တနင်္သာရီတိုင်းတွင် ငါးရာတန်ထက် တစ်ထောင်တန်ထီလက်မှတ် မှာယူမှု နှစ်ဆကျော် ပိုများ

0
720

တနင်္သာရီတိုင်းတွင် ကျပ်ငါးရာတန် ထက် ကျပ်တစ်ထောင်တန်ထီလက်မှတ် မှာယူမှု နှစ်ဆကျော်ပိုများနေကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီး ဌာနထံမှ သိရသည်။
ကျပ်တစ်ထောင်တန် အောင်ဘာလေ ထီလက်မှတ်စတင်ရောင်းချမည့် ဖေဖော်ဝါရီ လတွင် ကျပ်တစ်ထောင်တန် ထီလက်မှတ် အုပ်ရေ စုစုပေါင်းငါးသောင်းခွဲ ခန့်(၅၅၁၅၀ အုပ်) မှာယူထားကြပြီး ငါးရာကျပ်တန် ထီလက်မှတ်ကို အုပ်ရေ နှစ်သောင်းခွဲနီးပါး (၂၄၉၀၂ အုပ်) မှာယူ ထားကြကြောင်း အထက်ပါဌာန၏ စာရင်းများအရ သိရသည်။
တစ်ထောင်တန် ထီလက်မှတ်များကို ယခင်ငါးရာကျပ်တန်ရောင်းချနေသည့် လုပ်ငန်းရှင်များက အုပ်ရေ သုံးသောင်း ကျော်မှာယူထားပြီး၊ ယခုမှ လုပ်ငန်းစတင် လုပ်ကိုင်မည့်သူများကအုပ်ရေ နှစ်သောင်း ကျော်မှာ ယူထားကြောင်း အထက်ပါဌာန စာရင်းများအရ သိရသည်။
“သူတို့(ထီလုပ်ငန်းရှင်) တွေ မှာထားတဲ့ စာရင်းအတိုင်းတော့ ရုံးချုပ်ကိုတင်ပြ ထားတယ်။ ဘယ်လောက်ကျလာမလဲဆို တာတော့ မသိသေးဘူး” ဟု တနင်္သာရီတိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာန တိုင်း ဦးစီးမှူး ဦးကျော်ရဲထွန်းက ဆိုသည်။
တိုင်းအတွင်း အောင်ဘာလေ ထီလက် မှတ်များကို ပြည်တွင်းအခွန်းများ ဦးစီး ဌာနတွင် ဝယ်ယူရောင်းချသူများရှိသကဲ့သို့ မိုးယံ၊ ရွှေမြန်မာ စသည့် ပုဂ်္ဂလိက ထီဆိုင်များမှတစ်ဆင့် မှာယူရောင်းချသူ များလည်း ရှိသည်။
ပုဂ်္ဂလိက ထီဆိုင်များမှတဆင့် မှာယူ ရောင်းချသူများအနက် အချို့မှာ တစ်ထောင် တန် ထီလက်မှတ်များကို မှာယူထားပြီးဖြစ် ကာ တချို့ကမူ မမှာယူရသေးဟု ဆိုသည်။
“တစ်ထောင်တန်ဆို ငွေအရင်း ကလည်း ကြီးလာတယ်ဆိုတော့ မဝယ် သေးဘူး။ အခြေအနေ စောင့်ကြည့်နေသေး တယ်” ဟု ထားဝယ်မြို့မှ မိုးယံ(ပင်ရင်း)ထီဆိုင်ကိုယ်စားလှယ် ဦးဝင်းရွှေက ပြောသည်။
လာမည့် ဖေဖော်ဝါရီလ ၁ ရက်မှ စတင်ပြီး မြန်မာတစ်နိုင်ငံလုံးတွင် တစ်ထောင်ကျပ်တန်ထီလက်မှတ်နှင့် ငါးရာကျပ်တန် ထီလက်မှတ်များကို ပူးတွဲ ရောင်းချမည် ဖြစ်သည်။
တစ်ထောင်ကျပ်တန် ထီလက်မှတ် ၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းပေါင်း တစ်သောင်းငါးထောင်ဖြစ်ပြီး ငါးရာကျပ် တန်ထီလက်မှတ်၏ အမြင့်ဆုံးဆုကြေးမှာ ကျပ်သိန်းပေါင်းတစ်သောင်းဖြစ်ကြောင်း အောင်ဘာလေ သိန်းဆုဌာနက ကြေညာ ထားသည်။
၂၀၁၉ ခုနှစ် ဇန်န၀ါရီလ ၁ ရက်က ဖွင့်လှစ်ခဲ့သည့် ၂၂ ကြိမ်မြောက် ငါးရာ ကျပ်တန်အောင်ဘာလေထီမှ အမြင့်ဆုံး ကျပ်သိန်းတစ်သောင်းဆုကို မွန်ပြည်နယ်က ဇနီးမောင်နှံစုံတွဲက ဆွတ်ခူးခဲ့သည်။