ဒုံးညောင်မှိုင်းတွင် ဟိုတယ်ဇုန် တည်ဆောက်ရန် အချက်အလက် စကောက်

0
437

ကျွန်းစုမြို့နယ်၊ ဒုံးညောင်မှိုင်းကျွန်း တွင်ဟိုတယ်ဇုန်တည်ဆောက်ရန်အချက်အလက်များ စတင်ကောက်ယူနေကြောင်း တနင်္သာရီတိုင်းဒေသကြီးသယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်က ပြောသည်။
Natural Future  ကုမ္ပဏီကဒေါ်လာ သန်း ၇၅၀ ရင်းနှီးမြှုပ်နှံရန်
အဆိုပြုထားသည့် ဟိုတယ်ဇုန်မှာဒုံးညောင်မှိုင်းကျွန်းကို အခြေပြုကာသဘာဝကို အခြေခံ၍ ဘေးပတ်ဝန်းကျင်
ရှိ ကျွန်းများအား လည်ပတ်နိုင်သည့်ခရီးသွားလုပ်ငန်းများ၊ အဆင့်မြင့် ဟိုတယ်များ၊ အပန်ဖြေအနားယူနိုင်သည့်ဟိုတယ်ဇုန်များ၊ ဂေါက်ကွင်းများ ပါဝင်မည်ဖြစ်ကြောင်း ဦးမြင့်မောင်က ပြောသည်။လက်ရှိတွင် မြိတ်ခရိုင် အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့က ဒုံးညောင်မှိုင်းတွင် လုပ်ငန်းဖြစ်နိုင်ချေရှိမရှိနှင့် ပတ်သက်သည့်အချက်အလက် စုဆောင်းကောက်ခံထားပြီး တိုင်းအစိုးရအဖွဲ့သို့ တင်ပြထားကြောင်း ၎င်းက ဆိုသည်။

ကွင်းဆင်းစစ်ဆေးမှု အဆင့်ဆင့်ပြုလုပ်ရဦးမည်ဖြစ်ပြီး ဒုံးညောင်မှိုင်းကျေးရွာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ
ဆောင်ရွက်ရေးအတွက် ဒေသခံများနှင့်ကုမ္ပဏီကြား မြေယာကိစ္စများအား ညှိနှိုင်းဆောင်ရွက်ပေးရန် သမာဓိအဖွဲ့
ဖွဲ့စည်းထားကြောင်း ဝန်ကြီးက ပြောသည်။
သမာဓိအဖွဲ့တွင် တိုင်းဒေသကြီးစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဦးမြင့်စန်း နာယကအဖြစ်
ပါဝင်ပြီး လွှတ်တော်ကိုယ်စားလှယ်များက အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း ၎င်းက
ပြောသည်။”အဆင့်ကတော့ အများကြီးလိုသေးတယ်။ အခုကတော့ အချက်အလက်စုဆောင်းနေတုန်းပေါ့”ဟု ဝန်ကြီး
ဦးမြင့်မောင်က ပြောသည်။အချက်အလက်ကောက်ယူ ကွင်းဆင်းစိစစ်ခြင်း လုပ်ငန်းများ အဆင့်ဆင့်
လုပ်ဆောင်ပြီးနောက် သမာဓိအဖွဲ့၏ဆုံးဖြတ်ချက်အရ ဟိုတယ်ဇုန် လုပ်သင့်
မလုပ်သင့်ကို ပြည်ထောင်စု အစိုးရအဖွဲ့ထံသို့ သဘောထားမှတ်ချက် ပေးပို့ရမည်ဖြစ်ကြောင်း ဝန်ကြီးဦးမြင့်မောင်က
ပြောသည်။

ဒုံးညောင်မှိုင်းတွင် ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်း အစီအစဉ်(CBT)
တစ်ခုကိုလည်း တိုင်းအစိုးရအဖွဲ့၊ မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များနှင့်ဒေသခံများ ပူပေါင်းကာ ယခုနှစ် ခရီးသွားရာသီ တွင် အကောင်အထည်ဖော်နိုင်ရန်ကြိုးစားနေကြောင်း ဝန်ကြီးက ပြော
သည်။ရပ်ရွာအခြေပြုခရီးသွားလုပ်ငန်းနှင့် ဟိုတယ်ဇုန်ကို ကျွန်းတစ်ခုတည်းတွင်အကောင်အထည်ဖော်မည်ဖြစ်ရာ
သဘောတရားအရ လုပ်ငန်းတူဖြစ်သော်လည်း အပြိုင်အဆိုင်ဖြစ်မည်ကို စိုးရိမ်
စရာမရှိကြောင်း မြိတ်ခရိုင်ခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ပြောသည်။

“နှစ်ဦးနှစ်ဘက် အဆင်ပြေမှာပါ၊ပြဿနာတော့ မရှိပါဘူး။ နိုင်ငံခြားသား(ခရီးသွား)တွေကလည်း ရပ်ရွာကို တိုက်
ရိုက် အကျိုးပြုတဲ့ လုပ်ငန်းတွေကိုအားပေးတယ်။စိုးရိမ်စရာမရှိပါဘူး ”
ဟုဒေါက်တာသိန်းဆွေမြင်က ပြောသည်။လက်ရှိတွင် ဒုံးညောင်မှိုင်းကျွန်း ကို
ခရီးသည်များ သွားရောက်လည်ပတ်လျက်ရှိသည်။