တိုင်းအတွင်းရှိ ဆေးရုံအများစု ခွေးရူးပြန်ကာကွယ်ဆေး ပြတ်လပ်

0
1571

တိုင်းအတွင်းရှိ ဆေးရုံအများစုတွင် ယခုလမှစကာ ခွေးရူးပြန်ရောဂါကာ ကွယ်ဆေးများ ပြတ်လပ်နေပြီဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေးဦးစီးဌာနထံမှ သိရသည်။
ထားဝယ်ဆေးရုံကြီးနှင့် မြိတ်ဆေး ရုံကြီးတွင် ခွေးရူးပြန်ကာကွယ်ဆေးများ ပြတ်လပ်နေပြီး မြို့နယ်ဆေးရုံနှင့် တိုက် နယ် ဆေးရုံများတွင်လည်း ပြတ်လပ်လု နီးပါးရှိနေကြောင်း ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ အဖွဲ့ခေါင်းဆောင် ဆရာဝန် ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။
ခွေးရူးပြန်ရောဂါ ကာကွယ် ဆေး ပြတ်လပ်နေပြီဖြစ်သည့် အတွက် နိုဝင် ဘာလ ၁၉ ရက်မှစကာ ကာကွယ်ဆေး ကို မိမိအစီအစဉ်ဖြင့် ဝယ်ယူထိုးနှံကြရန် ထားဝယ်ဆေးရုံးကြီးတွင် ဗီနိုင်းပြားဖြင့် ကြေညာထားသည်။

ခွေးရူးပြန်ကာကွယ်ဆေးများကို ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေးဌာနထံ နှစ်လတစ်ကြိမ် တောင်းခံလေ့ရှိပြီး တစ်ကြိမ်လျှင် ကာကွယ်ဆေးအလုံးရေ သုံးထောင်ကျော် တောင်းခံကြောင်း ဒေါက်တာမြတ်ဖြူပြာအေးက ဆိုသည်။
အောက်တိုဘာလအတွင်းက တောင်းခံထားသော်လည်း လက်ရှိအချိန် ထိ ချထားပေးခြင်းမရှိသေးဘဲ ဗဟိုတွင် အစည်းအဝေးပြုလုပ်ပြီးမှသာ ကာကွယ် ဆေးရ၊ မရကို သိရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“ဗဟိုက ချပေးတဲ့ဆေးတွေကို ဆေးရုံအလိုက် ဆေးသုံးစွဲမှုအပေါ်မူ တည်ပြီး ပြန်ခွဲဝေပေးပါတယ်”ဟု ဒေါက်တာမြတ်ဖြူပြာအေး က ဆိုသည်။
ထားဝယ်ဆေးရုံကြီးတွင် တစ်ရက် လျှင် ခွေးရူးပြန်ရောဂါကာကွယ်ဆေးထိုး သူ ပျမ်းမျှ ၂၀ ဦးကျော်ရှိပြီး ခွေးကိုက် ခံရသည့် ဒဏ်ရာအခြေအနေအပေါ်မူ တည်ကာ တစ်ဦးလျှင် ဆေး ၂ လုံးမှ ၄ လုံးအထိ အခမဲ့ထိုးနှံပေးကြောင်း ထားဝယ်ဆေးရုံကြီး ပြင်ပလူနာဌာနတွင် တာဝန်ကျနေသည့် သူနာပြုဆရာမတစ် ဦးက ပြောသည်။

မြို့နယ်ဆေးရုံများတွင် ဆေးပြတ် လပ်ပြီးနောက်ပိုင် ထားဝယ်ဆေးရုံကြီး တွင် ဆေးလာထိုးသူ တစ်ရက်လျှင် ၃၅ ဦးခန့်အထိ ရှိကြောင်း ၎င်းက ဆိုသည်။
“အခုတော့ ဆေးပါလာတယ်ဆိုရင် ဒီမှာ အခမဲ့ ထိုးပေးပါတယ်၊ အရင်ကဆို ဆေးပါ ဝယ်စရာမလိုဘူး”ဟု အထက်ပါ သူနာပြုဆရာမက ပြောသည်။
ထားဝယ်မြို့ရှိ ပြင်ပဆေးခန်းအချို့ တွင်လည်း ခွေးရူးပြန်ရောဂါကာကွယ် ဆေးများကို ထိုးနှံပေးနေသည်။