အလွယ်တကူ မမြင်ရသည့် တန်ဖိုးများ

0
450

စီမံကိန်းများကြောင့် ရွှေ့ပြောင်းနေရာချထားရသည့် ကိစ္စများနှင့် ပတ်သက်ပြီး ပြောဆိုကြသည့်အခါ မကြာခဏဆိုသလို ပါလာလေ့ရှိသည်မှာ မမြင်ရသည့် တန်ဖိုးများအကြောင်း ဖြစ်သည်။
တနည်းအားဖြင့် အလွယ်တကူ မမြင်နိုင်သည့် တန်ဖိုးများအကြောင်း ဖြစ်သည်။
ဥပမာ ရွာတစ်ရွာကို ပြောင်းရွေ့နေရာချထားမည် ဆိုပါစို့။ ပြန်လည်နေရာ ချထားသည့်နေရာတွင် နေအိမ်၊ ရေ၊ မီးစသည်တို့ကို မည်မျှပင် ကောင်းအောင်၊ အဆင့်မီအောင် ပြန်လည်အစားထိုးပေးပါစေ စိတ်ပိုင်းဆိုင်ရာအရ ဆုံးရှုံးခဲ့သည့် ဆုံးရှုံးမှုများနှင့် မိမိချမှတ်ထားသည့် ဘ၀အစီအစဉ်နှင့် အံချော်မှုများကို မလွှဲမသွေ ဖြစ်စေပါသည်။
ပြောင်းရွှေ့ခံရသည့် ရွာသားတစ်ဦးအနေဖြင့်ဆိုလျှင် သူငယ်ငယ်က ရေကူးခဲ့သည့် ချောင်းကလေးကို ပြန်မရတော့။ သူနှင့် သူ့ချစ်သူချိန်းတွေ့ခဲ့ဖူးသည့် သစ်ပင်လေးကို သူ ပြန်မတွေ့ရတော့။ ငယ်ငယ်က ကိုရင် ဝတ်ခဲ့ဖူးသည့် ဘုန်းကြီးကျောင်းကို ပြန်မရတော့ စသဖြင့် ဆုံးရှုံးမှုကြီးလှသည်။
ထို့အပြင် မိမိ အစီအစဉ်ချထားသည့် ဘ၀အစီအစဉ်များ တလွဲတချော် ဖြစ်ရ သည်။
ဥယာဉ်လုပ်ငန်းဖြင့် အေးအေးလူလူ ဘဝကို ဖြတ်သန်းမည်ဟု ဆုံးဖြတ်ကာ မိမိနေရပ်ရွာလေးနှင့် မလှမ်းမကမ်းတွင် ဥယာဉ်ခြံတစ်ခုကို စိုက်ပျိုးလုပ်ကိုင်နေ သည်ဆိုပါစို့။ ပြန်လည်နေရာချထားသူများက ထိုအရာကို ထည့်သွင်းစဉ်းစားနိုင်ချေ အင်မတန် နည်းပါသည်။
ထို့အပြင် လူတစ်ဦး အိပ်မက်တစ်ခု ဘဝအစီအစဉ်တစ်ခုဖြစ်သည့်အတွက် မည်မျှအသေးစိတ်သည့် ရွှေ့ပြောင်းနေရာချထားမှု ဖြစ်ပါစေ ဒေသခံများကို ထိခိုက်နစ်နာမှု ဖြစ်စေမည် ဖြစ်သည်။
တနင်္သာရီတိုင်းအတွင်းတွင် စီမံကိန်းများအတွက် မြေနေရာချထားပေးမှုနှင့် ပတ်သက်ပြီး မကြာခဏဆိုသလို ပွက်လောရိုက်ညံ ဖြစ်ရလေ့ ရှိသည်။
လက်တလော အခင်းအကျင်းအရဆိုရလျှင် ကျွန်းများကိစ္စဖြစ်သည်။
အထက်တွင် ဆိုခဲ့သည့်အတိုင်းပင် ကျွန်းများသည်လည်း ယင်းအနီးဝန်းကျင် နှင့် ဒေသတွင်းနေထိုင်သူများ၏ ဘဝအစီအစဉ်တွင် တစ်နည်းတစ်ဖုံ ပါဝင်ပတ်သက်နေမည်ဖြစ်သည်ကို အလေးအနက်ထားရမည် ဖြစ်သည်။ ကျွန်းများနှင့် ဒေသခံများ၏ ရုပ်ပိုင်းစိတ်ပိုင်းဆိုင်ရာ ဆက်နွယ်မှုကို လေးစားတန်းဖိုးထားရမည် ဖြစ်သည်။
ဆုံးဖြတ်ပိုင်ခွင့်ရှိသူများ၊ ဆုံးဖြတ်မှုဖြစ်စဉ်အတွက် အရေးပါသူများသည် မြင်ရသည့် တန်ဖိုးများအပြင် မမြင်နိုင်သည့် သို့မဟုတ် အလွယ်တကူ မမြင်နိုင်သည့် တန်ဖိုးများကိုလည်း ထည့်သွင်းစဉ်းစားရန် လိုအပ်လှပေသည်။
မြင်ရသည့် တန်ဖိုးများကိုသာ ငမ်းငမ်းတက်ဖြစ်ပြီး ပြီးစလွယ် ဆုံးဖြတ်ကောက်ချက်မချမိရန် အင်မတန် အရေးကြီးပေသည်။

 

အယ်ဒီတာ