စိန်ခေါ်ပါစေ၊ စိန်ခေါ်ပါလေ

0
131

ဦးစီးဦးရွက် ပြုခြင်းနဲ့ ပတ်သက်ပြီး လေ့လာကြည့်တဲ့အခါ မှတ်သားစရာ တွေက မကုန်နိုင်အောင်ပါပဲ။

လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်တဲ့အခါ အင်မတန် သိမ်မွေ့ သည့် ကိစ္စများ ရှိသလို၊ အချို့ကိစ္စများမှာ လည်း လုပ်ချင်စိတ်ရှိလျှင် လုပ်သင့်သည် ဟု ယုံကြည်လျှင် လွယ်လင့်တကူ လုပ်နိုင် သည့် အနေအထား ဖြစ်သည်။

များစွာသော မှတ်သားဖွယ်ရာတွေ ထဲကနေ တစ်ခုကို ဒီနေရာမှာ ဆွေးနွေးချင် ပါတယ်။

“ကိုယ့်ရဲ့ အဖွဲ့သားတွေကို သက်သာ ဇုန်ထဲကနေ ဆွဲထုတ်ပါ”

အတော်ပင် မှတ်သားဖွယ် မှာကြား ချက် ဖြစ်ပါတယ်။

သက်သာဇုန်နဲ့ ပတ်သက်ပြီး ပြော ကြတဲ့အခါ သက်သာဇုန်ဟာ အန္တရာယ် ဇုန်ဖြစ်တယ်ဆိုတာလည်း ပါပါတယ်။

ရုတ်တရက်ဆို တစ်မျိုးကြီးဖြစ် သွားနိုင်ပါတယ်။ သက်သာဇုန်ရဲ့ သဘော က ကိုယ့်ကို အန်္တရာယ်ကင်းတဲ့၊ စွန့်စား ရမှုနည်းတဲ့၊ စိတ်လုံခြုံမှုကို ဖြစ်စေတဲ့၊ ပုံမှန်လုပ်နေကျဖြစ်တဲ့ သဘောပါ။

ဒါဆို ဘာကြောင့် သက်သာဇုန်ကို အန္တရာယ်ဇုန်လို့ ပြောတာပါလဲ။

(၁) သက်သာဇုန်ထဲမှာပဲ နေနေ တယ်ဆိုရင် ကိုယ့်ရဲ့ စွမ်းဆောင်ရည် ဖွံ့ဖြိုးမှုကို တန့်စေပါတယ်။

(၂) ဒါ ဒါတွေပဲ လုပ်နေတာဖြစ်တဲ့ အတွက် တီတွင် ဆန်းသစ်မှု မရှိဘူး။

(၃) လျှောက်သာ လျှောက်နေတယ်။ ဘယ်မှလည်း သိပ်မရောက်ဘူး။ ခေတ်က မြန်လွန်းတဲ့အခါ ကျန်တောင် ကျန်ခဲ့နိုင် တယ်။

(၄) အသစ်တွေကို မလုပ်ကြည့်၊ စိန်ခေါ်မှု ၊ စွန့်စားရမှု မရှိတာတွေကိုပဲ လုပ်နေတော့ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကျဆင်းလာတယ်။

(၅) စွန့်စားရဲတဲ့စိတ် ပါးပါးလာပြီး ကြောက်စိတ် ပိုပို ကဲလာတယ်။

(၆) ကိုယ်လုပ်နေတဲ့ အဖွဲ့အစည်းက တိုးတက်မှု နှေးမယ်။

စသည်ဖြင့် ဘ၀အတွက် များစွာအန္တရာယ်ဖြစ်စေတဲ့ အခြေအနေတွေ အောက်ကို ရောက်မှာ ဖြစ်ပါတယ်။

သက်သာဇုန်ထဲမှာ နေတာဟာ ကိုယ့်ကိုကိုယ် အရစ်ကျ သတ်နေတာနဲ့ အတူတူပါပဲ။

ဒါကြောင့် ဦးစီးဦးရွက် ပြုသူတွေ ဟာ ကိုယ်ကိုယ်တိုင်ကလည်း သက်သာ ဇုန်ရဲ့ အပြင်ဘက်ကို ထွက်ဖို့ ကြိုးစားရ သလို ကိုယ်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကိုလည်း သက်သာဇုန်ထဲကနေ ဆွဲထုတ် ထားဖို့ လိုပါတယ်။

ဆိုတော့ ဒီနေရာမှာ ပြောစရာ ရှိလာ တာက သက်သာဇုန်ရဲ့ အပြင်ဘက်ကို ထွက်ရမယ်ဆိုလို့ အလွတ်ဇယားကြီး ထွက်ရမလားဆိုတော့ မဟုတ်ပါဘူး။ ချင့်ချင့်ချိန်ချိန် သုခမိန်ပေါ့။ ချင့်ချင့် ချိန်ချိန် သုခမိန်နဲ့ မလုပ်မရှုပ်မပြုတ်မတူ တာတော့ အကျယ်တ၀င့် ရှင်းပြနေဖို့ မလိုဘူးလို့ ထင်ပါတယ်။

သက်သာဇုန်ကနေ ထွက်ဖို့ ကြိုးစား တဲ့အခါ မဖြစ်မနေ လုပ်ရမှာက စွန့်စား ရနိုင်ချေကို တွက်ဆဖို့ပါ။ စွန့်စားရနိုင် ချေ၊ ကိုယ်ရဲ့ စွမ်းဆောင်ရည်၊ အခြေ အနေအခင်းအကျင်း စသဖြင့် သေချာ ထည့်သွင်းစဉ်းစားပြီး ဘယ်လောက်တော့ ငါထွက်လို့ ရတယ်။ ဘယ်အထိတော့ ငါတို့ ထွက်ဖို့ မသင့်ဘူး စသဖြင့် ဆင်ခြင် တုံတရားရှိရှိနဲ့ စနစ်တကျ ဖောက်ထွက် ရမှာ ဖြစ်ပါတယ်။

စိန်ခေါ်ပါစေ

ဘာကြောင့် သက်သာဇုန်အကြောင့် ဒီလောက်အထိ အရေးတကြီး ပြောနေရ တာလဲဆိုရင် အကြောင်းရှိပါတယ်။

ဦးစီးဦးရွက် ပြုနေသူ တစ်ယောက် အနေနဲ့ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက စိန်ခေါ်တာ ကြုံဖူးပါသလား။

ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် တစ် ယောက်ယောက်၊ ကိုယ်ဦးစီးဦးရွက်ပြုနေ ရသူတစ်ယောက်ယောက်က ကိုယ့်ကို “ဒါတော့ ဒီလိုမဟုတ်ဘူး”၊“ဒါတော့ ဒီလို မဖြစ်သင့်ဘူး” ၊ “ဒီဟာမျိုးဆို ဒီလောက် ပမာဏ ငွေကြေးထုတ်ပေးမှ လုပ်လို့ရ မယ်” ၊  “ဒီလစာ မရရင် အလုပ်ပြောင်းမှ ရမယ်” စသဖြင့် စိန်ခေါ်တဲ့ အနေအထား မျိုးပါ။

ဒီအနေအထားက ကိုယ့်ရဲ့ လုပ်ဖော် ကိုင်ဖက်က သက်သာဇုန်ကနေ ဖောက်ထွက် ဖို့ ကြိုးစားတာပဲ ဖြစ်ပါတယ်။

ပြောလေ့ရှိတဲ့ စကားတစ်ခု ရှိတာ ကိုး။ “ဘယ်သူမှ အတွန့်မတက်ဘဲ အရာရာ အဆင်ပြေတယ်ဆိုရင် တစ်စုံ တစ်ခုတော့ ကြီးကြီးမားမား မှားယွင်း နေပြီ၊ စိုးရိမ်ဖွယ် အနေအထား ဖြစ်နေပြီ”ဆိုတာပါပဲ။ ဘာလို့ဆိုရင် မတူညီမှု ပေါင်းများစွာနဲ့ စုဖွဲ့ထားပြီး အတူတကွ အလုပ်လုပ်ကြရတဲ့အခါ ငြင်းခုံစရာ၊ သူ့ အယူအဆ ငါ့အယူအဆ လွန်ဆွဲတာတွေ၊  တစ်ယောက်ကို တစ်ယောက် စိန်ခေါ် ကြတဲ့ အတွန့်တက်ကြတဲ့ အနေအထားမျိုး မကြာခဏဆိုသလို ကြုံရမှာပဲ ဖြစ်ပါ တယ်။

ဒါက ပုံမှန် အခြေအနေပါ။

ဆိုတော့ ရှင်းပါတယ်။ အဲလို မဟုတ် တဲ့အနေအထားဆိုရင်တော့ ပုံမှန်မဟုတ် ပါဘူး။

ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေက ကိုယ်ပြောတာတွေအားလုံးကို အချိန် တိုင်း သဘောတူနေတယ်ဆိုရင်တော့ ဒါ အန္တရာယ် အချက်ပေးမှုပဲ ဖြစ်ပါတယ်။ ဒါကို သာယာနေတာမျိုး မဖြစ်ဘဲ စိုးရိမ်ဖွယ်အဖြစ် မြင်တတ်ဖို့၊ အလေး အနက် သတိမူဖို့ လိုပါတယ်။

စိန်ခေါ်ပါလေ

စိန်ခေါ်တယ်ပြောလို့ ကိုယ်ကလည်း စိန်ခေါ်တာ အတွန့်တက်တာမျိုး လုပ်ဖို့ လိုပါတယ်။ အဲလို အတွန့်တက် စိန်ခေါ် တာတွေက လုပ်ငန်းခွင်မှာသာမက လူမှုဘ၀ရဲ့ နေ့စဉ် ကိစ္စရပ်တွေမှာလည်း စိန်ခေါ်တာ အတွန့်တက်တာမျိုး လုပ်လို့ ရပါတယ်။

ဆိုတော့ ကျွန်တော်တို့ ဘယ်လောက် အထိ သက်သာဇုန်ထဲမှာ နေနေမိပါသလဲ။

လူတစ်ဦးချင်းစီဖြစ်စေ၊ အဖွဲ့အစည်း တွေဖြစ်စေ သေချာ သုံးသပ်ဖို့ လိုပါ တယ်။

ဥပမာတစ်ခု ကြည့်ကြရအောင်ပါ။

ထုံးစံအတိုင်း အများမြင်လည်း မြင်သာအောင် အစိုးရတို့၊ လွှတ်တော် တို့နဲ့ ဥပမာ ပေးပါ့မယ်။

(၁) လွှတ်တော်ကိုယ်စားလှယ်တွေ အနေနဲ့ အစိုးရကို အကျပ်ရိုက်စေတာမျိုး မမေးကြဖို့ ပြောတဲ့ကိစ္စကို ကြည့်ရင် ဒါ သက်သာဇုန်ထဲမှာပဲနေဖို့ လုပ်နေတာ ပါ။ ကိုယ့်ကိုကိုယ် အရစ်ကျ သတ်တာ အပြင် တိုင်းပြည်ကိုလည်း သတ်ရာ ကျပါတယ်။

(၂) ပြည်ထောင်စုက ဘာမှ မညွှန် ကြားထားဘူး။ ပြည်ထောင်စုရဲ့ ညွှန်ကြား မှုကို စောင့်နေတယ်။ ဒါလည်း ထိုနည်း လည်းကောင်းပါပဲ။

(၃) အခြေခံ ဥပဒေအရ ကျွန်တော်တို့ ဒါတွေ လုပ်လို့မရဘူး။ ဒါလည်း ဆင်ခြေ ဆင်လက် သက်သက်သာ ဖြစ်တယ်။

တကယ်သာ ဖောက်ထွက်ချင်တဲ့ ဆန္ဒ ရှိမယ်ဆိုရင် လုပ်လို့ရတာတွေ အများကြီး ရှိပါတယ်။

ဖွင့်ပွဲတကာ လိုက်တက်ပြီး အချိန် ဖြုန်းနေတာမျိုးက အပေါ်က ပြောခဲ့တဲ့ အခြေခံ ဥပဒေနဲ့လည်း မဆိုင်သလို၊ ပြည်ထောင်စုရဲ့ ညွှန်ကြားချက်နဲ့လည်း မဆိုင်ပါဘူး။

ဒါက ကိုယ့်ရဲ့ ရေလိုက်ငါးလိုက် နေလိုမှု၊ သက်သာဇုန်ထဲမှာ နေလိုမှုနဲ့ပဲ ဆိုင်တာ ဖြစ်ပါတယ်။ အချိန်လည်း ကုန်၊ ငွေလည်း ကုန်၊ အကျိုးလည်း နည်းပါ လျက် အရင်က လုပ်ခဲ့တဲ့ လမ်းဟောင်း အတိုင်း ဘာကြောက်လို့ ကြောက်မှန်းမသိ၊ ဘာလုပ်လို့ လုပ်နေမှန်းမသိ လုပ်နေတာ ဖြစ်ပါတယ်။

အပြောင်းအလဲကို လုပ်မယ်လို့ ကြွေးကြော်ခဲ့ပြီး အသိပညာပေး ဆိုင်းဘုတ် လေးတစ်ခုကို ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီးအများအပြား၊ သက်ဆိုင်ရာ ဌာနတွေက အဖွဲ့ဝင်အများအပြားနဲ့ ဖွင့်တာမျိုးက ရုပ်ဆိုးလွန်း အားကြီးပါ တယ်။

ဒီလို အခြေအနေမျိုးက သက်သာ ဇုန်ထဲမှာ နေတယ်လို့တောင်ပြောလို့ မရတော့ပါဘူး။ ဒါက သက်သာဇုန်ထဲမှာ နစ်နေတာလို့ကို ပြောလို့ရမှာ ဖြစ်ပါ တယ်။

ဆိုင်းဘုတ်ထူတဲ့နေရာရွေးချယ်မှု၊ လူတွေရဲ့ ကြည့်နိုင်မှတ်ယူနိုင်စွမ်းနဲ့ ဆိုင်းဘုတ် စာလုံးအရွယ်အစား၊ အရောင် ရွေးချယ်မှု စသဖြင့် အဲဒါတွေကို မပြော သေးဘဲ၊ ဒီဆိုင်းဘုတ်လေးတစ်ခုအတွက် ကုန်လိုက်မယ့် အချိန်နဲ့ ပြည်သူ့ဘဏ္ဍာ က နည်းနည်း နောနောမဟုတ်။

အဲလိုဆိုင်းဘုတ်တကာ လိုက်ဖွင့်နေ မယ့်အစား တနင်္သာရီတိုင်းမှာ သက်ဆိုင် ရာ ကဏ္ဍအလိုက် အသိပညာပေးရေးဆိုင် ရာ မူဝါဒတစ်ခု ဖြစ်လာဖို့ ကိစ္စ ဆွေးနွေး တယ်၊ ဖြစ်အောင် လုပ်နေတယ်။ ငြင်းခုန် နေတယ်ဆိုတာကမှ ဟုတ်တုတ်တုတ်။

အခုတော့ လုပ်နေကျ လမ်းဟောင်း အတိုင်း လိုက်လုပ်ပြီး သက်သာဇုန်ထဲမှာ နစ်နေတော့တာပါပဲ။

အချုပ်အနေနဲ့ ပြောရမယ်ဆိုရင် အပြောင်းအလဲကို ဆောင်ကြဉ်းနိုင် ဖို့ဆိုရင် သက်သာဇုန်ထဲကနေ ထွက်ဖို့ လိုပါ တယ်။

အဲဒါက ကိုယ့်ကို စိန်ခေါ်တာမျိုးကို လက်သင့်ခံ စဉ်းစားတာမျိုးဖြစ်ဖို့လိုသလို ကိုယ်ကလည်း စိန်ခေါ်တတ်ဖို့ လိုပါ တယ်။

လမ်းဟောင်းအမှားတွေကို ဘာမှန်း မသိ၊ ဘာကြောင့်မှန်းမသိ၊ ဘာကြောက် လို့ ကြောက်မှန်းမသိဘဲ လုပ်နေတာမျိုး မဟုတ်ဘဲ  ဖောက်ထွက်စေချင်ပါတယ်။ ဒါက ကိုယ့်အကျိုးလည်းဖြစ်သလို တိုင်း ပြည်ရဲ့ အကျိုးအတွက်လည်း ဖြစ်ပါ တယ်။

စိန်ခေါ်ပါစေ။

စိန်ခေါ်ပါလေ။

သည်မွန်