မှားပြီးမက်တဲ့ အိပ်မက်

ကိုဗစ်ဒုတိယလှိုင်းကာကွယ်ရေး စည်းကမ်းတင်းကြပ်ချက်များ

အိပ်မက် မက်ပါ။

ကျွန်တော်တို့ အိပ်မက် မက်ဖို့ လိုပါတယ်။ ကျွန်တော်တို့ဘ၀ကို ဘယ်ပုံ ဘယ်နည်း ဖြစ်ချင်သလဲဆိုတဲ့ အိမ်မက်မျိုး။ ဘ၀ကို ဘယ်လိုဖြတ်သန်းမလဲဆိုတဲ့ အိပ်မက်မျိုးပါ။

တစ်ခုတော့ ရှိတယ်။ ကျွန်တော်တို့ အိပ်မက်ဟာ အိပ်မက်အစစ်တော့ ဖြစ်ဖို့ လိုတယ်။ မှားပြီးမက်တဲ့ အိမ်မက်မှားတွေ ဖြစ်ရင်တော့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ စတဲ့ ဆင်းရဲခြင်း ဒုက္ခတွေနဲ့ ရင်ဆိုင်ရပါလိမ့် မယ်။

ဒီမှာ ဆွေးနွေးမယ့်အိပ်မက်က အိပ်လို့ မက်တဲ့ အိပ်မက်မဟုတ်ပါဘူး။ တွေးပြီး မက်တဲ့ အိပ်မက်ပါ။ တွေးတယ်ပြောလို့ အလုပ်မရှိ အကိုင်မရှိလို့ တွေးချင်ရာ ပေါက်တတ်ကရတွေးတာမျိုးကို မဆို လိုပါ။ ဒါမှမဟုတ် ပျင်းပျင်းရှိလို့ တောင် တွေးမြောက်တွေး တွေးချင်ရာတွေးပြီး မက်တဲ့ အတွေးအိပ်မက်မျိုးကိုလည်း မဆိုလိုပါ။

ဆိုလိုရင်းက စီမံကိန်းချပြီးမက်တဲ့၊ အကွက်ကျကျ စီစဉ်ပြီး မက်မယ့် အိပ်မက်မျိုးပါ။

ကျွန်တော်တို့အများစု အထူးသဖြင့် လူငယ်တွေမှာ ကျွန်တော်တို့ဖြစ်ချင် တာတွေ၊ လုပ်ချင်တာတွေ ရှိကြပါတယ်။ တခါတလေ စိတ်ကူးပေါက်ရာ တွေးပြီး ရူးကြောင်ကြောင်အတွေးမျိုးဆိုပေသော် ငြား အဲဒါက လူငယ်တစ်ယောက်အနေနဲ့ မက်ခွင့်ရှိနေသေးတဲ့ ကြောင်တောင်တောင် အိပ်မက်မျိုးပါ။

တော်တည့်မှန်ကန်ပြီး အလုပ်ဖြစ်တဲ့ အိပ်မက်မျိုးကို ကျွန်တော်တို့ လူငယ် တွေမက်ဖို့ကတော့ ပိုအရေးကြီးတာပေါ့။ တစ်ခါတစ်လေ လူ့ဘ၀မှာ ဖြစ်ချင်တာနဲ့ ဖြစ်သင့်တာအကြား ရွေးချယ်ရမှုတွေက အလွှာ ပါးလွန်း နေတတ်ပြန်သေးတာကိုး။

ကျွန်တော်တို့မက်တဲ့ အိပ်မက် တွေကို ဘယ့်လောက်အတိုင်းအတာအထိ လက်တွေ့ကျကျ အကောင်အထည် ဖော်နိုင်မလဲ ဆိုတာကတော့ ကျွန်တော်တို့ ရှင်သန်ကြီးပြင်းရာ လူ့အဖွဲ့အစည်းနဲ့ လည်း ပတ်သက်ဆက်စပ်နေပြန်ပါသေး တယ်။ အခါအတော်များများမှာ ကျွန်တော် တို့ဟာ အိပ်မက်တွေကို လက်တွေ့ဘ၀ တွေနဲ့ လဲလှယ်လိုက်ရတာမျိုးတွေလည်း အများကြီး ရှိတတ်သေးတာကိုး။ အဲဒီလို အနေအထားရောက်သွားရင်တော့ အိပ်မက် အတွက် ပေးဆပ်ရမှာက တစ်ဘ၀စာ နောင်တတွေ ဖြစ်ရင် ဖြစ်နေတတ်သေး တယ်။

စာဖတ်သူအနေနဲ့ ငယ်စဉ်က မိဘမောင်ဘွားဆွေမျိုးညာတိဆရာသမားတွေ ရဲ့ “သားလေး/သမီးလေး ကြီးလာရင် ဘာလုပ်မလဲ”ဆိုတဲ့ မေးခွန်းကို အမေးခံ ခဲ့ရကောင်း အမေးခံခဲ့ရပါလိမ့်မယ်။ ဒါမှမဟုတ်ရင်တောင်မှ စာရှုသူကိုယ်တိုင် ကလေးတွေနဲ့ စကားပြောဖြစ်တဲ့အခါ “သား လေး/သမီးလေး ကြီးလာရင် ဘာလုပ် မလဲ”ဆိုတဲ့ မေးခွန်းကို မေးဖူးကောင်း မေးဖူးပါလိမ့်မယ်။ အဲဒါဟာ ကလေးတွေ အတွက် အိပ်မက်ကို ပုံဖော်ဖို့  ဒါမှမဟုတ် အိပ်မက်အကြောင်း စတင် စဉ်းစားဖို့ လမ်းကြောင်းပေးတယ်လို့ ဆိုရပါလိမ့် မယ်။

ကျွန်တော်တို့ရရှိတဲ့ လူနေမှုအဆင့် အတန်းနဲ့ စနစ်ကလည်း ကျွန်တော်တို့ရဲ့ အိပ်မက်ကို ပုံဖော်ပါသေးတယ်။ အထူး သဖြင့် ကျွန်တော်တို့သင်ယူရတဲ့ ပညာရေး စနစ်ဟာ ကျွန်တော်တို့ရဲ့ အိပ်မက်တွေကို ပုံအသွင်းနိုင်ဆုံး ဖြစ်ပါတယ်။ ကျောင်း ဆရာ/မ၊ ဆရာဝန်၊ သူနာပြု၊ စစ်သား၊ အင်ဂျင်နီယာ အစရှိတဲ့ ပညာရပ်ဆိုင်ရာ လုပ်သားတွေကို စံပြအဖြစ်ထားတဲ့ လူ့အဖွဲ့ အစည်းမှာသာ ကျွန်တော်တို့မွေးဖွား ကြီးပြင်လာခဲ့ရင် အဲဒီပုဂ္ဂိုလ်တွေဟာ ကျွန်တော်တို့ရဲ့ အိပ်မက်ကို နေရာယူထား ပါလိမ့်မယ်။

ဒါပေမယ့် တပြိုင်နက်မှာပဲ အထက် ဖော်ပြပါ လူတန်းစားအလွှာတစ်ရပ်ရပ် အဖြစ် ရပ်တည်လိုတဲ့ ကျွန်တော်တို့ရဲ့ အိပ်မက်ကို အဲဒီစနစ်ကြီးကပဲ ပြန်လည် ဖျက်ဆီးပစ်နေတတ်ပြန်သေးတယ်။ အဲဒီစနစ်ကြီးလို့ဆိုရာမှာ ပညာရေးကိစ္စ အတွက် ပညာရေးစနစ်အပြင် တခြား အုပ်ချုပ်ရေးဆိုင်ရာ စနစ်တွေလည်းပါ ပါမယ်။ ဆိုတော့ ကျွန်တော်တို့ဟာ ကျွန်တော် တို့ မွေးဖွားရှင်သန်ရာ လူ့အဖွဲ့အစည်း ကြောင့်ပဲ အိပ်မက်တွေ မက်ဖြစ်သလို လူ့အဖွဲ့အစည်းက ကျင့်သုံးတဲ့ စနစ်ကြောင့်ပဲ ကျွန်တော်တို့ရဲ့ အိပ်မက်တွေ သေဆုံးရ ပြန်တယ်။

ပြောင်းလဲလာတဲ့ ဒီကနေ့ခေတ်မှာ တော့ စနစ်ရဲ့အပြင်ဘက်ကို ခုန်ထွက်ပြီး အိပ်မက်တွေ ပိုမက်ခွင့်ရှိလာပါပြီ။ ဂရာ ဘက်တီ (Gravity – ကမ္ဘာမြေဆွဲအား) အပြင်ဘက်ကိုတောင် ခုန်ထွက်မယ်ဆိုတဲ့ လူငယ်တွေများလာတဲ့ ဒီမော်ဒန်ခေတ်မှာ စောစောက ပြောခဲ့သလို စနစ်တွေက လူငယ်တွေရဲ့ အိပ်မက်တွေကို တားဆီးဖို့ ရာ မစွမ်းသာတော့ပါ။ လူငယ်တွေရဲ့ စိတ်ကူးစိတ်သန်းဟာ ခေတ်ရှေ့ပြေးလွန်း ပြီး စနစ်ဟာ အဝေးမှာ ကျန်လို့နေခဲ့ပါပြီ။ ဒါကလည်း စနစ်နဲ့အိမ်မက်ကြားက ခေတ်သစ် ပဋိပက္ခကို ဖြစ်ပေါ်လာစေတယ်လို့ယူဆမိပြန်ပါတယ်။

ဒီမှာအရေးကြီးတာ ဆွေးနွေးလို တာက လူငယ်တွေရဲ့ အိမ်မက်တွေကို ဖျက်မယ့် ဖြတ်မျဉ်းတွေအကြောင်းပါ။ များသောအားဖြင့် လူငယ်တစ်ယောက်ဟာ သူဘယ်လမ်းကိုလျှောက်မယ်ဆိုတဲ့ ခိုင်မာ အားကောင်းတဲ့ အိပ်မက်သာ တကယ်ရှိရင် ဖြတ်မျဉ်းတွေ ဘယ်လောက်များများ ကြိုးပမ်းကျော်ဖြတ်နေလေ့ရှိပါတယ်။ ဒါပေမယ့် ဒီကနေ့လူငယ်အများအပြား ဟာ သူတို့အိပ်မက်တွေကို ဒုက္ခလှလှကြီး ပေးမယ့် ဖြတ်မျဉ်းတချို့ကို မကျော်လွှား နိုင်ဘဲ ဘုံးဘုံးလဲ ကျရှုံးနေကျတာကို သံဝေဂရဖွယ် တွေ့လာနေရတယ်။

ဖြတ်မျဉ်းတွေထဲမှာမှ မူးယစ်ဆေးဝါး ဖြတ်မျဉ်းဟာ အဆိုးဆုံး စာရင်းမှာ ထည့်သွင်းရမလို ဖြစ်လာနေတယ်။

အာဏာရ အစိုးရက “တရားဥပဒေ စိုးမိုးရေးကို ဦးစားပေးဆောင်ရွက်မယ်”လို့ အတိအလင်းကြေညာထားခြင်းမျိုးကို ထောက်ရှုရုံမျှနဲ့ ဥပဒေစိုးမိုးမှု ဘယ်လောက် ကင်းမဲ့နေပြီဆိုတာကို သိသာစေတဲ့ နိုင်ငံမျိုးမှာ “လူငယ်တွေ မူးယစ်ဆေး မသုံးသင့်”ဆိုတဲ့ ဆောင်ပုဒ်လောက်နဲ့ တက်မလာနဲ့လို့ ပြောရမှာပါ။

ဒီမှာ ပိုဆိုးတာက လူငယ်အများစု ဟာ တိကျတဲ့အိပ်မက် ရှိမနေတာပါ။ နောင်လာမယ့် ၁၀ နှစ် နောင်လာမယ့် အနှစ် ၂၀ မှာ မိမိဘ၀ကို ဘယ်လိုပုံစံမျိုး ဖြစ်နေတာကို မြင်ချင်သလဲလို့ လူငယ် အတော်များများကို မေးဖူးပါတယ်။ အများစုက အဲဒီမေးခွန်းဟာ သူတို့အတွက် အသစ်ပါ။ ဒါဟာ မူဝါဒ ချမှတ်သူတွေ အပြင် လူ့အဖွဲ့အစည်းအပြောင်းအလဲဖော် ဆောင်နေတဲ့ လူပုဂ်္ဂိုလ်တွေ အသင်းအဖွဲ့၊ အဖွဲ့အစည်းတွေ အနေနဲ့ဒီကိစ္စကို အလေးအနက်ထားသင့်ပါတယ်။ ထပ် ပြောပါမယ်။ လူငယ်တစ်ယောက်အနေနဲ့ နောင်အနှစ် ၂၀ စာလောက် ရှေ့အတွက် ကြိုတင်ပြင်ဆင်ထားဖို့ လိုပါလိမ့်မယ်။ ဆိုလိုရင်းက အနှစ် ၂၀ စာ အိမ်မက် မက် ဖို့ လိုပါလိမ့်မယ်။ နောက်ဆုံး ကုန်ကုန် ပြောရရင် ဘယ်လို အိုမလဲ၊ ဘယ်လို သေမလဲက အစ ကြိုတင်ပြင်ဆင်ရကြရပါ မယ်။

ဒီမှာ ကျွန်တော်တို့အများစု ပြောကြ တဲ့စကားရှိပါတယ်။ “နောင်ခါလာ နောင်ခါဈေး၊ သူများမိုးခါးရေသောက် ဆိုလည်း သောက်ပေါ့”ဆိုတဲ့စကားမျိုး ပါ။ အားမနာတမ်းပြောရရင် အဲဒါက လူဖျင်းလူညံ့တွေရဲ့ လက်သုံးစကားလို့ သမုတ်ချင်ပါရဲ့။ ဒီစာဖတ်နေတာလူငယ် တစ်ယောက်ဆိုရင် စာရေးတဲ့သူတစ် ယောက်အနေနဲ့ဆွေးနွေးလိုတာက အဲဒါမျိုး ဘယ်တော့မှ မတွေးပါလေနဲ့။ အဲဒါ အိပ်မက် မရှိတဲ့ ဒါမှမဟုတ် အိပ်မက်ဆိုတာ အိပ်ရင်မက်တဲ့အရာလောက်ပဲလို့သာ နားလည်တဲ့သူတွေရဲ့ တိမ်လွန်းတဲ့အတွေး ဖြစ်ကြောင်း ကောင်းကောင်းကြီးသိပါလေ။

တစ်ခါတလေမှာ ကျွန်တော်တို့ဟာ လေထဲတိုက်အိမ်ဆောက်တဲ့အိမ်မက်မျိုး ကိုလည်း မက်ကောင်းမက်နိုင်ပါသေး တယ်။ အဲဒါမျိုးကတော့ သတိထားရ ပါမယ်။ စီးပွားရေးလုပ်ငန်းရှင်ဖြစ်ချင်ပါ တယ်ပြောပြီး တစ်နေ့တစ်နေ့ မိဘလုပ်စာ ထိုင်ဖြုန်းနေတာမျိုး မဖြစ်ဖို့လိုပါမယ်။ ဒီမှာပြောလိုတာက ကျွန်တော်တို့အိပ်မက်တွေ အကောင်အထည်ပေါ်လာဖို့ အစီအစဉ် တွေချမှတ်ရမှာ ဖြစ်ပါတယ်။ အသေးစိတ် အစီအစဉ်တွေလိုပါတယ်။

လွှတ်တော်အမတ်ဖြစ်ချင်တယ်ဆို တဲ့ လူငယ်တစ်ယောက်နဲ့ တွေ့ဖူးပါတယ်။ စပ်စုတဲ့ကိုယ့်အကျင့်ကြောင့် အဲဒီလိုဖြစ် အောင် ဘယ်လိုတွေ ပြင်ဆင်မလဲလို့ မေးမိပါတယ်။ ပြည်သူလူထုနဲ့   မဲဆွယ် စည်းရုံးရေးအတွက် ဘာတွေပြင်ဆင်မယ်၊ လူထု လိုအပ်ချက်တွေကို လွှတ်တော်မှာ ဘယ်လိုဖြင့်မေးမယ်ဆိုပြီး အားတက် သရော ဖြေပါတယ်။ သို့သော်ငြား လွှတ်တော် အမတ်တစ်ယောက် လိုအပ်တဲ့ အရည်အချင်းတွေကို ဘယ်လိုဘယ်ပုံ သင်ယူလေ့လာ ဖြည့်ဆည်းမယ်ဆိုတဲ့ အစီအစဉ်တွေ ပါမလာ။ ဒါကလည်း လက်ရှိအမတ်တွေရဲ့လူထုနဲ့ဆက်ဆံပုံနဲ့ လွှတ်တော်တွင်း အလုပ်လုပ်ပုံကို အားမလို အားမရဖြစ်ရင်းက အခြေခံလာတဲ့ စိတ်ကူး မျိုးလည်း ဖြစ်ကောင်းဖြစ်နိုင်ပါသေးတယ်။

ဆိုခဲ့ပြီးသလို အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကျွန်တော်တို့ဟာ အသေးစိတ် အစီအစဉ်တွေ ချမှတ်ရပါ တယ်။ ၃ နှစ် ၅ နှစ် အတွင်း ရေတို ဘာတွေ လုပ်မလဲ၊ ၁၀ နှစ် ၁၅ နှစ်အတွက် ဘာတွေ လုပ်မလဲ၊ အနှစ် ၂၀ နောက်ပိုင်း အတွက် ဘာတွေဖြင့် ကြိုတင်ပြင်ဆင် မလဲ၊ ဘယ်နှစ်အပိုင်းအခြားမှာ ဘာတွေ လုပ်မလဲစသည်ဖြင့် အသေးစိတ်မဟုတ် ရင်တောင် အကြမ်းဖျဉ်း အစီအစဉ်တွေ ချမှတ်ရပါမယ်။ လိုအပ်တဲ့ အရင်းအမြစ် တွေကို စာရင်းချကြည့်ရပါမယ်။ ငွေလား၊ နည်းပညာလား၊ အခွင့်အရေးလား စသည်ဖြင့် ဘာတွေလိုသလဲဆိုတာကိုပဲ ကြိုတင်ခန့်မှန်း ပြင်ဆင်ကြရပါမယ်။

ခြုံပြောရရင် ကျွန်တော်တို့ အိပ်မက် မက်ရပါမယ်။ တော်တည့်ကောင်းမွန်တဲ့ အိပ်မက်တွေ မက်ကြရပါမယ်။ အလုပ်ဖြစ်တဲ့၊ ဖြစ်နိုင်ခြေရှိတဲ့ အိပ်မက်တွေမက်ရပါ မယ်။ အရေးကြီးတာကတော့ ကျွန်တော် တို့အိမ်မက်ဟာ အိပ်မက်အစစ်တော့ ဖြစ်ဖို့လိုပါတယ်။

မှားပြီးမက်တဲ့ အိပ်မက်မှားတွေဖြစ် ရင်တော့ ကိုယ်ဆင်းရဲ၊ စိတ်ဆင်းရဲ စတဲ့ ဆင်းရဲခြင်း ဒုက္ခတွေနဲ့ ရင်ဆိုင်ရပါလိမ့် မယ်။       ။

အောင်လွင်(ကံပေါက်သား)