ရှင်မုတ္ထီးဘုရားရှိ ဦးငွေကိုင် ပန်းချီကားများ ပြုပြင်မှု ပြီးစီး

0
1487

ရှင်ကိုးရှင်ဘုရားများတွင် တစ်ဆူ အပါအ၀င်ဖြစ်သည့် ရှင်မုတ်္တီးဘုရားရှိ နှစ်ပေါင်း ၇၀ ကျော် သက်တမ်းရှိ ဦးငွေကိုင် လက်ရာ ပန်ချီကားများ မူရင်းအတိုင်း ပြုပြင်မွမ်းမံမှုပြီးစီးနေပြီဖြစ်ကြောင်း ယင်း ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

ထားဝယ်သား နိုင်ငံကျော် ပန်းချီဆရာ ဦးငွေကိုင် ၁၉၄၀ ခုနှစ်ဝန်းကျင်က ရေးဆွဲခဲ့သည့် ပန်ချီကား ၂၇ ချပ်သည် ပိုးကျပြီး ပျက်စီးမူရှိလာသဖြင့် ဓာတုဗေဒ ပိုးသတ်နည်းဖြင့် ပိုးသတ်ခြင်း၊ မှန်ဘောင် များ ပြုပြင်ခြင်းကို ၂၀၁၈ ခုနှစ် သြဂုတ်လ က စတင်လုပ်ဆောင်ခဲ့သည်။

ယင်းသို့ပြုပြင်ရာတွင် ပန်းချီကား အားလုံးကို တပြိုင်နက်တည်း ပြုပြင်ခြင်း မဟုတ်ဘဲ တစ်ကြိမ်လျှင် ပန်းချီကား ၅ ချပ် နှုန်းဖြင့် ရန်ကုန်မြို့ရှိ အမျိုးသားပြတိုက် ဦးစီးဌာနထံသို့ ပေးပို့ပြုပြင်ခဲ့ခြင်းဖြစ် သည်။

၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလ ၂၆ ရက် တွင် ယင်းပြုပြင်ထားသည့် ယင်းပန်းချီ အားလုံး ပြန်လည်ရောက်ရှိနေပြီဖြစ် ကြောင်း ဘုရားဂေါကအဖွဲ့အတွင်းရေးမှူး ဦးခင်စိုးက ပြောသည်။

“ဦးငွေကိုင် ပန်းချီကားတွေတော့ အကုန်ပြီးနေပြီ။ အခုနောက်ထပ်ကို ဦးဘထွန်းတင်လက်ရာ ပန်ချီကားတွေ ပြန်လုပ်ဖို့ ပို့ပေးထားသေးတယ်”ဟု ဦးခင်စိုးက ဆိုသည်။

ပန်းချီကားများအားလုံးကို မူရင်း လက်ရာကို ထိခိုက်ခြင်းလုံးဝမရှိဘဲ ပြုပြင်ထားကြောင်း ၎င်းက ပြောသည်။

အဆိုပါ မူရင်းလက်ရာအတိုင်း ပြုပြင်ထားသည့် ပန်းချီကားများကို အခါကြီးနေ့ရက်များတွင်သာ ပြသရန် အတွက် ထိန်းသိမ်းထားမည်ဖြစ်ကြောင်း ဦးခင်စိုးက ပြောသည်။

ဦးငွေကိုင် လက်ရာပန်းချီကားများ အပါအ၀င် ရှင်မုတ်္ထီးဘုရားရှိ ဦးထွန်းမြိုင်၊ ဦးဘိုးအောင်၊ ဦးဘထွန်းတင် စသည့် ပန်းချီဆရာများ၏ လက်ရာ ပန်းချီကား ၄၀ ချပ်ကို မူရင်းအတိုင်း ပြုပြင်နိုင်ရန် တိုင်းအစိုးရ ရန်ပုံငွေ သိန်းနှစ်ရာကျပ်ကို ယမန်နှစ်က ခွင့်ပြုခဲ့သည်။

ကျော်သူစိုး