတာတွေ အားစိုက်လုပ် ဆောင်ဖို့ လိုနေပြီဖြစ်တယ်ဆိုတာကို တိုက်တွန်းချင်တာပါခင်ဗျား။

ကိုဇော်