ထားဝယ်တက္ကသိုလ်တွင် ဆေးလိပ် မသောက်ရ ဧရိယာ တိတိကျကျ သတ်မှတ်မည်

0
544

ထားဝယ်တက္ကသိုလ်တွင် ဆေးလိပ် မသောက်ရ ဧရိယာကို ဒုတိယနှစ်ဝက် ကျောင်းပြန်ဖွင့်ချိန်တွင် တိတိကျကျ သတ်မှတ်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာချိုချိုမြင့်က ပြောသည်။

ဆေးလိပ်မသောက်ရ ဧရိယာကို ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ အဆောင်များမှလွဲပြီး ထားဝယ် တက္ကသိုလ်ဝင်းအတွင်းရှိ အဆောင်များ အားလုံးကို သတ်မှတ်မည်ဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

ယင်းဆေးလိပ်မသောက်ရ ဧရိယာ သတ်မှတ်ခြင်းမှာ ၂၀၀၆ ခုနှစ်တွင် ပြဋ္ဌာန်းထားသည့် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများ ထိန်းချုပ်ရေး ဥပဒေအရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

“အရင်ကတော့ ဒီဥပဒေက အသက်မ၀င်သလို ဖြစ်နေတာပေါ့နော်။ အခုက ကျန်းမာရေးဌာနတွေကနေပြီး ဒီဥပဒေအတိုင်း အကောင်အထည်ဖော်နေ ကြတယ်။ ဒုတိယအဆင့်အနေနဲ့ တက္ကသိုလ်တွေက ဆက်ပြီး အကောင် အထည်ဖော်တဲ့အနေနဲ့ ဒီနှစ်စလုပ် တာပေါ့””ဟု ၎င်းက ဆိုသည်။

တားမြစ်ထားသည့်နေရာတွင် ဆေးလိပ်သောက်ပါက ယင်းဥပဒေပါ အတိုင်း ပထမအဆင့်နှုတ်ဖြင့် သတိပေး ခြင်း၊ ဒုတိယအဆင့် စာဖြင့် သတိပေး ခြင်း၊ တတိယ အဆင့် ဒဏ်ရိုက်ခြင်းတို့ ကို ဆောင်ရွက်ရမည်ဟု ၎င်းက ဆို သည်။

သို့သော် ထားဝယ်တက္ကသိုလ် အနေဖြင့် လတ်တလော အရေးယူခြင်းများ ဆောင်ရွက်မည်မဟုတ်သေးဘဲ ဆေးလိပ်သောက်သည့် နေရာများ ဖန်းတီးပေးနိုင်မှသာလျှင် အရေးယူမှုများ ကို စတင်ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

ဆေးလိပ်သောက်မည့်နေရာ သတ်မှတ်ရန်နှင့် ဒဏ်ငွေဆောင်မည့် ကိစ္စများ ကို ထားဝယ်တက္ကသိုလ်တာဝန်ရှိသူများ၊ ယင်းတက္ကသိုလ် ဆရာများ သမဂ္ဂ၊ ကျောင်းသားများ သမဂ္ဂနှင့်တိုင်ပင်ပြီး လုပ်ဆောင်မည်ဖြစ်ကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

ထားဝယ်တက်္ကသိုလ်ကို ဆေးလိပ်ငွေ့ကင်းစင်သည့်ကျောင်းအဖြစ် လာမည့် ဇူလိုင်လတွင် ကြေညာနိုင်ရန် လည်း ရည်မှန်းထားကြောင်း ဒေါက်တာချိုချိုမြင့်က ပြောသည်။

လက်ရှိတွင် ထားဝယ်တက္ကသိုလ် အနေဖြင့် ဆေးလိပ်မသောက်ရ စတစ်ကာ ကမ်ပိန်းလုပ်ဆောင်နေပြီး နောက်ပိုင်းတွင် ဗီနိုင်းဆိုင်းဘုတ် တစ်ဆယ်ကျော် တပ်ဆင်ကာ အသိပေးကြေညာရန် စီစဉ်နေကြောင်း ထားဝယ်တက္ကသိုလ်ထံ မှ သိရသည်။

ကျော်သူစိုး