ဝန်ကြီးချုပ် ဦးမြင့်မောင်နှင့် အင်တာဗျူး

0
2121

ဝန်ကြီးချုပ်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်ကို ရာထူးမှရပ်စဲပြီးနောက် နိုင်ငံတော်သမ္မတက တိုင်းဒေသကြီး သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်အား ၀န်ကြီးချုပ်အဖြစ် ခန့်အပ်ခဲ့သည်။ ၀န်ကြီးချုပ်သစ် ဦးမြင့်မောင် ရှေ့ဆက်လုပ်ဆောင်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ တနင်္သာရီ အပတ်စဉ်မှ မတ်လ ၂၉ ရက်တွင် တွေ့ဆုံမေးမြန်းထားသည်ကို တနင်္သာရီစာဖတ်ပရိသတ် သိရှိနိုင်ရန် ဖော်ပြလိုက်ပါသည်။

တနင်္သာရီ။      ။ တိုင်းအစိုးရ သက်တမ်း လက်ကျန် နှစ်နှစ်အတွင်း ဘာတွေဦးစားပေး လုပ်ဆောင်သွားဖို့ ရှိလဲ။

ဝန်ကြီးချုပ်။    ။ ကျမ်းသစ္စာကျိန်ဆို တဲ့နေ့က လွှတ်တော်မှာ ကျွန်တော် တင်ပြတဲ့ အတိုင်းပဲပေါ့နော်၊ အဓိကကတော့ တိုင်းဒေသကြီးတစ်ခုလုံးဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ အဓိက မြေယာပြဿနာပေါ့၊ ကုမ္ပဏီတွေကို ချပေးထားတယ်၊ ချပေး ထားတဲ့ဟာတွေနဲ့ ပတ်သက်ပြီးတော့ ကုမ္ပဏီက လုပ်ကိုင်ဆောင်ရွက်နိုင်ခြင်း မရှိဘူး၊ မရှိတဲ့ဟာတွေကို ဥပဒေအရ ပြန်ပြီးတော့ အပ်နှံစေမယ်၊ ပြီးရင် ဥပဒေအရ တစ်နိုင်တစ်ပိုင်သမားတွေကို ဒေသခံတွေ ကို ဒီစိုက်ပျိုးမြေတွေ ပြန်လည်ရရှိရေး အတွက် ဆောင်ရွက်သွားဖို့ ရှိပါတယ်၊

ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး နဲ့ ပတ်သက်ပြီးတော့ ရေထွက်ပစ္စည်းတွေ ကို လုပ်ထုံးလုပ်နည်းများနဲ့အညီ နိုင်ငံခြား ကို တင်ပို့ရောင်းချနိုင်ရေးအတွက် ပေါ့နော်၊ အဲဒါတွေ ဆောင်ရွက်သွားဖို့ ရှိတယ်၊ တိုင်း ဒေသကြီးအတွင်းမှာရှိတဲ့ အဓိကကတော့ ခဲမဖြူ၊ အဖြိုက်နက် အခြားသော သတ္တု တွင်းထွက်ပစ္စည်းတွေ ပေါ့နော်၊ အဲဒါ တွေကို ထုတ်ယူသုံးစွဲတဲ့ဟာတွေ ရှိပါ တယ်၊ ဒီလိုထုတ်ယူသုံးစွဲမှုတွေနဲ့ ပတ်သက် ပြီး ပတ်ဝန်းကျင်ထိခိုက်မှု  အတတ်နိုင်ဆုံး နည်းပြီးတော့ ဥပဒေ နည်းဥပဒေများနဲ့အညီ ထုတ်ယူသုံးစွဲသွား တဲ့ဟာကို ဆောင်ရွက် သွားဖို့ ရှိပါတယ်။ အဓိကကတော့ မဖြစ် မနေပေါ့။ နိုင်ငံတော် ရဲ့ မူဝါဒမှာလည်း ပါပါတယ်၊ ဥပဒေစိုးမိုးရေးပေါ့၊ ပြည်သူ တွေ အကာအကွယ်ပေးမှု အပြည့်အ၀ ရရှိရေး အတွက်လည်း အစိုးရအဖွဲ့အနေနဲ့ ဆောင် ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒါကိုလည်း ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ပြီးရင် မဟာဓာတ်အားလိုင်းပေါ့နော်၊ သို့လော သို့လောနဲ့၊ မဟာဓာတ်အား လိုင်း ရောက်လာနိုးနိုးနဲ့၊ ဘယ်အချိန် ရောက်လာမယ် ဘယ်အချိန်ရောက်လာ မယ်ဆိုပြီးတော့ ကျွန်တော်တို့ ခဏခဏ မျှော်နေရတဲ့ မဟာဓါတ်အားလိုင်းကို ရောက်သင့်ရောက်ထိုက်တဲ့အချိန် ရောက်ရှိ နိုင်ရေးအတွက်လည်း၊ သတ်မှတ်ကာလ မှာ ရောက်ရှိနိုင်ရေးအတွက်လည်း ပြည်ထောင်စုကို တင်ပြမယ်၊ ညှိနှိုင်းဆောင် ရွက်မယ်ဆိုတဲ့ဟာလည်း ရှိပါတယ်။

ပြီးရင် ဒီမှာ အဓိက စိန်ခေါ်မှုကတော့ လျှပ်စစ်ဓာတ်အားခနဲ့ ပတ်သက်ပြီးတော့ပေါ့၊ ကျွန်တော်တို့မှာ မဟာဓာတ်အားလိုင်း မရှိတဲ့အတွက် ခရိုင်အလိုက် ဆောင်ရွက် နေတဲ့ဟာတွေ ရှိတယ်၊ ထားဝယ်ဆိုရင်လည်း ဂက်စ်ပေါ့၊ ကျန်တဲ့နေရာတွေဆို လည်း ဒီဇယ်တို့ဘာတို့ ရှိတယ်၊ အဲဒီဟာမှာ တစ်ဖက်ကလည်း ကျွန်တော်တို့က ဒီထက် တည်ငြိမ်ပြီးတော့ သက်သာတဲ့ နည်းလမ်းတွေကို ကျွန်တော်တို့က ရှာဖွေ သွားမှာ ဖြစ်သလို လက်ရှိအရင်းအမြစ်များ နဲ့ ပေးနေတဲ့ လျှပ်စစ်မီးကိုလည်း အတတ် နိုင်ဆုံး တည်တည်ငြိမ်ငြိမ်နဲ့ မှန်ကန်တဲ့ နှုန်းထားတွေကို ဘယ်လိုဆောင်ရွက် သွားမလဲဆိုတဲ့ဟာကို ရည်မှန်းချက်ချပြီး တော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တနင်္သာရီ။      ။ ဟုတ်ကဲ့ဗျ၊ ပြောသွားတာတော့ တော်တော်စုံတယ် ပေါ့ဗျ။  ၀န်ကြီးချုပ်အဖြစ် တိုင်းလွှတ်တော် မှာ ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ပါတယ်။ အဂတိကင်းစင်တဲ့ အစိုးရတစ်ရပ် ဖြစ်ရ မယ်လို့လေ။ ၀န်ကြီးချုပ်ကိုယ်တိုင်က အဂတိကင်းစင်ဖို့ ဘယ်လို အာမခံနိုင်မလဲ ခင်ဗျ။

ဝန်ကြီးချုပ်။    ။ အဂတိကင်းစင် တယ်ဆိုတာကတော့ အင်မတန်မှ ကျယ် ပြန့်ပါတယ်၊ လာဘ်ပေးလာဘ်ယူလုပ်တာ တစ်ခုတည်း အတွက်ကို ကျွန်တော်တို့ သတ်မှတ်လို့ မရဘူးပေါ့နော်။ ဆောင်ရွက် တဲ့အပိုင်းတွေမှာ ဥပဒေတွေ၊ နည်းဥပဒေ တွေ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဆောင်ရွက်မလဲဆိုတဲ့ဟာလည်း အဓိက ကျပါတယ်။

ကျွန်တော်တို့ကတော့ ဥပဒေ၊ နည်းဥပဒေများနဲ့အညီ တစ်ကယ့်ကို လာဘ်ပေးလာဘ်ယူမှု ကင်းစင်တဲ့ အစိုးရ တစ်ရပ်အနေနဲ့ ကျွန်တော်ကိုယ်တိုင်ကကို ၀န်ကြီးချုပ်တစ်ယောက်ဖြစ်တဲ့အတွက် စံနမူနာပြအနေနဲ့ ဆောင်ရွက်သွားဖို့ ရှိပါ တယ်။

တနင်္သာရီ။     ။ ၀န်ကြီးချုပ် ပြောတဲ့အထဲ ပါတယ်ပေါ့နော်၊ အဂတိ ကင်းစင်တဲ့ အစိုးရတစ်ရပ်ပေါ့။ ၀န်ကြီးချုပ် တာဝန်ခံရတဲ့ ၀န်ကြီးတွေ အဂတိကင်းစင် ဖို့ရော ဘာတွေ လုပ်သွားဖို့ ရှိလဲဗျ။

ဝန်ကြီးချုပ်။    ။ ၀န်ကြီးများနဲ့ ပတ်သက်ပြီးတော့လည်း ကျွန်တော်တို့ NLD အစိုးရကနေပြီးတော့ သွားနေတဲ့ မူဝါဒကို ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်သလို၊ သိပြီးသား ဖြစ်မယ်လည်း မျှော်လင့်ပါတယ်။ အဲဒီတော့ NLD အစိုးရ က ချမှတ်ထားတဲ့ မူဝါဒတွေ၊ နိုင်ငံတော် အစိုးရက ချမှတ်ထားတဲ့ မူဝါဒတွေနဲ့အညီ၊ ဒီထဲမှာ အဂတိတရားကလည်း အင်မတန် မှ အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒါကိုလည်း တစ်ကယ့်ကို နားလည်လက်ခံ ပြီးတော့ ကိုယ်တိုင်ကိုယ်ကျ အကုန်လုံး ပေါ့နော်၊ ဒါကို လိုက်နာဆောင်ရွက်သွားဖို့ အတွက်ကိုလည်း ကျွန်တော်က ကြပ်မတ်သွားဖို့ ရှိပါတယ်။

တနင်္သာရီ။      ။ ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ပါတဲ့ နောက်တစ်ချက်ပေါ့နော်။ ပွင့်လင်းမြင်သာမှုရှိသော အစိုးရပေါ့။ ပွင့်လင်းမြင်သာတဲ့အစိုးရ ဖြစ်ဖို့ ဘာတွေ လုပ်ဆောင်မှာလဲ။

ဝန်ကြီးချုပ်။    ။ အဓိကကတော့ တော်တော်များများ ကဏ္ဍအသီးသီးမှာ ပေါ့နော်၊ ပြည်သူကို ချပြလို့ရတဲ့ ကိစ္စတွေ ရှိတယ်၊ တစ်ချို့ဟာတွေကျတော့လည်း ပြည်သူကို ချပြလို့ မရတဲ့ ကိစ္စတွေ ရှိတယ်၊ လျှို့ဝှက်သင့်၊ လျှို့ဝှက်အပ်တဲ့ ကိစ္စတွေ ရှိတယ်ပေါ့နော်၊ ဒါတွေ ခွဲခြားပြီးပြည်သူ ကို အမှန်တကယ်ချပြလို့ရတဲ့ ကိစ္စတွေ ကို ချပြသွားဖို့ ရှိတယ်၊ အဲဒီမှာ ကျွန်တော်တို့ ၀က်ဘ်ဆိုက်ကသော်လည်းကောင်း၊ အစိုးရပေ့ခ်ျကသော်လည်း ကောင်း၊ ပရင့် မီဒီယာ (ပုံနှိပ်သတင်းစာ/ဂျာနယ်)တွေက သော်လည်းကောင်း ချပြသွားဖို့ ရှိတယ်၊ မကြာခင်ပဲ ကျွန်တော်တို့ အဲဒါတွေလည်း ဆင့်ကဲဆင့်ကဲပေါ့နော် ဆောင်ရွက်သွားဖို့ ရှိပါတယ်။

တနင်္သာရီ။      ။ ကုမ္ပဏီများက လုပ်ကိုင်ဆောင်ရွက်နိုင်မှုမရှိတဲ့ မြေယာ တွေကို ဒေသခံတောင်သူတွေဆီ ဥပဒေနှင့် အညီ ပြန်လည်ပေးအပ်မယ်လို့ ပြောသွား တယ်ပေါ့နော် မိန့်ခွန်းမှာ။ အရင်နှစ်တွေ က တိုင်းအစိုးရအဖွဲ့က ကုမ္ပဏီတွေဆီကနေ ပြန်သိမ်းပြီးတဲ့မြေတွေကို ဒေသခံတွေ လျှောက်ထားဖို့ အခက်တွေ့နေတာတွေ ရှိတယ်လို့ ပြောကြတယ်။ ဘယ်နေရာက မြေကို ပြန်သိမ်းတယ်၊ ဘယ်မြေနေရာတွေ လျှောက်ခွင့်ရတယ်ဆိုတာ ဒေသခံတွေ မသိဘူးပေါ့။

ဒီတော့ အစိုးရက လျှောက်ပါပြော ပေမယ့် ဒေသခံတွေက မလျှောက်နိုင် ဖြစ်နေတယ်ပေါ့။ ပေးကားပေး၏။ မရ ဖြစ်နေတာတွေကို အဆင်ပြေအောင် ဘယ်လို လုပ်မှာလဲ။

ဝန်ကြီးချုပ်။    ။ ဒါလည်း ကျွန်တော်တို့ သေသေချာချာတော့၊ သက်ဆိုင်ရာဝန်ကြီးနဲ့လည်း ဒါကို သေသေ ချာချာ ညှိနှိုင်းရမယ့်ဟာတွေ ရှိတယ်ပေါ့၊ သုံးသပ်ရမယ့် ဟာတွေ ရှိတယ်ပေါ့နော်။

ဘယ်လိုကြောင့် ဒီအခက်အခဲတွေ ဖြစ်ရသလဲဆိုတဲ့ဟာကိုလည်း သေသေ ချာချာ လေ့လောပြီးတော့ အဖြေရှာဖို့တော့ အချိန်ယူရမှာပေါ့နော်။ ယူပြီးတဲ့အခါကျ ရင် ကျွန်တော်တို့က ဖြစ်စေချင်တာကတော့ ဒီကုမ္ပဏီတွေကို ချပေးထားတဲ့ဟာတွေ ပေါ့၊ ဒါတွေနဲ့ ပတ်သက်ပြီးတော့လည်း စိုက်ပျိုးနိုင်ခြင်း မရှိတဲ့ဟာတွေကို ပြန်လည် သိမ်းဆည်းရေးအတွက် ဆောင်ရွက်နေတဲ့ အပိုင်းတွေရှိတယ်၊ တစ်ချို့ကလည်း အတည်ပြုထားတဲ့ အပိုင်းတွေလည်း ရှိတယ်ပေါ့။

ဒီနေရာတွေမှာ တစ်နိုင်တစ်ပိုင်တွေ ပြန်ပြီးတော့ လျှောက်ခွင့် ရရှိအောင် တည်တည်ငြိမ်ငြိမ်လေးနဲ့ပေါ့နော်၊ ဘယ် လိုမျိုးဆောင်ရွက်နိုင်မလဲပေါ့၊ ဒါတွေလည်း ပြန်ပြီးတော့ သုံးသပ်ဖို့ ရှိတယ်ပေါ့နော်။

အဲဒီမှာ တစ်ခုရှိတာက တစ်ဆင့်ချင်း ဆောင်ရွက်ရမယ့်ဟာတွေ ရှိတယ်ပေါ့၊ တအားကြီး အကုန်လုံး ချပြလိုက်ပြန်ရင် လည်း နောက်ဆက်တွဲအကျိုးဆက်က ဘယ်လို ဖြစ်လာသလဲဆိုတော့ မြေယာကျူးကျော်တဲ့ကိစ္စတွေမျိုးပေါ့။

ဒီဘက်မှာက ဥပဒေကြောင်းအရ မပြီးပြတ်သေးဘူး၊ ဒီဘက်မှာက ၀င်ပြီး တော့ စွန့်လွှတ်ထားတဲ့မြေ၊ ပြန်ပြီးတော့ သိမ်းဆည်းထားတဲ့မြေဆိုပြီးတော့ ၀င်ပြီး တော့ ဥပဒေနဲ့ မညီဘဲနဲ့ ၀င်ပြီးတော့ ကျူးကျော်တဲ့ဟာတွေလည်း ရှိတယ်၊ ဒါကလည်း ပြဿနာရှိပါတယ်။

ပြဿနာရှိတယ်ဆိုတာက ကုမ္ပဏီနဲ့ အစိုးရအဖွဲ့နဲ့ လုပ်ထားတဲ့ဟာတွေက ဥပဒေ ကြောင်းအရ ပြီးပြတ်သွားဖို့ လိုတာပေါ့ နော်၊ ပြန်ပြီးတော့ စွန့်လွှတ်ခွင့်ပြုဖို့အတွက် လည်း ဥပဒေကြောင်းအရ ညီညွတ်ဖို့လို တယ်၊ ဒေသခံတွေကို ပြန်ပြီးတော့ ချပေး တဲ့အပိုင်းမှာလည်း ဥပဒေနဲ့အညီ ပြန်ပြီးတော့ ချပေးမှသာလျှင် ခိုင်ခိုင်မာမာနဲ့ စနစ်တကျရှိမှာ ဖြစ်တယ်ပေါ့။

အဲလို ဖြစ်ဖို့အတွက် တချို့ဟာတွေ ကတော့ မျှော်လင့်သလောက် အချိန်တို အတောအတွင်းမှာ မပြီးနိုင်တဲ့ကိစ္စမျိုးတွေ လည်း ရှိနိုင်တယ်ပေါ့။

သို့သော်လည်းပဲ ကျွန်တော်တို့ ကတော့ အတတ်နိုင်ဆုံးတော့ ဆောင်ရွက် ပြီးစီးမှု အခြေအနေတွေကိုတော့ ပြည်သူ တွေကို ပွင့်ပွင့်လင်းလင်းနဲ့ ချပြဖို့တော့ ရှိပါတယ်။

(ဆက်လက်ဖော်ပြပါမည်)

Dawei Watch