လာမည့် ဘဏ္ဍာနှစ်တွင် စနစ်ကျ လယ်ယာမြေ ဧက ခုနှစ်ရာကျော် ဖော်ဆောင်မည်ဟုဆို

0
400

၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် တိုင်းအတွင်းရှိ လယ်ယာမြေ ဧက ခုနစ်ရာကျော်ကို တိုင်းဒေသကြီးဘတ်ဂျက်ဖြင့် စနစ်ကျလယ်ယာမြေကွက်များ ဖော်ဆောင်မည်ဖြစ်ကြောင်း တိုင်းစက်မှုလယ်ယာ ဦးစီးဌာနထံမှ သိရသည်။


တိုင်းအတွင်းရှိ လယ်ယာမြေ ၁ ဧက လျှင် လယ်ကွက်ငါးကွက်မှ ခြောက်ကွက်အထိ ရှိနေပြီး အကွက်များမှာ ညီညာခြင်း မရှိသဖြင့် စနစ်ကျလယ်ယာမြေကွက်များ ဖော်ပေးခြင်းဖြစ်ကြောင်း အထက်ပါဌာနမှ တိုင်းဦးစီးမှူး ဦးထွန်းထွန်းခိုင်က ပြောသည်။
စနစ်ကျလယ်ယာမြေအကွက်ဖော်ဆောင်ရန် လျှောက်ထားလိုပါက တစ်ဦးတည်းဖြစ်စေ၊ စုပေါင်း၍ဖြစ်စေ အနည်းဆုံးသတ်မှတ် လယ်ဧက ၅၀ ရှိရမည်ဖြစ်ပြီး ဧက ၅၀ မှ လယ်ပိုင်ရှင်များ၏ သဘောတူညီ ချက်များဖြင့် လျှောက်ထားရမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဘာလို့ ဒီဟာဖော်လဲဆိုရင် အဓိက ကျွန်တော်တို့က စက်မှုလယ်ယာစနစ်ကို ပြောင်းတာပေါ့၊ စက်မှုလယ်ယာဌာနက စက်တွေနဲ့ ဆီတွေနဲ့ လူတွေနဲ့ အခမဲ့ဖော်ပေး တာပေါ့”ဟု ဦးထွန်းထွန်းခိုင်က ဆိုသည်။


စနစ်ကျ လယ်ယာမြေကွက်ဖော်ဆောင်ရာတွင် တစ်ဧကလျှင် အလျား ၃၆၀ ပေ၊ အနံ ၁၂၀ ပေကွက်များကို ထောင့်မှန်စတုဂံ ပုံစံဖြင့် စနစ်တကျ ဖော်ဆောင်ပေးသည့် အတွက် ယခင်ပြုလုပ်ထားသည့် ကန်သင်းများ ဖယ်ရှားလိုက်ခြင်းကြောင့် စိုက်ပျိုးရန် မြေနေရာများ ပိုထွက်လာသည်ဟု ၎င်းက ပြောသည်။


ထိုသို့ ဖော်ဆောင်ပေးသည့်အပြင် လယ်ယာသုံးစက်ကိရိယာများ အလွယ်တကူဝင်ထွက်သွားလာနိုင်ရန်နှင့် ရိတ်သိမ်းပြီး သီးနှံများအား အမိုးအကာအောက်သို့ လွယ်ကူလျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရန် ကုန်ထုတ်လမ်းတစ်ခုကိုလည်း (တောင်သူ များ သဘောတူပါက) ဖောက်လုပ်ပေးသည်ဟု ဦးထွန်းထွန်းခိုင်က ပြောသည်။


လျှောက်ထားလိုသူများအနေဖြင့် သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူး၊ လွှတ်တော်ကိုယ်စားလှယ်၊ စက်မှုလယ်ယာ ဦးစီးဌာနများတွင် မိုးစပါးရိတ်သိမ်းပြီးချိန်တွင် လာရောက်လျှောက်ထားနိုင်ပြီး စနစ်ကျ လယ်ယာမြေကွက်များကို ဇန်န၀ါရီလမှ မတ်လထိ ဖော်ဆောင်ပေးသည်ဟု ၎င်းက ပြောသည်။


တနင်္သာရီတိုင်းအတွင်း ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်မှ စတင်ကာ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်း ၂၀၁၀ ဧက ကို အခမဲ့ ဖော်ဆောင်ပေးခဲ့ပြီး ဖြစ်ကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။


မိုးမြင့်