အသက် ရှစ်ဆယ်ကျော် အဘိုးအဘွားနှစ်ဦးအား သားသမီးများ နှင်ချထားခြင်း မဟုတ်

0
848

လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ပျံနှံ့ခဲ့သည့် အသက်ရှစ်ဆယ်ကျော်အရွယ် အဘိုးအဘွားနှစ်ဦးကို သားသမီး များက နှင်ချထားခြင်းမဟုတ်ကြောင်း ကာယကံရှင်များနှင့် ညင်းထွေးကျေးရွာ အုပ်ချုပ်ရေးမှူးတို့က ပြောသည်။

သားသမီးများက နှင်ချလိုက်သည်ဆိုသည့် အဘိုးအဘွားနှစ်ဦးအကြောင်း ကို ရုပ်သံဖိုင်တစ်ခု မတ်လ ၂၇ ရက်က လူမှုကွန်ရက်ပေါ်တွင် ပျံနှံ့ခဲ့ပြီး ဝေဖန် ပြောဆိုမှုများရှိခဲ့သည်။

ယင်းသို့ ဝေဖန်ပြောဆိုနေမှုများမှာ မဟုတ်မှန်ကြောင်း အဘိုးအဘွားနှစ်ဦး၏ သမီးဖြစ်သူ၊ သမက်နှင့် ညင်းထွေး ကျေးရွာအုပ်ချုပ်ရေးမှူးတို့က ဆိုသည်။

အဆိုပါ အဘိုးအဘွားနှစ်ဦးသည် သားသမီးများ၏ အိမ်တွင် တစ်လှည့်စီ နေထိုင်လေ့ရှိပြီး ညင်းထွေးကျေးရွာရှိ အငယ်ဆုံးသမီးအိမ်တွင် အနေများသည် ဟု ၎င်းတို့ထံမှ သိရသည်။

“အဘိုးကြီးအဘွားကြီးက ၀ဋ်ကြွေး လိုမျိုးဖြစ်နေတယ်၊ ကြိုက်သလိုကောင်း အောင်ထား၊ သားတွေသမီးတွေမရှိတဲ့ အချိန် သူတို့ဘာသာသူတို့ ထပြီးသွား လိုက်တယ်၊ နှင်ချတာ မဟုတ်ဘူး၊ လာပို့နေတဲ့ နေရာတွေလည်း များလှပြီ”ဟု ညင်းထွေးကျေးရွာအုပ်ချုပ်ရေးမှူး ဦးနေဇာဝင်းက ဆိုသည်။

၎င်းတို့နှစ်ဦးတွင် သားသမီး ၇ ဦး ရှိပြီး အချို့မှာ ထိုင်းနိုင်ငံသို့ရောက်ရှိ နေသည့်အတွက် ကျန်နေသည့် သား သမီးများထံ လှည့်လည်နေထိုင်လေ့ရှိကြောင်း တတိယမြောက်သမီးဖြစ်သူက ဆိုသည်။

သို့သော် သားသမီးများထံတွင် အချိန်ကြာကြာနေလေ့မရှိဘဲ ခြေဦးတည့်ရာလျှောက်သွားလေ့ရှိသဖြင့် အခြားရွာများမှ ပြန်ပြန်လာပို့ရလေ့ရှိသည်ဟု ၎င်းက ဆိုသည်။

ယင်းကြောင့် မောင်နှမများတိုင်ပင်ပြီး ၎င်းတို့အတည်တကျနေလိုသည့် နေရာတွင် နေထိုင်နိုင်ရန် စီစဉ်နေ ကြောင်း ၎င်းက ဆိုသည်။

မိုးမြင့်