ဦးဝီရသူ၏ ပုဂ္ဂိုလ်ရေးဟောပြောမှု ဝေဖန်မှုမြင့်တက်

0
506

မြိတ်တွင် ပြုလုပ်ခဲ့သည့် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေးနှင့် ပုဒ်မ ၂၆၁ အတည်ပြုပေးရေးထောက်ခံပွဲတွင် ဦးဝီရသူ၏ ဟောပြောမှုများမှာ ပုဂ်္ဂိုလ်ရေးဆန်သည့်အတွက် ဝေဖန်မှုများ မြင့်တက်ခဲ့သည်။

ဧပြီလ ၂၉ ရက်က မြိတ်တောင်ကျေး ရွာအုပ်စု၊ အရှေ့သိမ်ဘောလုံးကွင်းတွင် ပြုလုပ်သည့် ယင်းထောက်ခံပွဲတွင် ဦးဝီရသူက လာရောက်ဟောပြောခဲ့ခြင်း ဖြစ်သည်။

ပုဒ်မ-၅၉(စ)နှင့်ပတ်သက်ပြီး ဘာသာရေး၊ လူမျိုးရေးဆိုင်ရာများအပြင် လူပုဂ်္ဂိုလ် တစ်ဦးတစ်ယောက်အား ရည်ရွယ်သည့် အသုံးအနှုန်းများကိုပါ ထည့်သွင်းပြောဆိုခဲ့ကြောင်း အရှေ့သိမ်ဘောလုံးကွင်းအနီး နေသူတို့ထံမှ သိရသည်။

“မိတ်ကပ်လေး လိမ်းဖို့လောက်တတ်၊ ဖက်ရှင်လေးဝတ်ဖို့လောက်တတ်၊ ဒေါက်မြင့်လေးနဲ့ကော့ကော့ လျှောက်သွားဖို့လောက် တတ်တယ်”ဟူ၍ ဒေါ်အောင်ဆန်းစုကြည် အားရည်ညွှန်းကာ ဦးဝီရသူက ပြောဆိုခဲ့ ခြင်း ဖြစ်သည်။

၎င်းအပြင် ပုဂ်္ဂိုလ်ရေးတိုက်ခိုက်သည့် အသုံးအနှုန်းများကိုလည်း ထည့်သွင်းဟောပြောခဲ့ကြောင်း ဘောလုံးကွင်းအနီး နေသူတို့က ပြောသည်။

ယင်းကဲ့သို့ ဦးဝီရသူ၏ ပုဂ္ဂိုလ်ရေး တိုက်ခိုက်သည့် ဟောပြောမှုသည် သံဃာတစ်ပါး၏ ပြောဆိုချက်နှင့် ကိုက်ညီမှုမရှိကြောင်းကို မြိတ်လူထုအကြား ဝေဖန်မှုများ ရှိခဲ့သည်။

“ဘယ်သူ့ကို စောင်းပြောနေလဲဆိုတာ အရမ်းသိတာတယ်။ ထောက်ခံပွဲခေါင်းစဉ်နဲ့ ဟောတာက တလွဲစီပဲ”ဟု ဘောလုံးကွင်း အနီးနေထိုင်သူ အသက် ၄၀ ရှိအမျိုးသားတစ်ဦးက ပြောသည်။

၎င်းင်းအပြင် ယခင်အစိုးရကမြေကြီးပေါ်တွင် ပေါက်နေသည့်သယံဇာတ သစ်ပင်လေးများကိုသာခိုးပြီး ယခုအစိုးရက ပြည်သူ့ချွေးနှဲစာဖြင့်ရှာဖွေထားသည်များအား အခွန်တိုးတောင်းခြင်း၊ ဘတ်ဂျက် တိုးတောင်းခြင်းများပြုလုပ်၍ ပြည်သူ့အိပ်ကပ်ထဲမှ နှိုက်ပြီးခိုးနေသည်ဟု ဦးဝီရသူက ဟောပြောခဲ့သည်။     

Dawei Watch