ဝန်ကြီးချုပ်သစ် ဦးမြင့်မောင် ဖြစ်မည်လော

0
1163

မတ်လ ၁၀ ရက်တွင် ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော်ကို အဂတိအမှုဖြစ် ထိန်းသိမ်းလိုက်ပြီးနောက် မတ်လ ၁၁ ရက်တွင် ၀န်ကြီးချုပ်တာဝန်မှ ရပ်စဲလိုက်သည်။

မတ်လ ၁၁ ရက်နေ့တွင်ပင် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ၀န်ကြီး ဦးမြင့်မောင်အား ခေတ္တ၀န်ကြီး ချုပ်တာဝန်ကို ပူးတွဲပေးအပ်လိုက် ကြောင်း နိုင်ငံတော်သမ္မတက တိုင်းဒေသကြီးလွှတ်တော်သို့ အကြောင်းကြား လာသည်။

ဝန်ကြီးချုပ်သစ်ကို ယခုအပတ်အတွင်း ခန့်အပ်နိုင်မည်ဟု တိုင်းလွှတ် တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ခန့်မှန်း နေသည်။

လက်ရှိ ခေတ္တ၀န်ကြီးချုပ်တာဝန် ယူထားသည့် ၀န်ကြီး ဦးမြင့်မောင် ၀န်ကြီးချုပ်သစ် ဖြစ်လာမည်ဟု ယုံ ကြည်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောသည်။

“သူ(ဦးမြင့်မောင်)ဖြစ်မယ်လို့ အတိအကျကို မှန်းထားတယ်၊ သူပဲ ဖြစ်လိမ့်မယ်လို့ ယုံကြည်တယ်။ သူနဲ့ အသင့်တော်ဆုံးလို့လည်း မြင်တယ်”ဟု ဦးခင်မောင်အေးက ပြောသည်။

ဦးခင်မောင်အေးအပြင် NLD ပါတီအသိုင်းအ၀ိုင်း၊ လွှတ်တော်ကိုယ် စားလှယ်အချို့၊ ဒေသခံအချို့နှင့် ဒေသ တွင်း သတင်းမီဒီယာအသိုင်းအ၀ိုင်းကလည်း ဦးမြင့်မောင် ၀န်ကြီးချုပ် ဖြစ်လာမည်ဟု ခန့်မှန်းနေကြသည်။

ဦးမြင့်မောင်သည် သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးအဖြစ် တာဝန်ယူနေစဉ် တစ်လျှောက်လုံး နာမည်ပျက်မရှိခြင်း၊ ရိုးသားမှုဂုဏ်ရှိခြင်း နှင့် အထူးသဖြင့် တိုင်းအစိုးရအဖွဲ့၏ အုပ်ချုပ်ရေးတာဝန် သုံးနှစ်တာ အတွေ့အကြုံရှိခြင်းတို့က ၀န်ကြီးချုပ်ဖြစ်လာ ရန် အားသာချက်များဖြစ်နေကြောင်း ပြောဆိုကြသည်။

“ကိုမြင့်မောင်အနေနဲ့တော့ အစိုးရ လုပ်ငန်းတွေကို အတွေ့အကြုံအများကြီး ရှိပါတယ်။ သူက ရိုးလည်းရိုးသားတယ်။ ပြီးရင် အစိုးရအဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေ နဲ့ ပတ်သက်ပြီးသုံးနှစ် အတွေ့အကြုံ ရှိပြီးသား ဆိုတော့။ စီမံခန့်ခွဲမှု လိုအပ် ချက်တွေလည်း သူအသိဆုံးပဲလေ။ သူနဲ့ အသင့်တော်ဆုံးလို့လည်း မြင်တယ်” ဟု ဦးခင်မောင်အေးက ပြောသည်။

ဦးမြင့်မောင်သည် ၀န်ကြီးတာဝန် ထမ်းဆောင်နေစဉ်အတွင်း သတ္တုမိုင်း ကိစ္စကို ပါးနပ်စွာ ကိုင်တွယ်နိုင်ခြင်း ကြောင့် သတ္တုတွင်းဒေသများနှင့် အရပ်ဘက်အဖွဲ့အစည်းများအကြား နာမည် ကောင်းရထားသူလည်း ဖြစ်သည်။

တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ် တချို့ကလည်း ဦးမြင့်မောင်ဆို လျှင် ၀န်ကြီးချုပ်အဖြစ် လက်ခံနိုင်ဖွယ် ရှိသည်ဟု ပြောဆိုလာကြသည်။

လက်ကျန်သက်တမ်း ၂ နှစ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသွား ရမည့်အချိန်တွင် ဦးမြင့်မောင် ၀န်ကြီး ချုပ်ဖြစ်လာပါက တည်တည်ငြိမ်ငြိမ် ထိန်းညှိသွားနိုင်မည်ဟု ယူဆကြောင်း မြိတ်မဲ ဆန်္ဒနယ်အမှတ် ၂ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ရီရီချိုက ပြောသည်။

“သူ့ရဲ့ လာဘ်မစားတဲ့ဟာတွေက လူတွေ အားလုံး သဘောကျကြတယ်လေ” ဟု ဒေါ်ရီရီချိုက ပြောသည်။

တိုင်းလွှတ်တော်ဥက္ကဋ္ဌနှင့် ကိုယ်စားလှယ်အချို့ကို ဆက်သွယ်မေးမြန်းခဲ့ ရာ ၀န်ကြီးချုပ်သစ် ကိစ္စနှင့်ပတ်သက်၍ လက်ရှိအချိန်ထိ ဗဟိုမှသော်လည်းကောင်း၊ သမ္မတရုံးမှသော်လည်းကောင်း  တစ်စုံတစ်ရာ ညွှန်ကြားလာခြင်း၊ ဦးမြင့်မောင်အကြောင်း စုံစမ်းမေးမြန်း လာခြင်းမျိုးမရှိသေးဟု မတ်လ ၁၆ ရက် နေ့က ပြောကြသည်။

ခေတ္တ၀န်ကြီးချုပ် ဦးမြင့်မောင်အား မတ်လ ၁၂ ရက်တွင် မေးမြန်းခဲ့ရာတွင် လည်း ၀န်ကြီးချုပ်သစ် ကိစ္စနှင့်ပတ်သက်၍ သူ့အား နေပြည်တော်မှ တစ်စုံတစ်ရာ အသိပေးထားခြင်း မရှိဟု ပြောသည်။

“သိထားတာမရှိပါဘူး။ နေပြည် တော် ခေါ်တယ်ဆိုကလည်း ဒီကိစ္စ မဟုတ်ပါဘူး ကျွန်တော့်ဌာနနဲ့ပတ်သက် ပြီး အစည်းအဝေးသွားတာပါ” ဟု ဦးမြင့်မောင်က ဖြေဆိုခဲ့သည်။

လက်ရှိ ခေတ္တ၀န်ကြီးချုပ်တာဝန် ထမ်းဆောင်နေချိန်တွင် နိုင်ငံတော်မှ ချမှတ်ထားသည့် မူဝါဒများအား တနင်္သာရီတိုင်းဒေသကြီးနှင့် လိုက်လျောညီထွေရန်၊ ပိုမိုထိရောက်ရန်အတွက် ပြန်လည် သုံးသပ်ကာ ၀န်ကြီးများနှင့် ညှိနှိုင်းဆောင်ရွက်နေကြောင်း ဦးမြင့်မောင် က ပြောသည်။

“လွှတ်တော်ထဲမှာ ဒီတာဝန်တွေကို ယူဖို့အတွက် ကျမ်းကျိန်စဉ် ကာလက တည်းက နိုင်ငံတော် ပြည်သူ ပြည်သား တွေအတွက်ကို ကိုယ်စွမ်း၊ ဥာဏ်စွမ်း ရှိသလောက်တော့ ဆောင်ရွက်သွားမယ် ဆိုပြီးတော့ ကျမ်းကျိန်ထားတာလေ။ ကိုယ်စွမ်းဥာဏ်စွမ်း ရှိသလောက်ကတော့ ပြည်သူတွေကို မျက်နှာမူပြီးတော့ ဆောင်ရွက်နေတာပေါ့နော်၊ ဒီဟာကိုပဲ အားထည့်ပြီးတော့ ဆောင်ရွက်သွားဖို့ ရှိတာပေါ့” ဟု ၎င်းက ဆိုသည်။

ဦးမြင့်မောင်ကို ရင်းနှီးသူ၊ တွေ့ကြုံသိမြင်ဖူးသူအချို့ကမူ အနေအေးသူ ဖြစ်သောကြောင့် ၀န်ကြီးချုပ်ရာထူးနှင့် အံဝင်ခွင်ကျ မဖြစ်နိုင်ဟု ဆိုသူတို့လည်း ရှိသည်။

“ဦးမြင့်မောင်ကို ကြိုက်တယ်၊ ရိုးဂုဏ်ရှိတယ်။ ဒါပေမယ့် အားနာတတ်တာ ကြောင့် စိုးရိမ်မိတယ်” ဟု ကော့သောင်း မြို့ ဘုရင့်နောင်ရပ်ကွက်နေ ကိုကျော်မင်းက ပြောသည်။

မြိတ် ၈၈ ငြိမ်း/ပွင့်မှ လူထု ဆက်ဆံရေးတာဝန်ခံ ဦးလှမော်ကမူ ဦးမြင့်မောင်သည် ရိုးသားကာ အဂတိ တရားကင်းသည်ဟု သိထားပြီး ၀န်ကြီး ချုပ်တစ်ဦးအဖြစ် ရိုးသားကြိုးစားသူ၊ စိတ်ကောင်းရှိပြီး စာနာတတ်သူမျိုး လိုချင်ကြောင်း ပြောသည်။

ထို့အပြင် တနင်္သာရီတိုင်းဝန်ကြီးချုပ် လုပ်မည့်သူသည် ဗဟိုကို မကြောက်တတ်သူ ဖြစ်စေလိုကြောင်း ဦးလှမော်က ပြောသည်။

“ပါတီဗဟို၊ အစိုးရဗဟိုကို မကြောက်တတ်တဲ့သူနဲ့မှ သင့်တော် မယ်လို့ယူဆတယ်။ တိုင်းသား ထောင် သောင်းချီပြီး ဒုက္ခရောက်နေတာကို မသိကျိုးကျွံပြုပြီး ပြောမရဲဆိုမရဲ လုပ်နေ ရင်တော့ အဆင်မပြေဘူး” ဟု ဦးလှမော်က ပြောသည်။

ဦးမြင့်မောင်၏ ၀န်ကြီးတစ်ပါး အဖြစ် လုပ်ဆောင်ချက်ကို ၃နှစ်ထိ စောင့်ကြည့်ခဲ့ပြီးပြီဆိုသော ကော့သောင်း မြို့ ရွှေပြည်စိုးကျေးရွာမှ ကိုသိန်းဇော်စိုး ကမူ ဦးမြင့်မောင်အနေဖြင့် တိုင်း NLD ဥက္ကဋ္ဌ၏ လောင်းရိပ်အောက်မှ ရုန်းထွက် နိုင်ရန် လိုအပ်ပြီး ပြတ်သားရန်လည်း လိုအပ်ကြောင်း ပြောသည်။

“သူအနေနဲ့ ရုန်းထွက်ဖို့လိုမယ်၊ ပြတ်သားဖို့လိုမယ်.၊ ၀န်ကြီးချုပ်ဆိုတာ အေးဆေးနေတတ်တဲ့သူတစ်ယောက်နဲ့ သိပ်ပြီး အံမ၀င်လောက်ဘူး.. တချို့နေ ရာတွေမှာ အမှန်တရားအတွက် သတ်္တိရှိ ဖို့ လိုပါတယ်”ဟု ကိုသိန်းဇော်စိုးက ပြောသည်။

တနင်္သာရီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရဲမြင့်ဆွေ ကမူ ၀န်ကြီးချုပ်တာဝန်ကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တစ်ဦးဦးအားပေးစေလိုကြောင်း ပြောလာသည်။

၎င်းအနေဖြင့် အချို့ပြောဆိုနေ သကဲ့သို့ အစိုးရအဖွဲ့ ဖြတ်သန်းမှုအတွေ့ အကြုံက အဓိကမကျလှဟု ယူဆသည် ဟု ဆိုသည်။

“ကျွန်တော့်အမြင်ကတော့ လွှတ်တော်ကိုယ်စားလှယ်ထဲမှာလည်း အစိုးရ အဖွဲ့လုပ်ငန်းနဲ့ ပတ်သက်ပြီး လေ့လာ သင်ယူနေတဲ့သူတွေ အများကြီးရှိတယ်၊ တိုင်းအစိုးရအဖွဲ့ဥပဒေကို ထုံးလိုချေ ရေလိုနှောက် လေ့လာထားတဲ့သူတွေလည်း အများကြီးရှိတဲ့အတွက် အများကြီး သင်ယူစရာမလိုဘူးလို့ထင်တယ်” ဟု ဦးရဲမြင့်ဆွေက ပြောသည်။

၂၀၁၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (ခြေ/ဥ)ပုဒ်မ ၂၆၁ အရ နိုင်ငံတော် သမ္မတက အသက် ၃၅ နှစ် ပြည့်ပြီးသည့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်တစ်ဦးကို ၀န်ကြီးချုပ်အဖြစ် ရွေးချယ်ရမည် ဖြစ်သည်။

(တိုင်းဒေသကြီးလွှတ်တော်ကိုယ် စားလှယ်ဟူသည့် စကားရပ်တွင် လက်ရှိ တိုင်းဝန်ကြီးများ၊ တိုင်းလွှတ်တော်ဥက္ကဋ္ဌ၊ ဒုဥက်္ကဋ္ဌတို့လည်း ပါဝင်သည်)

သမ္မတရွေးချယ်ထားသည့် အမည်စာရင်းကို တိုင်းလွှတ်တော်၏ သဘောတူညီချက်ရယူ၍ ၀န်ကြီးချုပ်အဖြစ် ခန့်အပ်တာဝန်ပေးရမည် ဖြစ်သည်။

သမ္မတမှ ရွေးချယ်သူကို သတ်မှတ်ထား သည့်အရည်အချင်းနှင့် မပြည့်စုံကြောင်း အထင်အရှား မပြနိုင်ပါက တိုင်းလွှတ်တော်က ငြင်းပယ်ခွင့် မရှိပေ။

တနင်္သာရီတိုင်းတွင် တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း ၂၁ ဦး ရှိသည်။

အဂတိအမှုဖြင့် ထောင်အချုပ်ကျကာ တာဝန်မှ  ရပ်စဲခံရပြီးသောဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော် ကို နုတ်ပါက ၂၀ ဦးကျန်မည်။ ယင်းအနက်မှ အသက် ၃၅ နှစ် မပြည့်သေးသူ ၂ ဦးကို ထပ်နုတ်ပါက ၁၈ ဦးကျန်မည်ဖြစ်သည်။

(၁)ဦးဟိုပင်၊ (၂)ဦးခင်မောင်အေး၊ (၃)ဦးလှထွေး၊ (၄)ဦးကြည်စိုး၊ (၅)ဦးဗိုလ်ထွေး၊ (၆)ဦးမြင့်စန်း၊              (၇)ဦးဝေေ၀လွင် (၈)ဦးဖြိုးဝင်ထွန်း၊(၉)ဒေါ်ရီရီချို၊  (၁၀)ဦးကျော်မင်း၊(၁၁)ဦးကြည်လှိုင်၊ (၁၂)ဦးတိုးလွင်၊ (၁၃)ဦးအောင်သူရ၊  (၁၄)ဦးမန်းဆွေမြင့်၊ (၁၅)ဦးတင်ထွန်း၊ (၁၆)ဦးနေထွန်း၊ (၁၇)ဦးမြင့်မောင်၊  (၁၈)စောလုကာ တို့ဖြစ်သည်။

ဝန်ကြီးချုပ်ဖြစ်လာမည်ဟု အများက ယူဆနေသော ၀န်ကြီး ဦးမြင့်မောင်သည် ထားဝယ်ဇာတိဖြစ်ပြီး ကော့သောင်းတွင် ကြီးပြင်းကာ ကော့သောင်းမြို့နယ် မဲဆန္ဒနယ် အမှတ်(၂)တွင် ၀င်ရောက် ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။

ဦးမြင့်မောင်၏ ကိုယ်ရေးအကျဉ်း

မိဘ                        – ဦးချစ်တင်+ဒေါ်စန်းရီ

အသက်                             – ၄၃ နှစ်

ပညာအရည်အချင်း       – B.A (Philosophy)

လူမျိုး/ဘာသာ            – မြန်မာ/ဗုဒ္ဓ

နေရပ်                      – အေးရိပ်ငြိမ်ရပ်ကွက်၊ ကော့သောင်းမြို့

ပါတီ                        – အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (တိုင်းအတွင်းရေးမှူး)

Dawei Watch