မျှော်ရစ်ဘုရားမုခ်ဦးအနီး တောင်ကုန်းပေါ်က အန္တရာယ်ရှိ ကျောက်တုံးများ ရှင်းလင်းမည်

0
598

ဒေသအတွင်းထင်ရှားသည့် ဘုရားတစ်ဆူဖြစ်သည့် မျှော်ရစ်ဘုရားမုခ်ဦးအနီး တောင်ကုန်းပေါ်ရှိ အန္တရာယ်ရှိနိုင်သည့် ကျောက်တုံးနှင့် သစ်ပင်များကို ရှင်းလင်းမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးရာသီတွင် တောင်ပေါ်ရှိ မြေနူးကာ သစ်ပင်များနှင့် ကျောက်တုံးများ လိမ့်ကျလာနိုင်သည့်အတွက် ယခုဇွန်လ ပထမပတ်အတွင်း ရှင်းလင်းမည်ဖြစ်ကြောင်း ဘုရားဂေါပကအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မြေရိုင်းထဲမှာ နစ်နေတဲ့ကျောက်တုံးတွေက မိုးကျလာရင် မြေပျော်ပြီးဆင်း လာတာ၊ မနှစ်က လူတစ်ယောက်ဖက် နှစ်ယောက် သုံးယောက်ဖက်လောက်ရှိတဲ့ ကျောက်တုံးကြီးတွေ ဆင်းချလာတယ်”ဟု တာဝန်ရှိသူက ဆိုသည်။

တောင်ပေါ်ရှိ ကျောက်တုံးများနှင့် သစ်ပင်များကို ရှင်းလင်းရန်အတွင် မုခ်ဦး အနီးရှိဈေးဆိုင်တန်းများကို မေလ ၂၅ ရက် မှ စတင်ကာ ယာယီရွှေ့ပြောင်းခိုင်းထားကြောင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ဘုရားဖူးကားငယ်များမှာ တောင် ကုန်းအောက်ဘက် မုခ်ဦးအနီးရပ်နား လေ့ရှိကြပြီး မိုးရာသီတွင် အန္တရာယ်ရှိသည့် အတွက် အန္တရာယ်ကင်းသည့်နေရာတွင် ရပ်နားရန် ဈေးဆိုင်တာဝန်ခံတစ်ဦးက လမ်းညွှန်ပေးနေရကြောင်း မျှော်ရစ်ဘုရား ဂေါပကအဖွဲ့ထံမှ သိရသည်။

မိုးမြင့်