ထီးခီးလမ်းအရွေ့ နှင့် ထားဝယ်စီမံကိန်း အလှုပ်

0
1615

အဆိုပြု ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ထီးခီးလမ်းဟာ ဆယ်စုနှစ်တစ်ခုကြာ ရပ်တန့်နေရာကနေ တစ်ဖန် ပြန်လည်လှုပ်ရှားလို့ လာပြန်ပါပြီ။ ထားဝယ်အထူး စီးပွားရေးဇုန် စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ထားဝယ် – ကန်ချနဘူရီ (ထီးခီးလမ်း)ကို နှစ်လမ်းသွားလမ်းအဖြစ် အဆင့်မြှင့်တင်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာကတော့ ၂၀၁၈ ခုနှစ် ကတည်းကပါ။ ၂၀၁၈ ခုနှစ်နှောင်းပိုင်း ပြည်ထောင်စုလွှတ်တော်မှာ အဆိုပါ လမ်းပိုင်း အဆင့်မြှင့်တင်ဖို့အတွက် လိုအပ်တဲ့ ရန်ပုံငွေ ထိုင်းဘတ်ငွေ ၄.၅ ဘီလီယံကို ထိုင်းအစိုးရထံမှာ ချေးယူရေးအဆိုကို ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး အတည်ပြုလိုက်ချိန်မှာတော့ သတင်းတွေက ပိုမိုခိုင်မာလာခဲ့ပါတယ်။ သို့သော် ထီးခီးလမ်း အဆင့်မြှင့်တင်ရေးဟာ ထင်သလောက် ခရီးမပေါက်ဘဲ ရှိနေခဲ့ပါသေးတယ်။

ပြန်ကောက်ရရင် ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းမှာ ပါဝင်မယ့် အဆိုပြုစီမံကိန်းတွေအားလုံးနီးပါး ဆယ်စုနှစ်ချီကြာ ရပ်တန့်နေခဲ့တာဟာ အကြောင်းရင်းပေါင်းများစွာအပေါ်မှာ မူတည်နေတယ်ဆိုတာကို စာဖတ်သူများ တီးခေါက်မိပြီး ဖြစ်ပါလိမ့်မယ်။ လျှပ်စစ်မီး အစချီပြီး လမ်းပန်းဆက်သွယ်ရေး အစရှိတဲ့ အခြေခံအဆောက်အဦ၊ မြေယာပြဿနာ၊ ခိုင်မာအားကောင်းတဲ့ ရင်းနှီးမြှုပ်နှံမှုရပ်ဝန်းဟုတ်မဟုတ်၊ ဒေသတွင်း ငြိမ်းချမ်းရေး အစရှိတဲ့ အကြောင်းတရားများစွာအပြင် အဆိုပြုထားတဲ့ စီမံကိန်းအမျိုးအစားများဟာ လူထုနဲ့သဘာဝ ပတ်ဝန်းကျင်အတွက် ကြီးမားနက်ရှိုင်းပြီး ကျယ်ပြန့်တဲ့ ထိခိုက်မှုတွေ ဖြစ်လာနိုင်ခြေ များတာကြောင့် ကန့်ကွက်မှုတွေရှိခဲ့ ကြတယ်လို့လည်း သုတေသနတွေက အခိုင်အမာ ထောက်ပြထားခဲ့ပါတယ်။

ထိုင်း၊ မလေးရှားအစရှိတဲ့ နိုင်ငံတွေမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်လုပ်ကိုင်နေကြရတဲ့ တနင်္သာရီ တိုင်းသူတိုင်းသားတွေကတော့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ သူတို့ မိသားစုဝင်တွေ မွေးရပ်ဌာနေပြန်လာပြီး အလုပ်လုပ်ဖို့အလုပ်အကိုင်အခွင့်အလမ်းတွေ ဖန်တီးပေးနိုင်လိမ့်မယ်လို့ ယုံကြည် နေကြပါတယ်။ ဒီစီမံကိန်းဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ မိသားစုဝင်တွေ ပြန်လည်ပေါင်းစည်းနိုင်ဖို့ ရွှေရောင် အနာဂတ်ကို ယူဆောင်ပေးလာနိုင်မလား ဆိုတာနဲ့ ပတ်သက်ပြီး ဆွေးနွေးငြင်းခုံမှု တွေလည်း အများအပြား ရှိနေပါတယ်။

“ကျွန်မတို့ရွာကို လူကြီးတွေ(စီမံကိန်းနဲ့အစိုးရတာဝန်ရှိသူတွေ) လာပြီး လာပြောပါတယ်၊ ရွာပြောင်းရမယ်၊ နေစရာ တွေ စီစဉ်ပေးမယ်၊ အလုပ်တွေလည်း ရမယ်တဲ့”။

နဘုလယ်ဒေသခံ ဒေါ်ထွန်းရွှေ (အမည်လွှဲ)ဟာ စီမံကိန်းစတင်ဖို့ပြင်ဆင်ချိန် ကနဦး ကာလတွေက သူမရဲ့အတွေ့ အကြုံကို ပြန်လည်ဖောက်သည်ချပါတယ်။ စီမံကိန်းနဲ့ပတ်သက်ပြီး ဖြစ်လာနိုင်ခြေရှိတဲ့ လူမှုရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းတွေ ပြုလုပ်ခဲ့မှု ရှိမရှိဆိုတာကို သူမအနေနဲ့ အတည်ပြုပေးနိုင်ခြင်းတော့ မရှိပါဘူး။ သူမလိုပဲ အိမ်နီးချင်းဖြစ်သူ ဦးမင်းလှ (အမည်လွှဲ) ကလည်း စီမံကိန်းလုပ်လို့ ရွာရွှေ့ရမယ်ဆိုရင် ရွှေ့ဖို့ အဆင်သင့် ရှိကြောင်း ပြောဆိုပါတယ်။

“ကျွန်တော်တို့ကတော့ ပြောင်းဆိုလည်း ပြောင်းရမှာပဲလေ၊ အစိုးရက လုပ်တာပဲ၊ ထိုက်တန်တဲ့ လျော်ကြေးတော့ ပေးမယ်ထင်ပါတယ်၊ အဲဒါနဲ့ပဲ လုပ်ကိုင်စားသောက်ရမှာပေါ”့

ထိုက်တန်တဲ့ လျော်ကြေးဆိုတာ ဘယ်လောက်လဲ ဆိုတာကတော့ ဦးမင်းလှအနေနဲ့ ဖော်ပြနိုင်ဖို့ ခဲယဉ်း ကြောင်း ဆိုပါတယ်။

အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ဆက် စပ်စီမံကိန်းဖြစ်တဲ့ ထီးခီးလမ်းတစ်လျှောက် နေထိုင်တဲ့ ဒေသခံဌာနေကရင်တိုင်းရင်းသားတွေ မှာတော့ စီမံကိန်းနဲ့ပတ်သက်ပြီး ကွဲပြားတဲ့ အမြင်တွေ ရှိနေပြန်ပါတယ်။

“ကျွန်တော်တို့က စီမံကိန်းကို ကန့်ကွက်နေတာ မဟုတ်ပါဘူး၊ ဘယ်လို အကောင်အထည်ဖော်မလဲဆိုတာကို ပြောနေတာပါ။”မိမိကိုယ်ပိုင် ဓားမဦးချ လုပ်ကိုင်စားသောက်လာခဲ့ပြီး ၂၀၁၁ ခုနှစ် လမ်းဖောက်စဉ်က ခြံရဲ့ ထက်ဝက် ကျော်ပါသွားတဲ့ စောတင်မင်း (အမည်လွှဲ) ကတော့ မြေယာပြဿနာကို စီမံကိန်း အကောင်အထည်ဖော်သူတွေအနေနဲ့ ပိုမိုကောင်းမွန်အောင် ဘယ်လိုကိုင်တွယ် မလဲဆိုတာကို အမြဲတမ်းမေးခွန်းထုတ်လေ့ ရှိသူ ဖြစ်ပါတယ်။ သူ့အပြောအရ အဆိုပါ ၂၀၁၁ ခုနှစ် လမ်းအူကြောင်း ဖောက်စဉ်ကတည်းက ထိခိုက်နစ်နာခဲ့ပြီး ယနေ့အထိ လျော်ကြေးမရသေးသူတွေလည်း အများအပြား ရှိနေသေးကြောင်း သိရှိရပါတယ်။

“ကျွန်တော်တို့မှာ ဈေးမရှိဘူး၊ မြို့မှာလို စူပါမားကတ်တွေ မရှိဘူး၊ ကျွန်တော်တို့မှာရှိတဲ့ သစ်တောတွေ ရေချောင်းတွေက ကျွန်တော်တို့ရဲ့ အစားအစာ ဘဏ်တိုက်ပဲ၊ ဥယျာဉ်ခြံတွေကို လျော်ကြေးပေးတာမှန်ပေမယ့် ကျွန်တော် တို့ ဒေသခံတွေ မှီခိုစားသောက်နေရတဲ့ သဘာဝအရင်းအမြစ်တွေဆိုတာက ကျွန်တော်တို့ရဲ့ ဘ၀ရပ်တည်မှုအတွက် အရေးပါလှတယ်”

စောမင်းကို(အမည်လွှဲ)ကတော့ စီမံကိန်း ကာလအလွန်ကို သူ ပိုစိတ်ဝင် စားကြောင်း ဆွေးနွေးတယ်။ မြေမဲ့ယာမဲ့ ဖြစ်သွားမယ့်သူ့ ကရင်လူထု အတွက်သူ တွေးတော ပူပန်မိကြောင်း ဖွင့်ဟတယ်။

ထားဝယ်အထူးစီးပွားရေးဇုန် အကောင်အထည်ဖော်ဖြစ်ခဲ့ရင် ရွှေ့ပြောင်းရမယ့် ရွာထဲမှာ ပါမယ့် မလှလှဌေး (အမည်လွှဲ) ကတော့  အလုပ်အကိုင်အခွင့်အလမ်းတွေနဲ့ ပတ်သက်ရင် သူမ အနေနဲ့ အခုထက် ပိုပြီး တိတိကျကျ သိလိုကြောင်း ပြောဆိုတယ်။ လက်ရှိမှာ ဖရဲသီးစိုက်ပြီး အသက်မွေးတဲ့ သူမမိသားစုမှာ ပိုင်ဆိုင်မှုဆိုလို့ မြေ ၂ ဧက နဲ့ အိမ်ခြံဝတစ်ခုသာ ရှိပါတယ်။

“မြေတစ်ဧကကို သိန်း ၃၀၀ ပေးရင် သိန်း ၆၀၀ ရမယ်၊ အိမ်က သိပ်အကောင်း ကြီးမဟုတ်တော့ မြေပါ အပါ သိန်း ၅၀၀ ရတယ်ဆိုရင် ကျွန်မမှာ သိန်း ၁၁၀၀ ရမယ်။ ဟိုမှာ (ရွှေ့ပြောင်းနေထိုင်ရမယ့် နေရာမှာ) လုပ်ကိုင်စားဖို့ ဘာရှိမှန်းမသိ ဘူး၊ စီမံကိန်းက အလုပ်ပေးမှာလား၊ မပြောင်းခင်တော့ အကုန်သိချင်တာပေါ့၊ မဖြစ်မနေ ပြောင်းရမယ်ဆိုရင်တော့လည်း ဘယ်တတ်နိုင်မလဲလေ၊ အများပြောင်းဆို ကိုလည်း ပြောင်းရမှာပဲပေါ့”

ယနေ့အချိန်အထိမှာတော့ စီမံကိန်းဟာ လူအများစုကို အလုပ်အကိုင်အခွင့်အလမ်းပေးနိုင်မယ့် ဘယ်လိုစက်ရုံ အလုပ်ရုံ အမျိုးအစားတွေကို တည်ဆောက်ပြီး ဘယ်လိုလူတွေကို အလုပ်အကိုင်တွေ ဖန်တီးပေးမယ်အစရှိတဲ့ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ ဆွေးနွေးပြောဆိုမှုတွေကို အစိုးရနဲ့စီမံကိန်းအကောင် အထည်ဖော်သူတွေက ထုတ်ဖော်ပြော ဆိုတာကို  သူမအနေနဲ့ တောင်းဆိုလိုကြောင်း မလှလှဌေးက ပြောဆိုပါတယ်။

“ကျွန်တော်အိမ်က သေးတော့ ဟိုမှာ (ရွှေ့ပြောင်းနေထိုင်ရမယ့်နေရာ) မှာလည်း အိမ်နဲ့မြေကွက် အသေးကလေးပဲ ရမှာလေ၊ ဟိုမှာက စိုက်ပျိုးစရာမြေလည်းရှိမှာ မဟုတ်ဘူး၊ မြေပြန်ဝယ်ဖို့ဆိုတာ ကလည်း အခုခေတ်မြေဈေးနဲ့က တွေးတောင် မတွေးရဲဘူး၊ ဖြစ်သမျှအကြောင်း အကောင်းပဲပေါ့”

အိမ်နောက်ဖေး မြေကွက်လပ် ကလေးမှာ ရာသီပေါ်သီးနှံစိုက်ပျိုးတဲ့ ဦးဖေလင်း(အမည်လွှဲ) ကတော့ သူ့အနေနဲ့ အသက်ကြီးနေပြီဖြစ်တာကြောင့် ပြောင်းရရွှေ့ရမယ့် အလုပ်ကို သိပ်မလုပ် ချင်တော့ကြောင်း ငေးငေးငိုင်ငိုင်ပြော ရှာတယ်။ သားသမီးကျောထောက် နောက်ခံမရှိတော့တဲ့ သူတို့လင်မယား ရဲ့ဘ၀နေ၀င်ချိန်ကို စိတ်အေးလက်အေးသာ ဖြတ်သန်းလိုတော့တာက သူ့ ရည်မှန်းချက်။

ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားတဲ့

လမ်းအဆင့်မြှင့်တင်ဖို့ ကုန်ကျငွေ ဘတ် ၄.၅ ဘီလီယံ ထဲမှာ လမ်းတစ်လျှောက်မှာရှိတဲ့ ဥယျာဉ်ခြံမြေတွေကို ပေးလျော်ဖို့ လျာထားချက် ပါ/မပါ အပါအ၀င် အဆိုပါ ချေးငွေနဲ့ ပတ်သက်တဲ့ စာချုပ်ပါ သတင်းအချက် အလက်တွေကို ဒေသခံတွေမသိရှိ သလောက်ပါပဲ။

ဒါကလည်း နိုင်ငံအစိုးရ တွေအကြား ချုပ်ဆိုတဲ့စာချုပ်တွေကို ပြည်သူလူထုကို အသိပေးဖို့ မလိုတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလထဲမှာတော့ ထိုင်းနိုင်ငံဘက်က လမ်းအဆင့်မြှင့်တင် ရန် ချေးငွေထုတ်ပေးဖို့အတွက် လေ့လာ မှုတွေ ထပ်မံပြုလုပ်ဖို့ ထိုင်းနည်းပညာ အဖွဲ့အစည်းတွေကို ငှားရမ်းပြီး ထီးခီးလမ်းပြန်လည်လေ့လာသုံးသပ်ခြင်းတွေ ပြုလုပ်လာတာကို တွေ့လာရတယ်။ သတင်းတွေအရ အဆိုပါ နည်းပညာအဖွဲ့တွေဟာ လာမယ့် စက်တင်ဘာလမှာ နောက်ဆုံးအစီရင်ခံစာ ပေးပို့ရမှာဖြစ်ပြီး အဲဒီအစီရင်ခံစာအပေါ်မူတည်ပြီး ချေးငွေ ထုတ်ပေးခြင်းနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေကို ဆက်လက် အကောင်အထည် ဖော်သွားမယ်လို့ သိရတယ်။

စီစဉ်ထားတဲ့အတိုင်းဆိုရင် လာမယ့် ၂၀၂၀ နှစ်ဆန်းမှာ ထီးခီးလမ်း နှစ်လမ်း သွားအဆင့်မြှင့်တင်ခြင်း လုပ်ငန်းတွေ တွေ့လာရမှာ ဖြစ်ပါတယ်။

ဒါဟာ ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းနဲ့ တိုက်ရိုက်ပတ်သက်  ဆက်စပ်နေတဲ့ လမ်းပိုင်း စီမံကိန်းတစ်ခု ဖြစ်တာကြောင့် ဆယ်စုနှစ်တစ်ခုကျော်အကြာ တန့်နေတဲ့ ထားဝယ်စီမံကိန်း ပြန်လှုပ်လာမလား၊ ဒေသခံတွေအပေါ် အကောင်းအဆိုး ရိုက်ခတ်မှုတွေ ဘယ်လို ဖြစ်လာနိုင်မလဲဆိုတာတွေကို မကြာခင် တွေ့မြင်လာရနိုင်ခြေရှိနေပါတယ်။   ။

အောင်လွင်(ကံပေါက်သား)