ဝန်ထမ်းအိမ်ရာ အခန်းပေါင်း ၁၅၀ နီးပါး အပြီးဆောက်မည်

0
500

တနင်္သာရီတိုင်းအတွင်း ဝန်ထမ်း အိမ်ရာအခန်းပေါင်း ၁၅၀ နီးပါးကို အပြီးတည်ဆောက်မည်ဖြစ်ကြောင်း တိုင်းဒေသကြီး မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန(အိုးအိမ်)ထံမှ သိရသည်။
လက်ရှိ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် တွင် ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ အဆောက်အအုံများကို ထားဝယ်မြို့၊ ၀ဲကျွန်းဝန်ထမ်းအိမ်ရာဝင်းအတွင်း နှစ်လုံးနှင့် ဆန်းချီဝန်ထမ်းအိမ်ရာဝင်းတွင် သုံးလုံးဆောက်မည်ဖြစ်ကြောင်း အထက်ပါဌာနထံမှ သိရသည်။
ထားဝယ်တွင် ဆောက်နေသည့် အခန်းပေါင်း ၁၂၀ ပါမည့် ၀န်ထမ်းအိမ်ရာ အဆောက်အအုံ ငါးလုံးအတွက် ငွေကျပ် ၂၃၅၂.၄၈၀ သန်း အသုံးပြုမည် ဖြစ်သည်။

မြိတ်မြို့ရှိ အိုးလုပ်ပြင်ကွင်းတွင် လည်း ၆ ခန်းတွဲ ၄ ထပ် ဝန်ထမ်းအိမ်ရာ တစ်လုံးဆောက်မည်ဖြစ်ပြီး ငွေကျပ်သန်း ၄၇၀.၄၉၆ သုံးစွဲမည်ဖြစ်ကြောင်း အိုးအိမ် ဌာနထံမှ သိရသည်။
ဝန်ထမ်းအိမ်ရာ အဆောက်အအုံများ ဆောက်လုပ်ပြီးစီးပါက နေရာချထားမည့် ကိစ္စနှင့် ပတ်သက်၍ လျှပ်စစ်စွမ်းအင် ဝန်ကြီးဦးဆောင်သည့် နေရာချထားရေး ကော်မတီအစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း အိုးအိမ်ဌာန တိုင်းဒေသကြီး ဦးစီးမှူး ဒေါ်ခင်မိမိထွေးက ဆိုသည်။
“အခုဒီ ငါးလုံးကို စဆောက်နေပြီ၊ ဒီနှစ်ထဲမှာ အပြီးဆောက်မယ်”ဟု ဒေါ်ခင်မိမိထွေးက ပြောသည်။
ထားဝယ်မြို့ရှိ လက်ရှိ ၀ဲကျွန်း ဝန်ထမ်းအိမ်ရာနှင့် ဆန်းချီဝန်ထမ်းအိမ်ရာ တွင် အခန်းပေါင်း ၄၈၄ ခန်းရှိကြောင်း အထက်ပါဌာနထံမှ သိရသည်။

ကိုဇော်