သတိပြု ရှောင်ရှားရမည့် စပ်ဆေးအန္တရာယ်

0
704

ဆရာဝန်ညွှန်ကြားချက်မရှိဘဲ ဈေးကွက်အတွင်းရောင်းချသော စပ်ဆေးများနှင့်ပတ်သက်ပြီး အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ အောက်ပါအတိုင်း တွေ့ရှိထားပါသည်။
(၁) စပ်ဆေးများတွင် သက်တမ်း ကုန်ဆုံးနေသော ဆေးဝါးများ၊ မှတ်ပုံတင် မထားသော ဆေးဝါးများ၊ ရောဂါအတွက် သုံးစွဲရန် မသင့်သော ဆေးဝါးများ ပါဝင်နေပါသည်။
(၂) အကိုက်အခဲပျောက်ဆေး၊ ချောင်း ဆိုးပျောက်ဆေး၊ စတီးရွိုက် (Steroid) ဆေးနှင့် ပဋိဇီဝဆေးများကို မလိုအပ်ဘဲ (၂)မျိုး၊ (၃)မျိုးအား စိတ်ထင်ရာ ပမာဏ အမျိုးမျိုး ရောချင်သလို ရောစပ်ပြီး အမှုန့် ကြိတ်ခြင်း အပါအ၀င် ပုံသဏ္ဌာန်အမျိုးမျိုး ပြုလုပ်ကာ စပ်ဆေးအဖြစ် ရောင်းချလျက် ရှိပါသည်။

စပ်ဆေးများသောက်ခြင်းသည် – ရောဂါလက္ခဏာကို ခေတ္တသာလျှင် သက်သာစေနိုင်ပြီး ရောဂါအမြစ်ပြတ်စေရန် ကုသခံယူခြင်း မဟုတ်သည့်အတွက် ရောဂါအခြေအနေ ပိုမိုဆိုးရွားနိုင်ရာမှ အသက်အန္တရာယ်ရှိသည်အထိ ဖြစ်နိုင်ပါသည်။

စပ်ဆေးများ၏ ကြောက်စရာနောက် ဆက်တွဲဆိုးကျိုးများမှာ
(၁) အကိုက်အခဲပျောက်ဆေးများ၊ စတီးရွိုက် (Steroid) ဆေးများကြောင့် အစာအိမ် အနာဖြစ်ခြင်း၊ သွေးအန်ခြင်း၊ အစာအိမ် ပေါက်ခြင်း၊ သွေးဝမ်းသွားခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါဖြစ်ခြင်း၊ အရိုးပွရောဂါဖြစ်ခြင်း၊ ကျောက်ကပ် ထိခိုက်ခြင်း၊ ခန္ဓာကိုယ်ဖောရောင်ခြင်း၊ လေဖြတ်ခြင်း စသည့်အန္တရာယ်များအပြင် ရောဂါပိုမိုဆိုးဝါးလာရာမှ အသက်သေ ဆုံးသည်အထိ ဖြစ်နိုင်ပါသည်။
(၂) ပဋိဇီဝဆးများကို ဆရာဝန်ညွှန်ကြားချက်မရှိဘဲ စည်းကမ်းမဲ့အသုံး ပြုခြင်းကြောင့် ဆေးယဉ်ပါးခြင်း(ဆေး မတိုးခြင်း)များ ဖြစ်စေသဖြင့် အလွန်ကြီးမားသော ပြည်သူ့ကျန်းမာရေး ပြဿနာတစ်ရပ်ဖြစ်လာနိုင်ပါသည်။
စပ်ဆေးနှင့်ပတ်သက်၍ လိုက်နာ ရန်အချက်များမှာ
(၁) ရောဂါကို ပိုမိုဆိုးရွားစေခြင်းနှင့် ဆေး၏ကြောက်စရာ နောက်ဆက်တွဲ ဆိုးကျိုးများ ခံစားရခြင်းတို့အပြင် အသက် ကိုပါ သေစေနိုင်သောကြောင့် ဈေးနှုန်းချိုသာ သော်လည်း အလွန်အန္တရာယ်ရှိသည့် စပ် ဆေးများ ဝယ်ယူသုံးစွဲခြင်းကို လုံးဝ ရှောင်ကြဉ် သင့်ပါသည်။
(၂) ဆေးဆိုင်ပိုင်ရှင်များသည်လည်း ဝယ်ယူသုံးစွဲသူများအတွက် ဆိုးကျိုးများသာဖြစ်စေနိုင်သည့် စပ်ဆေးရောင်းချခြင်း ကို လူ့ကျင့်ဝတ်အရ ချက်ချင်းရပ်ဆိုင်း သင့်ပါသည်။

ရင်းမြစ် – ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန