မယ်ခွေလောက်တော့ သနားတယ်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

မယ်ခွေဟု ပြောလိုက်လျှင် အရင်ကတော့ အားလုံးသိချင်မှ သိကြလိမ့်မည်။ အခုတော့ ပညာရေးဝန်ကြီးဌာနက မယ်ခွေ၏ လက်ဆောင်ကဗျာကို အဋ္ဌမတန်းသင်ရိုးမှ ထုတ်ပယ်လိုက်သတဲ့။ သူတို့လုပ်လိုက်မှပဲ မယ်ခွေက နေ့ချင်းညချင်း ဆိုသလို လူသိများသွားပြီး တိုင်းကျော် ပြည်ကျော် ဖြစ်သွားပါတော့တယ်။

မယ်ခွေရဲ့လက်ဆောင်ကဗျာကို ကျွန်တော်လည်း အလယ်တန်းကျောင်းသား ဘ၀ကတည်းက သင်ခဲ့ရဖူးတာပဲ။ သို့သော် အဲဒီကဗျာကြောင့် ဆေးလိပ် သောက်တတ်သွားသလား မေးလာရင်တော့ နိုးပါ။ ကျွန်တော် အမုန်းဆုံးအရာဟာ ဆေးလိပ်ပါ။ ကိုယ့်နံဘေး သူများ လာသောက်ရင်တောင် အတော်လေးစိတ် ကသိကအောက် ဖြစ်ရတာပါ။ ကိုယ်တိုင် သောက်ဖို့ ဆိုတာကတော့ အိပ်မက်ထဲတောင် ထည့်မမက်ဘူး။

မယ်ခွေရဲ့လက်ဆောင်ကဗျာဟာ ဆေးလိပ်အကြောင်းကို ရေးဖွဲ့ထားတာကြောင့် ကလေးတွေ ဆေးလိပ်သောက်ချင်စိတ် ဖြစ်ပေါ်လာမှာစိုးလို့ ဖြုတ်လိုက်ရပါ တယ်ဆိုကတည်းက ကျွန်တော်တို့ပညာ ရေးစနစ်ဟာ အားနည်းချက်ရှိနေပြီဆိုတာ ငြင်းမရတော့ပါဘူး။ ကဗျာတစ်ပုဒ်ကို အပေါ်ယံသဘောလောက်ပဲခံစားတတ်ပြီး ကဗျာကပေးတဲ့ ရသခံစားမှုအပိုင်းကို မမြင်တော့တာဟာ ကျွန်တော်တို့ရဲ့သင် ကြားရေးစနစ်အားနည်းချက်ကြောင့်လို့ ပဲ ဆိုချင်ပါတယ်။ ကိုယ်တိုင်စဉ်းစားတွေး ခေါ်မှုအပိုင်းမှာ အားနည်းပြီး ဒါသင်ဒါ ကျက်ဆိုတဲ့ စနစ်က အလေးသာနေတာကြောင့်ဆိုတာ သေချာ ပါတယ်။

ဆရာတင်မိုးရဲ့ နာမည်ကျော်ကဗျာ တစ်ပုဒ်ဖြစ်တဲ့ “ဆေးလိပ်လည်းတို၊ နေလည်းညိုပြီ၊ ငါ့ကိုအိမ်ပြန်ပို့ကြပါ တော့”ဆိုတဲ့ သုံးကြောင်းစပ်ကဗျာလေးကို ဆေးလိပ်အကြောင်းပါလို့ ပြောမယ်ဆို ရင် အဲဒီလူဟာ ရူးနှမ်းနေသူပဲဖြစ်မှာပါ။ ကဗျာဟာ အသေမဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ အတွေးစိတ်ကူးစိတ်သန်းအပေါ်မူတည်ပြီး ကဗျာရဲ့အဓိပ်္ပာယ်၊ ကဗျာက ပေးတဲ့ ရသဟာ ကျယ်ပြန့်လွန်းပါတယ်။

ကျွန်တော့်အဖေရော၊ အမေပါ ဆေးလိပ် သောက်ကြပါတယ်။ ဘယ်အချိန်ကတည်း က စသောက်ကြသလဲတော့မသိ။ ကျွန်တော်တို့ လူမှန်းသိစကတည်းက အဖေနဲ့အမေတို့ဟာ ဆေးလိပ်ကို စွဲစွဲလမ်းလမ်း သောက်နေကြတာပါ။ ဆိုတော့ ကျွန်တော်တို့ဟာ Passive Smoking သမားတွေ ဖြစ်မှန်းမသိ ဖြစ်နေတော့တာ ပါ။ ကံကောင်းတဲ့အချက်က ကျွန်တော် တို့ ညီအစ်ကို သုံးယောက်စလုံး ဆေးလိပ် မသောက်တတ်တာပါ။ ဒါပေမယ့် ရေသောက်တိုင်း သောက်ရေခွက်မှာ ဆေးလိပ်အနံ့က စွဲနေတတ်တော့ အဖေ အမေတို့နဲ့ ခဏခဏစကားများကြရပါ တယ်။ အဖေကတော့ မရှိတော့ပါဘူး။ ဒါပေမယ့် အမေကတော့ ရှိတုန်းပါ။ အတူနေချိန်တွေမှာ အမေ့ကိုဆေးလိပ် ဖြတ်ဖို့ အမြဲတမ်း နားချမိ ပါတယ်။ အမေ နဲ့အတူမနေဖြစ်တာ ၁၀နှစ်နီးပါး ဖြစ်နေ ပါပြီ။ အမေနဲ့တွေ့တဲ့အချိန်တွေမှာ အမေ ဆေးလိပ်သောက်နေ တာကို သိပ်မတွေ့ရ တော့လို့ စိတ်ချမ်းသာရပါတယ်။ အမေ ဆေးလိပ်ပြတ်သွားပြီလားဆိုတာကိုတော့ မေးကြည့်ရပါဦးမယ်။

ကျွန်တော် ဆေးလိပ်ကို မုန်းတယ်။ ကျွန်တော် မကြိုက်လို့တော့ မဟုတ်ပါ ဘူး။ ဆေးလိပ်သောက်ခြင်းသည် ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်စေပါသည်လို့ ဘူးခွံတွေပေါ်မှာ ရေးထားတယ်မဟုတ်ပါလား။ ကျွန်တော့်အမြင်မှာတော့နောက်ထပ် တောင် ထပ်ဖြည့်ရမလိုဖြစ် နေပါပြီ။ ဆေးလိပ်သောက်ခြင်းသည် ပညာရေးကိုလည်း ဆိုးရွားစွာ ထိခိုက်စေပါသည်လို့။

 ကျွန်တော့်ဘော်ဒါမှာ လာနေကြတဲ့ ကျောင်းသားတွေနဲ့ ခဏခဏ ပြဿနာ ဖြစ်ရတဲ့အကြောင်း ရင်းတစ်ခုက ဆေးလိပ် ခိုးသောက်လို့ပါ။ ကျွန်တော့်ဆီရောက် လာကြတဲ့ ကျောင်းသားလေးတွေထဲက သုံးပုံတစ်ပုံလောက်ဟာ ဆေးလိပ်သောက် တတ်နေကြတော့ ထိန်းရကျောင်းရတာ အတော်ကို ခက်ခဲပင်ပန်းရပါတယ်။ ကွမ်းစားတဲ့သူကတော့ နည်းလွန်းလှပေ မယ့် ဆေးလိပ်သောက် တတ်တဲ့သူကတော့ ရာခိုင်နှုန်း များလှပါတယ်။ ဒါကို ကြည့်ပြီး မယ်ခွေရဲ့လက်ဆောင်ကဗျာကြောင့်လို့ တော့ မစွပ်စွဲလိုက်ကြပါနဲ့။ ဘာဖြစ်လို့လည်း ဆိုတော့ ငါးတန်း၊ ခြောက်တန်း၊ ခုနစ်တန်းအရွယ် မယ်ခွေရဲ့လက်ဆောင်ကဗျာ မသင်ရ ခင်ကတည်းကကို ဆေးလိပ် သောက်တတ်နေကြတဲ့ ကလေးတွေက အများကြီးပါ။

အခုလက်ရှိကြုံတွေ့နေရတဲ့အကျပ် အတည်းက ဆေးလိပ်ထက် ပိုဆိုးပါ တယ်။ ဆေးလိပ်သောက်ခြင်းက အခြေခံ တဲ့ ပြဿနာပါ။ အခြေခံပညာကျောင်းသား လေးတွေကို ပစ်မှတ်ထားလာတဲ့ စိုးရိမ် စရာကောင်းတဲ့ ပြဿနာပါ။ မူးယစ် ဆေးဝါးကို အခြေခံပညာက ကျောင်းသား လေးတွေ သုံးစွဲတတ်နေပါပြီ။ မိန်းကလေး တွေ အပါအ၀င်ပါ။ မူးယစ်ဆေးဝါး ဖြန့်တဲ့သူက ဆေးလိပ်သောက်တတ်တဲ့ ကျောင်းသားကို မူးယစ်ဆေးကို အလကား ပေးပြီး သုံးစွဲစေပါတယ်။ အဲဒီကျောင်း သားလေးဆေးစွဲသွားပြီး မသုံးရရင် မနေနိုင်တော့တဲ့ အခြေအနေရောက်သွားမှ ဆေးကိုကော်မရှင်ခပေးပြီး ဖြန့်ခိုင်းတာပါ။ ဆေး ၁၀လုံးရောင်းပေးရင် ၁လုံး အလကားပေးပါတယ်။ အဲဒီလိုနဲ့ပဲ အဲဒီ ကျောင်းသားလေးကဆေးဖြန့်တဲ့သူ ဖြစ်မှန်း မသိ ဖြစ်သွားပါတော့တယ်။

ဒီတော့ ကျောင်းရောက်ရင် ဆေး ဖြန့်ဖို့အတွက် ပစ်မှတ်ရှာပါတော့တယ်။ တခြားကလေးတွေကို ဆေးရမယ်ပြော ကာ ပိုက်ဆံယူပြီး ဆေးပြားမပေးနိုင် တဲ့အခါမျိုးမှာ တစ်ဖွဲ့နဲ့တစ်ဖွဲ့ တစ်စုနဲ့ တစ်စု ပြဿနာတက်ကြပါတော့တယ်။ ဒါတွေဟာ အခြေခံပညာက ကျောင်းအတော်များများမှာ ဖြစ်ပျက်နေတဲ့ မမြင်ချင်မကြားချင်မှ အဆုံးဖြစ်နေတဲ့ ကိစ္စပါ။ ဆရာ/ဆရာမတွေမှာ စာသင်ဖို့ အရေးထက် စည်းကမ်းထိန်းသိမ်းရေး အပိုင်းက ပိုပြီးအခက်တွေ့နေကြရတာ ပါ။ ဆေးစွဲလို့ မူမမှန်ဖြစ် နေတဲ့ မျက်လုံး တွေနဲ့ စာသင်ခန်းတွေထဲမှာ လာထိုင် နေကြတဲ့ကလေးတွေ များနေတတ်တဲ့ စာသင်ခန်းတစ်ခန်းမှာ ဘယ်ဆရာ၊ ဆရာမကမှ စာကို စိတ်ကြည်ကြည် လင်လင်နဲ့ သင်ကြားပေးနိုင်မှာ မဟုတ်ပါဘူး။ အဲဒီကလေးတွေဟာ တကယ့် problem child တွေပါ။ သူတို့ကြောင့် တခြားကလေးတွေပါ ပညာသင်ကြားရေး မှာ ထိခိုက်နစ်နာကြရပါတယ်။

ဒီလိုဖြစ်ပျက်နေတာကို အထက် လူကြီးတွေ တကယ်မသိတာလား၊ မသိချင်ယောင်ဆောင်နေကြတာလားဆို တာ မသိတော့ပါဘူး။ အခုကြုံတွေ့နေ ရတဲ့ပြဿနာဟာ အတော်ကို ခေါင်းခြောက် ရပါတယ်။ မယ်ခွေရဲ့ လက်ဆောင် ကဗျာလေးတစ်ပုဒ်ကို သင်ရိုးက ဖြုတ်လိုက်ရုံမျှနဲ့လည်း ပြေလည်သွားနိုင်ဖွယ် မရှိပါဘူး။ ဆေးလိပ်ကင်းစင်ကျောင်းလို့ ဆိုင်းဘုတ်လေးထောင်ထားရုံနဲ့လည်း မပြီးပါဘူး။ ဒီကိစ္စကို ဘယ်လိုကိုင်တွယ် ကြမလဲဆိုတာကို အမြန်အဖြေရှာမှ ရတော့မယ့် အခြေအနေပါ။

သန်းဇော်(ရလိုင်)