ထားဝယ် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲလုံခြုံရေး ရဲအင်အား တစ်ရာကျော် သုံးမည်

0
767

ထားဝယ်မြို့တွင် နှစ်စဉ်ကျင်းပ လေ့ရှိသည့် တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲ လုံခြုံရေးအတွက် ရဲတပ် ဖွဲ့အင်အား တစ်ရာကျော် အသုံးပြုမည် ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။ ဘုရားပွဲတော် ကာလအတွင်း မြို့ဝင် မြို့ထွက်နေရာများနှင့် ဘုရားပွဲ တော်ကျင်းပမည့် နေရာများတွင် လုံခြုံ ရေးချထားမည်ဖြစ်ကြောင်း ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။

နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအား အန္တရာယ်ကင်းရှင်းစွာဖြင့် ကျင်းပနိုင်ရန် နှင့် အဖျက်အမှောင့်ရန်မှ ကင်းဝေးစေရန် အသေးစိတ် လုံခြုံရေးစီမံချက်ရေးဆွဲပြီး လုပ်ဆောင်နေကြောင်း ဒုရဲမှူးကြီး စိန်ဝင်း က ပြောသည်။ “ဘုရားပွဲတော်ကို အန္တရာယ်ကင်း ပြီး စိတ်ချမ်းမြေ့စွာ ဘုရားဖူးနိုင်ကြ အောင် လုပ်ထားတာပါ”ဟု ဒုရဲမှူးကြီး စိန်ဝင်းက ပြောသည်။ ဒေသတွင်း နာမည်ကြီးဘုရားပွဲဖြစ် ပြီး ဘုရားဖူးဧည့်သည်များ အများဆုံး လာရောက်ချိန်ဖြစ်သည့်အတွက် ရဲအင် အား အများအပြားသုံးစွဲမှုအပေါ် ကြိုဆို ကြောင်း ထားဝယ်မြို့ ဝဲကျွန်းမြို့သစ်နေ ဦးဇော်မင်းက ပြောသည်။

“ဘုရားလှည့်တဲ့ လမ်းကြောင်းထဲ ကို ဆိုင်ကယ်တွေ ဝင်ပြီးမောင်းနေတာ တွေကို တိတိကျကျလေး တားပေးဖို့လည်း လိုတယ်”ဟု ဦးဇော်မင်းက ဆိုသည်။ ယမန်နှစ်က ဘုရားလှည့်သည့် လမ်းကြောင်းတွင် ဆိုင်ကယ်အချို့ စီး နင်းသွားလာမှုများရှိပြီး ဒေသခံအချို့က ပြောဆို ဝေဖန်မှုများရှိသည်။ ထားဝယ်မြို့အတွင်း နှစ်ကျိပ်ရှစ် ဆူဘုရားလှည့်လည်ရာလမ်းကြောင်း တွင် (မြို့ဝင်မြို့ထွက်ရှိ ရဲအင်အားအပြင်) ရဲအင်အား ၅၀ ကျော် အသုံးပြုမည်ဖြစ် သည့်အပြင် ရပ်ကွက်များအတွင်း လှည့် ကင်း၊ ရပ်ကင်းများကိုလည်း အဖွဲ့ ၁၀ ဖွဲ့ဖြင့် သီးခြား ဆောင်ရွက်မည်ဖြစ် ကြောင်း ၄င်းက ဆိုသည်။ လုံခြုံရေးဆောင်ရွက်မည့် ရဲတပ်ဖွဲ့ ဝင်များကို အဖွဲ့များခွဲထားပြီး တိုင်းရဲ တပ်ဖွဲ့ထံ စကားပြောစက်များဖြင့် အမြဲ တမ်းသတင်းပို့ရန် ညွှန်ကြားထားကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ဆိုသည်။

အထက်ပါ လုံခြုံရေးအင်အားအပြင် ထားဝယ်ခရိုင်အတွင်းရှိ မြို့နယ်တစ်ခု လျှင် ယာဉ်တင်လုံခြုံရေး (ကားဖြင့်လာ ရောက်မည့် ရဲတပ်ဖွဲ့) အင်အား ၆ ဦးစီ အဆင်သင့်ပြင်ခိုင်းထားပြီး ခရိုင်နှင့် တိုင်း ရဲတပ်ဖွဲ့တို့တွင်လည်း ယာဉ်တင် လုံခြုံ ရေးများကို အဆင်သင့်ပြင်ထားမည် ဖြစ် ကြောင်း ဒုရဲမှူးကြီးစိန်ဝင်းက ပြောသည်။ ထားဝယ်တန်ဆောင်တိုင် နှစ်ကျိပ် ရှစ်ဆူဘုရားပွဲတော်ကို ယခုနှစ်တွင် နိုဝင်ဘာလ ၁၈ ရက်မှ ၂၂ ရက်အထိ ကျင်းပမည်ဖြစ်ပြီး နှစ်စဉ် တန်ဆောင် မုန်းလဆန်း ၁၄ ရက်ညတွင် နှစ်ကျိပ်ရှစ် ဆူဘုရားများ ထားဝယ်မြို့အတွင်း ည လုံးပေါက် လှည့်လည်ပူဇော်ခံလေ့ ရှိသည်။ အဆိုပါ ဘုရားပွဲကို မြန်မာနိုင်ငံ တဝှမ်းမှ ဘုရားဖူးခရီးသည် အများ အပြား လာရောက်လေ့ရှိပြီး အထူးစည် ကားလေ့ ရှိသည်။