တနင်္သာရီ ဗိုလ်စွဲပြီ

0
747

အသက် ၂၁ နှစ်အောက် ဘောလုံးပြိုင်ပွဲမှာ တနင်္သာရီတိုင်း ဗိုလ်စွဲသွားပြီ ဖြစ်ပါတယ်။
နေပြည်တော်မှာ ကျင်းပတဲ့ ၂၀၁၉ ခုနှစ် အသက် ၂၁ နှစ်အောက် ပြည်နယ်နှင့်တိုင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲရဲ့ ဗိုလ်လုပွဲမှာ
မကွေးအသင်းကို ၃ ဂိုး ဂိုးမရှိနဲ့ အနိုင်ရဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဇန်နဝါရီလ ၂၃ ရက် ညနေ ၃၀ နာရီမှာ ကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ ပွဲစကတည်းက တနင်္သာရီအသင်းက ဖိကစားနိုင်ခဲ့ပြီး ဂိုးကန်သွင်းမှု၊ ဂိုးပေါက်ချိန်းခြောက်မှု အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။
မကွေးအသင်းကတော့ ခံစစ်အသားပေးကစားခဲ့ပြီး တန်ပြန်တိုက်စစ်ဖြစ်သာ တနင်္သာရီနောက်တန်းကို ချိန်းခြောက်နေခဲ့ရပါတယ်။
တနင်္သာရီအသင်းဟာ ဂိုးရဖို့ အခွင့်အရေး အကြိမ်ကြိမ် ရခဲ့ပြီး တိုင်ထိထွက်ခြင်း၊ အဆုံးသတ် မသေခြားခြင်းတို့ကြောင့် အဖွင့်ဂိုးရမယ့် အခွင်းအရေး အကြိမ်ကြိမ် ဆုံးရှုံးနေခဲ့ရပါတယ်။

ပွဲကစားချိန် ၂၃ မိနစ်မှာတော့ ပြစ်ဒဏ်ဘောကနေ ကနေတဆင့် ၁၈ ကိုက်စီးထိပ်မှာ ကန်ခွင့်ရခဲ့ပါတယ်။
အဲဒီ ပြစ်ဒဏ်ဘောကို ကျောနံဘတ် ၁၀ ဝင်းလှိုင်ဦး ကန်ခဲ့ပါတယ်။
ကန်ချက်က မကွေးကစားသမားတို့ရဲ့ လူနံရံကိုကျော်ပြီး မကွေးဂိုးပေါက်ရဲ့ ညာဘက်အပေါ်ထောက်ကို လှလှပပ ဝင်သွားခဲ့ပါတယ်။
ဒါဟာ တနင်္သာရီရဲ့ ဗွေဆော်ဦးဂိုး ဖြစ်ခဲ့ပါတယ်။
နောက်ထပ်လည်း တနင်္သာရီဘက်က ဂိုးပေါက် ချိန်းခြောက်မှု အကြိမ်ကြိမ် ပြုလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်း မသေခြာလို့ ဂိုးမရခဲ့တာပါ။
မကွေးအသင်းကတော့ တန်ပြန်တိုက်စစ်နဲ့သာ ထိုးဖောက်နိုင်ခဲ့ပါတယ်။
ပထမပိုင်း ပြီးခါနီး ၄၃ မိနစ်မှာ မကွေးဘက်က ချေပဂိုးရဖို့ အခွင်းအရေးရခဲ့ပါတယ်။ ဒါပေမယ့် မဂိုးခဲ့ပါ။
မကွေးအလယ်တန်းက ပေးပို့တဲ့ဘောလုံးကို မကွေးရှေ့တန်းက ခေါင်းခုန်တိုက်ချိန်မှာ တနင်္သာရီဂိုးသမား ပြေးထွက်ပုတ်ထုတ် နိုင်ခဲ့ပါတယ်။

ဒါကြောင့် ပထမပိုင်းဟာ တနင်္သာရီရဲ့ ဦးဆောင်ဂိုးနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒုတိယပိုင်း ပွဲကစားချိန်ကိုတော့ နှစ်ဖက် ထိုးဖောက်တိုက်စစ်ဆင်မှုတွေနဲ့ စတင်ခဲ့ပါတယ်။
ပွဲကစားချိန် ၅၀ မိနစ်မှာတော့ တနင်္သာရီတိုက်စစ်မှူး ဝင်းလှိုင်ဦးက ၁၈ ကိုက်စည်း အစပ်ကနေ အရှိန်ပြင်းပြင်းနဲ့ ကန်သွင်းပြီး တနင်္သာရီရဲ့ ဒုတိယဂိုးကို ရယူပေးလိုက်ပြန်ပါတယ်။
မကွေးဘက်က ဒုတိယဂိုး ပေးလိုက်ရပြီးမှ လူစားလဲမှု တစ်ခု ပြုလုပ်ပြီး ကစားအား မြင့်တင်ခဲ့ပေမယ့် ဂိုးရရှိအောင် မစွမ်းဆောင်နိုင်ခဲ့ပါဘူး။
တနင်္သာရီတိုင်းဘက်ကလည်း ၂ ဂိုး ရရှိထားပေမယ့် တိုက်စစ်အားကို လျှော့ချခြင်း မရှိဘဲ ဘောလုံးပိုင်ဆိုင်မှုအသာနဲ့ မကွေးဂိုးပေါက်ကို အကြိမ်ကြိမ် ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။
တနင်္သာရီ ကွင်းလယ်လူ ရဲဌေးဟာ ဒီပွဲမှာ အထူးခြေစွမ်းပြ ကစားနိုင်ခဲ့ပါတယ်။
ပွဲကစားချိန် ၈၄ မိနစ်မှာတော့ တနင်္သာရီအသင်းကို ဗိုလ်စွဲဖို့ သေချာစေတဲ့ တတိယမြောက် အနိုင်ဂိုးကို ကျောနံပါတ် ၉ က သွင်းယူနိုင်ခဲ့ပါတယ်။
မကွေးအသင်းဟာ လူစားလဲမှု နှစ်ကြိမ် ပြုလုပ်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
နောက်ဆုံးမှာတော့ အုပ်စုပွဲတုန်းက ၃ ဂိုးစီ သရေကျခဲ့တဲ့ မကွေးအသင်းကို ဗိုလ်လုပွဲမှာ ၃ ဂိုး ဂိုးမရှိနဲ့ တနင်္သာရီအသင်းက အနိုင်ရခဲ့ပြီး နေပြည်တော်မှာ ကျင်းပတဲ့ ပထမဆုံးအကြိမ် အသက် ၂၁ နှစ်အောက် ပြည်နယ်နှင့်တိုင်း ပေါင်းစုံဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။

မင်းခန့်