မော်လမြိုင်-သံဖြူဇရပ်လမ်းကို အချိန်မီပြုပြင်ရန် တိုက်တွန်း

0
468

ဝေဖန်မှုများမြင့်တက်နေသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းကို အချိန်မီပြုပြင်ရန် မွန်ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်သူက ပြည်နယ်အစိုးရအား တိုက်တွန်းလိုက်သည်။

အေးကို(AK) ကုမ္ပဏီက BOT စနစ်ဖြင့် တည်ဆောက်လျက်ရှိသည့် မော်လမြိုင်-သံဖြူဇရပ်လမ်းပိုင်းတွင် ကုမ္ပဏီဘက်က စာချုပ်အရ ၂၄ ပေ လမ်းအလယ်ကြောတစ်လျှောက်ကိုသာ နိုင်လွန်ကတ္တရာ ခင်းထားသည့်အတွက် လမ်းအလယ်ကြောမှာ နံဘေးလမ်းထက် အနည်းငယ် မြင့်တက်နေသည်။

ယင်းကြောင့် ယာဉ်များမှာ လမ်းအလယ်ကြောကိုသာရွေးမောင်းကြသဖြင့် ကျော်တက်ရန် အခက်အခဲဖြစ်သည့်အပြင် လမ်းအနိမ့်အမြင့်မတူသည့်အတွက် ယာဉ်များအတွက် အခက်အခဲဖြစ်စေကာ ယာဉ် မတော်တဆမှုများပိုမိုဖြစ်ပွားစေနိုင်ကြောင်း ဒေသခံများအကြားဝေဖန်မှုများရှိခဲ့သည်။

ယင်းလမ်းကိစ္စကို မေလ ၃ ရက်က ကျင်းပသည့် မွန်ပြည်နယ်လွှတ်တော် အစည်းအဝေးတွင် သထုံမဲဆန္ဒနယ် အမှတ်(၂)မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကျော်သူက အချိန်မီပြုပြင် ရန်အတွက် အဆိုတင်သွင်းကာ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

“အမှန်တကယ်မြေပြင်မှာလည်း အန္တရာယ်တွေဖြစ်နေတယ်ဆိုရင် စာချုပ် ဖျက်သိမ်းတဲ့အထိတောင်လုပ်လို့ရတယ်။  ဘာကြောင့်လဲဆိုတော့ ဒီဟာက ပြည်သူ တွေရဲ့ အသက်နဲ့ဆိုင်နေတဲ့ကိစ္စ အသက်အန္တရာယ်ပါရှိနေတဲ့ကိစ္စဆိုတော့ ဒါကိုတော့ အထူးအလေးထားပြီးတော့ ဆောင် ရွက်စေချင်တယ်”ဟု ဦးအောင်ကျော်သူက ပြောသည်။

ပြည်နယ်အစိုးရအနေဖြင့် သက်ဆိုင် ရာဌာနများနှင့် ပေါင်းစပ်ကာ အေးကို (AK) ကုမ္ပဏီ၏ လုပ်ငန်းဆောင်ရွက်မှု အခြေအနေကို စာချုပ်ပါသတ်မှတ်ချက်များအရ ကြီးကြပ်စစ်ဆေးရန်လိုအပ်ကြောင်း ၎င်းက ဆိုသည်။

သင်္ကြန်မတိုင်မီက ယာဉ်တိုက်မှုကြောင့် ဆိုင်ကယ်မောင်းသူ ၂ ဦးစလုံး ပွဲချင်းပြီးသေဆုံးမှုဖြစ်ပွားပြီးနောက်ပိုင်း အဆိုပါလမ်းနှင့် ပတ်သက်သည့် ဝေဖန်ပြောဆိုမှုများ ပိုမြင့်တက်လာခြင်းကြောင့် ယင်းသို့ အဆိုတင်သွင်းပြီး ပြည်နယ်အစိုးရကို တိုက်တွန်းရခြင်းဖြစ်သည်ဟု ဦးအောင်ကျော်သူက ပြောသည်။

“အဲလမ်းပိုင်းက အရမ်းသတိထား မောင်းရတယ်။ အရမ်းလည်း အန္တရာယ်များပါတယ်။ လမ်းက မညီနေတော့ ကျော်တက်ရင်လည်း အန္တရာယ်ရှိတယ်၊ သူများကျော်တက်တာကိုလည်း သတိထားရတယ်၊ မပြင်ဘူးဆိုရင် လူတွေ ထပ်သေကြဖို့ပဲ ရှိတာ”ဟု သံဖြူဇရပ်-မော်လမြိုင်သို့ လိုင်းကားပြေးဆွဲနေသူ ကိုမျိုးက ပြောသည်။                                        

ယဉ်စနိုင်း