လုပ်ပျော်ကိုင်ပျော်ရှိဖို့ဆိုရင်

0
493

လုပ်ငန်းခွင်အသီးသီးမှာ အလုပ်လုပ် နေတဲ့သူတွေ မပျော်ပိုက်တာမျိုးကို မကြာခဏ တွေ့ရပါတယ်။

တချို့က လစာနည်းလို့ မပျော်ဘူး။ တချို့က လစာတော့ များပါရဲ့ လုပ်ငန်းခွင်မှာ မပျော်ဘူး။ တချို့ကျ လစာလည်းများ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့လည်း အဆင်ပြေလျက်သားနဲ့ ဘ၀ကြီးက သေနေသလို ခံစားရတာတာမျိုး၊ တချို့က သူများအတွက် လုပ်ပေးနေရသလိုမျိုး ခံစားရတယ် စသည်ဖြင့် အကြောင်းအရင်းက စုံလှပါတယ်။

အဲလို စုံလှတဲ့ အကြောင်းအရင်းတွေ ကြောင့်ပဲ ကိုယ့်ဆီကနေ လူတော်တွေ ထွက်သွားတာမျိုးကို အလုပ်ရှင်တွေ ခဏခဏ ကြုံကြရပါတယ်။

လူတစ်ယောက် လုပ်ငန်းခွင်မှာ လုပ်ပျော် ကိုင်ပျော်ရှိဖို့ ဘာတွေ လိုအပ်ပါ သလဲ။

ကျွန်တော့်အတွေ့အကြုံအရတော့ လေးချက်ရှိပါတယ်။ အဲဒီလေးချက်ကို သာ သေချာ သတိထားပြီး စီမံခန့်ခွဲမယ် ဆိုရင် လူတော်တွေ၊ လူကောင်းတွေ ဆုံးရှုံးနိုင်ချေ နည်းသွားမှာ ဖြစ်ပါတယ်။

ပထမဆုံးအနေနဲ့ သတိပြုရမှာက စိတ်ပိုင်းဆိုင်ရာ ကိစ္စပါ။ အလုပ်လုပ်တဲ့ အခါ စိတ်ပိုင်းဆိုင်ရာ ခံယူချက်က အင်မတန် အရေးကြီးပါတယ်။

လူတစ်ယောက်ဟာ အလုပ်တစ်ခုကို လုပ်တဲ့အခါ သူ့ရဲ့ စိတ်ပိုင်းဆိုင်ရာအရ အကျိုးခံစားခွင့်တွေ ရချင်ပါတယ်။ ကိုယ်လုပ်တဲ့ အလုပ်ပေါ် ဂုဏ်ယူတာမျိုး၊ အသိအမှတ်ပြုခံချင်တာမျိုး၊ ပြီးတော့ ကိုယ့်ဒေသအတွက် ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်နေတာမျိုး စသဖြင့် စိတ်ပိုင်းဆိုင်ရာအရ ခံစားမှုမျိုးတွေ ရှိပါတယ်။

အဲဒါမျိုးတွေကို မခံစားရတဲ့အခါ လစာဘယ်လောက်ကောင်းကောင်း၊ အလုပ်မှာ ဘယ်လောက် အဆင်ပြေပြေ ဟာတာတာကြီးဖြစ်နေတယ်ဆိုတာမျိုး ဖြစ်နေတတ်ပါတယ်။

ဒုတိယ အနေနဲ့ဆိုရင် သင့်တင့် လျောက်ပတ်တဲ့ အကျိုးခံစားခွင့်ပါ။ သင့်တင့် လျောက်ပတ်တဲ့ အကျိုးခံစားခွင့်ဆိုတာ သင့်တင့်လျောက်ပတ်တဲ့လစာနဲ့ အခြားရသင့် ရထိုက်တဲ့ ခံစားခွင့်တွေကို ပေးဖို့ပါတယ်။

စားမလောက်တဲ့အဆင့်အထိဖြစ် သွားပြီဆိုရင် လူတစ်ယောက်ဟာ လုပ်ငန်း ခွင်မှာ ပျော်ဖို့ မဖြစ်နိုင်တော့ပါဘူး။ သေသေချာချာ အလုပ်လုပ်နိုင်စွမ်းလည်းရှိမှာ မဟုတ်ပါဘူး။

လူတစ်ယောက်က စိတ်ပိုင်းဆိုင်ရာ ခံယူချက် အားကောင်းနေတဲ့အချိန်မှာ လစာတို့ ခံစားခွင့်တို့ ဆိုတာကို မေ့ထားတတ် ပါတယ်။ ဒါပေမယ့် အဲဒါက ကြာကြာ မခံပါဘူး။ ၁ နှစ်၊ ၂ နှစ်လောက်ဆို ဒီလို ကြီးတော့ မဟုတ်သေးဘူးထင်တယ် ဆိုတာမျိုး တွေးလာတတ်ပါတယ်။

တကယ်တော့ ရှင်းရှင်းလေးပါ။ လူဟာ အတ္တ၊ ပရ မျှဖို့ လိုတယ်ဆိုတာ မျိုးပေါ့။ စိတ်ပိုင်းနဲ့ ရုပ်ပိုင်း လုံခြုံမှု မျှဖို့ လိုပါတယ်။ အဲဒါကြောင့် စတွေးလာတာ ပါ။ ဒီအချက်ကို လူ့အရင်းအမြစ် စီမံခန့် ခွဲတဲ့သူတွေကို သတိကြီးကြီးထားဖို့ လိုပါတယ်။

တစ်ခါတလေ စီမံခန့်ခွဲသူတွေက စိတ်ပိုင်းဆိုင်ရာ အားကောင်းတဲ့သူတွေကို ရုပ်ပိုင်းဆိုင်ရာအရ ထည့်သွင်းစဉ်းစား ပေးဖို့ နှေးဖင့်လေ့ရှိပါတယ်။ ရပါတယ် သူက လုပ်နေရရင်ကို ပျော်နေတဲ့သူ ဆိုပြီး ပေါ့ပေါ့သဘောထားတတ်ပါတယ်။ အဲဒါက အရှိန်လွန်သွားရင် လူကောင်းတွေ ဆုံးရှုံးတဲ့အထိ ဖြစ်တတ်ပါတယ်။

နောက်ထပ် အရေးကြီးတာတစ်ခုက ရှေ့ကိုကြည့်လိုက်ရင် ကိုယ့်အနာဂတ် ကိုယ် လှမ်းမြင်နေတာမျိုး ဖြစ်ဖို့ပါ။ ကိုယ်လုပ်တဲ့ အလုပ်က ဘယ်လောက်ထိ ကျယ်ပြန့်တယ်၊ ဘယ်လောက်ထိ နက်ရှိုင်း တယ်။ ဘယ်တွေနဲ့ ဆက်စပ်နေတယ် စဖြင့် တွေးတောတတ်ပြီး မှန်ကန်တဲ့ စိတ်နေ သဘောထားရှိဖို့၊ ခံယူမှု ရှိဖို့ဖြစ်ပါတယ်။

အဲဒါမျိုးဖြစ်ဖို့ကို သက်ဆိုင်ရာ ခေါင်းဆောင်ပိုင်းက ပါးပါးနပ်နပ် လုပ်တတ် ဖို့ လိုပါတယ်။ သူ့ကို သင်ယူဖို့ အခွင့်အလမ်း တွေပေးတာ၊ သူ့ရဲ့ လူမှုနယ်ပယ်ကို ဖြန့်ကျက်ဖို့အတွက် ကူညီတာက ရှေ့ကို လှမ်းမြင်ဖို့အတွက် အထောက်အပံ့ ဖြစ်စေ ပါတယ်။

ငါ့အလုပ်က တစ်နေ့ တစ်နေ့ ဒါချည်း ပဲဆိုတာမျိုး မဖြစ်ဖို့ လိုပါတယ်။ သင်တန်း တွေ တက်ခွင့်ပေးတာ၊ ဆွေးနွေးပွဲတွေ တက်ခွင့်ပေးတာ၊ လေ့လာရေးခရီးတွေ ဖန်တီးပေးတာ စသဖြင့် သူ့ကိုယ်သူ သွေးခွင့် ရတာမျိုး ဖြစ်ဖို့လိုပါတယ်။ ဒါမှလည်း သူရောက်နေတဲ့နေရာ၊ သူလုပ်နေတဲ့ အလုပ်တွေ ရဲ့ အတိမ်အနက်ကို နားလည်သဘော ပေါက်မှာ ဖြစ်ပါတယ်။

နောက်ဆုံး သတိပြုရမယ့်ဟာက တော ကိုယ်လုပ်နေတဲ့ အလုပ်ကို ကိုယ့်ကိုယ် ပိုင်လို့ ခံစားရဖို့ပါ။ “ငါလုပ်နေတယ်” ဆိုတာနဲ့ “ငါလုပ်ပေးနေရတယ်”ဆိုတာက အတော်ကို ကွာပါတယ်။ ရှင်းရှင်းလေး ပြောရင်တော့ အလုပ်လုပ်တာကို ကိုယ့် ကိုယ်ပိုင် အလုပ်လိုမျိုး ခံယူပြီး လုပ်တတ် အောင် တွေးတတ်အောင် ခံယူတတ်လာအောင် လမ်းကြောင်းပေးတာမျိုးပါ။

အပေါ်က အချက်တွေဖြစ်တဲ့ စိတ်ပိုင်းဆိုင်ရာအရ သင့်တင့်တဲ့ ခံစားမှု၊ ရုပ်ပိုင်းဆိုင်ရာ အကျိုးခံစားခွင့်၊ ကိုယ့် ကိုယ်ပိုင်လို့ ခံစားရမှုနဲ့ ရှေ့လှမ်းကြည့် လိုက်ရင် တိမ်ဖုံးပါလို့ လမသာဆိုတာမျိုး မဖြစ်ခြင်းစတာတွေထဲက တစ်ခုခု ယွင်းပြီ ဆိုရင်တော့ လုပ်ငန်းခွင်မှာ မပျော်တော့တာ ဖြစ်လာမှာ ဖြစ်ပါတယ်။

လူတိုင်းဟာ ခြောက်ပစ်ကင်း သဲလဲ စင် မဖြစ်နိုင်ပါဘူး။ ဒါကြောင့် လူမှန်နေရာမှန် ရဖို့ကိုပဲ ဦးစားပေး စဉ်းစားရတာ ဖြစ်ပါ တယ်။ တည့်မတ် ထိန်းကျောင်းရတာဖြစ် ပါတယ်။

အဲဒါအတွက်ဆိုရင် အပေါ်က အချက်တွေကို သတိပြု လိုက်နာဖို့ လိုပါတယ်။

သည်မွန်