ဓာတ်ပုံကြိုက်သူများ

0
636
ဓာတ်ပုံ - ဝေယံစိုး

အလှူပွဲ၊ မင်္ဂလာပွဲများသို့ သွားရောက်လျှင် ဓာတ်ပုံ တစ်ပုံနှစ်ပုံ ရိုက်လိုက်ချင် သည်က လူတို့ သဘာဝဟု ဆိုရမည်။

သဘာဝလည်း ကျပါသည်။ အလှူပွဲ၊ မင်္ဂလာပွဲတစ်ခုခုသို့ သွားလျှင် ပျိုပျိုအိုအို အလှဆုံး ပြင်ဆင်သွား၊ မိမိနှင့် အလိုက်ဖက်ဆုံး ၀တ်ဆင်သွားတတ်ကြသဖြင့် မိမိကိုမိမိ မှတ်တမ်းတင်ထားလိုကြ ပေမည်။

အထူးသဖြင့် အမျိုးသမီးများက မင်္ဂလာပွဲများသို့သွားလျှင် အတောက်ပ အသစ်လွင်ဆုံး ၀တ်စားဆင်ယင်သွား တတ်ရာ မိမိ၏ အလှပဆုံးအချိန်ကို မှတ်တမ်းတင်ထားချင်ကြသည်မှာ မဆန်းပါ။

ဓာတ်ပုံရိုက်ရန် ကင်မရာပါဝင်သည့် လက်ကိုင်ဖုန်းများ မပေါ်သေးမီကဆိုလျှင် အလှူရှင်/မင်္ဂလာဆောင်မှ ငှားရမ်းထားသော ဓာတ်ပုံဆရာ အားသည့်အချိန်ကို စောင့်ဆိုင်း ချဉ်းကပ် မှတ်တမ်းတင်ရိုက်ကူး ခဲ့ကြရသည်။

ဓာတ်ပုံဆရာကလည်း အလှူပွဲဆို လျှင် အလှူရှင်ကိုသာ အဓိကထားရိုက်ကူး ပေးရရာမှ အလှူရှင်နှင့် ပရိသတ်များ တရားနာနေသည့်အချိန်တွင် ကျောင်းဝင်းအတွင်း နောက်ခံရှုခင်းကောင်းသည့် နေရာများ ရွေးချယ်ကာ ပျိုမေလေးများ၊ လူပျိုလေးများကို ဓာတ်ပုံလှလှ ရိုက်ပေးရသည်က အလုပ်တစ်ခု ဖြစ်နေခဲ့သည်။

ရသည့်အချိန် နည်းနည်းလေး အတွင်း ရိုက်ချင်သူများသည့် ရွာအလှူပွဲဆိုလျှင် ဓာတ်ပုံဆရာ လက်မလည်ပါ။ ထိုအခါ တချို့ ဦးစားပေးရိုက်ကူးခွင့်ရရန် ဓာတ်ပုံဆရာကို မျက်နှာချိုသွေးကြရ၊ ကြိုတင်မိတ်ဖွဲ့ထားကြရသည်။

“ငယ်ငယ်ကတော့ လုပြီးအရိုက်ခံ တာပေါ့။ ငယ်ဂုဏ်လေးလည်းရှိတော့ အပျော်လုပ်ကြသလို အမှတ်တရဖြစ် အောင်ပါ။ ဓာတ်ပုံဆရာကိုမျက်နှာလုပ် ရတယ်”ဟု ကော့သောင်းမြို့၊ အောင်သုခ ရပ်နေ အသက် ၅၅ နှစ်အရွယ် ဒေါ်စိန်မြင့်က ပြောသည်။

ယခု စမတ်ဖုန်းကိုယ်စီ ကိုင်လာ သည့်ခေတ်တွင် လူငယ်တို့က ဓာတ်ပုံ ရိုက်ကူးရန် ဓာတ်ပုံဆရာကို မျက်နှာချို သွေး နေစရာ မလိုတော့ပေ။

မိမိဖုန်းဖြင့်သော်လည်းကောင်း၊ မိမိဖုန်းထက် ရုပ်ထွက်ကောင်းသော သူငယ်ချင်းများ၏ ဖုန်းဖြင့်သော်လည်း ကောင်း တစ်ယောက်ချင်း ဖြစ်စေ၊ စုဖွဲ့၍ ဖြစ်စေ ဓာတ်ပုံ ဖောဖောသီသီ ရိုက်နိုင်ကြပါပြီ။

“အလှူတွေ၊ မင်္ဂလာဆောင်တွေမှာဆို မိန်းကလေးတွေက လှအောင်ဝတ်ထားတာ ဆိုတော့ ဓာတ်ပုံတွေအများကြီး ရိုက်ကြ တာပေါ့။ ကျွန်မဖုန်းထဲမှာဆို ဒီနှစ် မင်္ဂလာဆောင်သွားတုန်းက ရိုက်ထားတဲ့ပုံ တွေ အများကြီးပဲ ရှိတယ်”ဟု ထားဝယ်မြို့ အိမ်ရှေ့ပြင် ရပ်ကွက်နေ အသက် ၂၀ အရွယ် မဟေမာစိုးက ပြောသည်။

သတို့သား သတို့သမီးနှင့် ဓာတ်ပုံ တွဲရိုက်ရန်လည်း ယခင်ကဲ့သို့ ဓာတ်ပုံဆရာ ကို စောင့်ဆိုင်းမနေတော့ဘဲ ဖုန်းတစ်လုံး ဖြင့် အချိန်မရွေး ၀င်စုရိုက်ကြမည်။

ယင်းသို့ ဓာတ်ပုံရိုက်ပြီးလျှင် အခြားသူငယ်ချင်းများသိစေရန် “ဘယ် အလှူရောက် အမှတ်တရ”၊ “သူငယ်ချင်း ဘယ်သူ့ မင်္ဂလာဆောင် အမှတ်တရ” စသဖြင့် စာတိုလေးများရေးသားကာ လူမှုကွန်ရက်(Facebook)ပေါ် တင်ကြမည်။

ထိုသို့ လူငယ်လူရွယ်များ ဓာတ်ပုံ တဖျတ်ဖျတ် ရိုက်ကူးနေသည်ကိုကြည့်ကာ သက်ကြီးပိုင်းတချို့က တစ်ချိန်က လူငယ်လူရွယ် အဖြစ် လှသွေးကြွယ်ခဲ့စဉ် က ဓာတ်ပုံဆရာများရှေ့တွင် အိုက်တင် အမျိုးမျိုးပေးက ဓာတ်ပုံအရိုက်ခံခဲ့ဖူးသည့် အချိန်များကို ပြန်သတိရကောင်း ရနေကြ လိမ့်မည်။

သူတို့သည် ယခုအရွယ်တွင်လည်း မင်္ဂလာပွဲများသို့ မိမိနှင့် အလိုက်ဖက်ဆုံး၊ အလှဆုံး ပြင်ဆင်လာကြသဖြင့် မှတ်တမ်း ဓာတ်ပုံ ရိုက်လိုကြပါသည်။

“အမျိုးတွေလုပ်တဲ့ အလှူတွေ မင်္ဂလာပွဲတွေတော့ ခေါ်ရိုက်ခံရတာပေါ့။ ဒါပေမဲ့ ကိုယ့်စိတ်နဲ့ကိုယ်တော့ မဟုတ်ဘူး ပေါ့။ သူတို့က စုပြီးရိုက်တဲ့အခါလောက်ပဲ ခေါ်ကြတာ များတယ်။ ကိုယ်ကလည်း သီးသန့်ရိုက်ချင်ရင်တောင် အားနာရ တယ်လေ၊ ကိုယ့်ပုံကိုယ် ပြန်ကြည့်ချင်တဲ့ စိတ်ကတော့ ရှိတာပေါ့” ဟု ကော့သောင်း မြို့နေ ဒေါ်စိန်မြင့်က ဖွင့်ဟသည်။

သို့သော် စမတ်ဖုန်းကိုယ်စီကိုင်ထား ကြသည့် လူငယ်အချို့က သူတို့ကို မေ့လျော့ နေတတ်ကြပါသည်။

လူကြီးသူမများဖြင့် မင်္ဂလာပွဲ၊ အလှူပွဲ များ အတူသွားခဲ့ဖူးသော်လည်း ၎င်းတို့အား ဓာတ်ပုံရိုက်ရန် မခေါ်ဖြစ်ဟု ထားဝယ်မြို့နေ မဟေမာစိုးက ပြောသည်။

“သူတို့ ဓာတ်ပုံရိုက်ချင်တယ်လို့ ပြောရင်တော့ ရိုက်ပေးဖြစ်မှာပေါ့။ မပြော ရင်တော့ ကျွန်မတို့လည်းမသိဘူးလေ သူရိုက်ချင် မှန်းမသိ ရိုက်ချင်မှန်းမသိနဲ့ ခေါ်ရိုက်ရမှာက။ စိတ်တော့ကူးမိတယ် သူတို့လဲရိုက်ချင်မှာပဲလို့”ဟု မဟေမာစိုး က ပြောသည်။

တချို့ကမူ မိမိကို ဓာတ်ပုံရိုက် ပေးရန် ပြောင်ပြောင်တင်းတင်း တောင်း ဆိုရဲသည့် သတ်္တိ ရှိကြပါသည်။

ဖုန်းမသုံးတတ်သည့် အသက်ကြီးသူ(အများအားဖြင့်အမျိုးသား)များက ဓာတ်ပုံရိုက်ပေးရန် တောင်းဆိုလေ့မရှိကြ သော်လည်း အမျိုးသမီးကြီးတချို့ကမူ တောင်းဆိုလေ့ရှိကြောင်း မြိတ်မြို့၊ မြို့သစ်ရပ်ကွက်နေ အသက် ၂၉ နှစ်ရှိ ကိုမောင်မောင်က ပြောသည်။

“နောက်ပြောင်သလိုနဲ့ တောင်းဆို ကြတယ်။ သတို့သားသတို့သမီးနဲ့အတူ လိုင်းပေါ်ရောက်သွားရင်လည်း သူတို့က အရမ်းပျော်ကြတယ်”ဟု ၎င်းက ပြောသည်။

ဟုတ်ပါသည်။ လူတိုင်းအရွယ်တိုင်း က မိမိ၏ အလှပဆုံးအချိန်များကို မှတ်တမ်းတင်ထားလိုကြ၊ ပြန်လည်မျှဝေလို ကြပါလိမ့်မည်။

“ကိုယ်လည်း သူတို့လို နှိပ်တတ် လုပ်တတ်ရင် လုပ်မှာပဲ။ အင်တာနက်တို့ လည်းတင်ချင်တင်မှာပဲလေ။ တို့လည်း အသက်ကြီး ပေမယ့် လိုင်းပေါ်ရောက်တော့ ပျော်တာပေါ့”ဟု  မြိတ်မြို့၊ ဇေယျာသီရိ ရပ်နေ အသက် ၆၇ နှစ်အရွယ် ဒေါ်ပိုက ပြောလေသည်။

ထိုအချက်ကို စမတ်ဖုန်းကိုယ်စီကိုင် ထားသော လူငယ်တချို့က တမင်တကာ မဟုတ်လျှင်ပင် အခါများစွာ မေ့လျော့ နေတတ်ကြပါသည်။

“ကိုယ့်ဘာသာရိုက်နေတာနဲ့ သူများ ခေါ်ရိုက်ဖို့ကို အချိန်မရတာ များပါတယ်”ဟု ကော့သောင်းမြို့၊ ရွှေပြည်သာရပ်ကွက် နေ အသက် ၁၆ နှစ်အရွယ် မနှင်းနှင်းဦးက ပြောသည်။

အကယ်၍ လူငယ်လူရွယ်များက အလှူပွဲ၊ မင်္ဂလာပွဲများတွင် မိမိတို့၏ စမတ်ဖုန်းများဖြင့် အုပ်စုဖွဲ့၍သော်လည်း ကောင်း၊ တစ်ဦး ချင်းသော်လည်းကောင်း၊ သူတို့သားသူတို့သမီးနှင့် တွဲ၍သော် လည်းကောင်း ဓာတ်ပုံ တစ်ဝကြီး ရိုက်ကြမည်ဆိုပါက ၎င်းင်းတို့ကဲ့သို့ မိမိ၏အလှဆုံးအချိန်များကို မှတ်တမ်းတင်ထား လိုသည့် မျက်လုံးများဖြင့် ငေးကြည့်နေသူ များ အမြဲတမ်းနီပါး ရှိနေပါလိမ့်မည်။

“ကိုယ့်ရှေ့မှာတော့ မိန်းကလေးတွေ ဓာတ်ပုံ တဖျတ်ဖျတ်ရိုက်နေတာပဲ။ သူတို့ ရိုက်နေတာကိုပဲ ကြည့်ပြီးပြန်လာလိုက်တယ်။ ကိုယ်ကြည့်နေတဲ့အချိန်မှာ ကိုယ့်ကို ဓာတ်ပုံရိုက်ဖို့ခေါ်ရင်တော့ သွားရိုက် ဖြစ်မှာပေါ့”ဟု လောင်းလုံးမြို့နယ် စခန်းကြီးကျေးရွာနေ အသက် ၄၈ နှစ်အရွယ် ဒေါ်အုန်းရွှေက ပြောသည်။

တနင်္သာရီသတင်းအဖွဲ့